Sunday, June 1, 2014

ခြေရာသိမ်းပြီ-မိုးမိတ်ဆီ



မနေ့က ပျဉ်းမနားကို အိမ်ကိစ္စနဲ့ခဏသွားရောက်ပြီး အဲသည်ကနေ ကျမသူငယ်ချင်းလေး ပွဲဈေးထွက် နေရာ လယ်ဝေး၊ ဖောင်တော်ချက်မဘုရားဝန်းထဲကို ဆိုင်ကယ်နဲ့ရောက်ခဲ့ရပါတယ်။ ပူလောင်ပျင်းပြတဲ့ နေရှိန်ကြောင့် ကျမသွားမည့်အချိန်ကလည်းနေ့ခင်း ၂ နာရီလောက်ရှိနေတဲ့ အတွက် မထွေးရဲ့အမဖြစ်တဲ့ မအေးက အရိပ်ရအောင် လမ်းဟောင်းက သွားလို့ ပြောလိုက်ပါတယ်။ သူပြောတဲ့အတိုင်း လမ်းဟောင်းကနေသွားတော့ ကုက္ကားပင်အရိပ်တွေဟာ ကျမကို အေးမြစေပါတယ်။ သို့ပေမဲ့ လမ်းဟောင်းဖြစ်သွားတဲ့အတွက် လမ်းတွေဟာ ချိုင့်တွေခွက်တွေ ဖြစ်နေတဲ့ အတွက် ဆိုင်ကယ်ဟာ တော်တော်လေး ခုန်ပေါက်ပြီး လမ်းသစ်တွေလို လျောလျောလျူ လျူမသွားခဲ့ရပါဘူး။ ပွဲဈေးတန်းက သူ့ဆိုင်ရောက်စကားစမြည်ပြောပြီး ပြန်ရမဲ့ခရီးကဝေးတဲ့အတွက် ညနေ ၃း၃၀ တွင်ဆိုင်ကထွက်လာပြီး ရည်ရွယ်ထားတဲ့အတိုင်း လမ်းသစ်ကနေပြန်လာပြီး ရွှေလက်လှ ဘုရားကို ၀င်ရောက်ခဲ့ပြီး ခေတ္တ တရားထိုင်ဖြစ်ခဲ့ပါတယ်။ ရွှေလက်လှဘုရားက ယခင်က ပြုပြင်မှုမရှိလို့ ဟောင်းနွမ်းနွမ်း ရင်ပြင်တွေနဲ့ အရောင်မိန်ခဲ့တဲ့ ဘုရားဟာ နေပြည်တော်ဖြစ်ပြီး ပြုပြင် မွမ်းမံထားတဲ့အတွက် အင်မတန်မှ သပ္ပါယ်ကြည်ညိုဘွယ်ဖြစ်နေပါတော့တယ်။ ကျမက ရွှေလက်လှ ဘုရားကို ဆွမ်းဆန်စိမ်းလောင်းပွဲတွေမှာ ထိပ်တန်းတေးသံသွင်းရဲ့ အန်တီဝင်းကောင်းမှုနဲ့ ရောက်ခဲ့ရသလို၊ ဆရာတော်ကြီးတွေလာပြီး တရားဟောတာတွေကိုလည်း နာခဲ့ရပါတယ်။
ဒါကကြုံလို့ ပြောဖြစ်လိုက်တာပါ။  ရွှေလက်လှတည့်တည့်ရှေ့ကလမ်းအတိုင်း မောင်းလာတော့ ဟော်တယ်ဇုံကိုဖြတ်ပြီး ကန့်ကော်ပန်းအ၀ိုင်းနားမှာကပ်ကွေ့လိုက်တယ်။ ဦးတည်ချက်ကတော့ လက်လုပ်တောင်ရွှေနန်းသွင်းစေတီတော်ဆီကိုပါ။ လမ်းတွေကချော-ကားလည်းရှင်းတော့ ဆိုက်ဆိုက် မြိုက်မြိုက် အချိန်တိုအတွင်းကျောင်းကိုရောက်သွားပါတော့တယ်။
မျက်လုံးကခပ်မွဲမွဲနဲ့မို့ ဆိုင်ကယ်ရပ်တာနဲ့ ကိုကျော်အောင်ကိုလှမ်းနှုတ်ဆက်လိုက်ပါတယ်။ အနီးနား ရောက်မှ ဆရာဦးထွန်းဝေရောက်နေတာသတိပြုမိပါတယ်။ ဆရာဦးထွန်းဝေဆိုတာ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကြွလေရာနောက်ကို လိုက်သွားပြီး၊ ပျဉ်းမနားလက်လုပ်တောင်မှာရှိစဉ်က အနီးကပ်ပြုစုပေးတဲ့ ဒယါကာတွေထဲမှ တစ်ဦးဖြစ်ပါတယ်။ ဝေလှံကုန်းက ကျမချစ်ခင်သော ဘိုးသန်း၊ ဘိုးသိန်းအမွာညီအကိုနဲ့ အခြားသူတွေတော်တော်များများကိုလည်း တွေ့ရပါတယ်။ ဘုရားပေါ်တက် ဘုရားကန်တော့ အမွှေးတိုင်ပူဇော်ပြီး စောစောပြန်မယ် မိုးချုပ်မှာစိုးလို့လုပ်နေပေမဲ့ ဆရာနဲ့စကားပြောဖြစ်တော့ တော်တော်နဲ့မပြန်ဖြစ်တော့ပါဘူး။
ဆရာဦးထွန်းဝေနဲ့ စကားပြောနေကြရင်းက ဆရာတော်ဘုရားကြီးရဲ့ တရားတပုဒ်ထဲက ဘုရားကလည်း နေနိုင်တယ်။ သကြားကလည်းနေနိုင်တယ်တရားကို ပြောမိပါတယ်။ အာမိသာအမွေနဲ့ ဓမ္မအမွေဘုရားပေးတဲ့ အမွေ(၂)မျိုးမှာ ငိုက်မွေမပါဘူးလို့ ဆရာတော်ကြီးက ဟောတယ်။ ကျမကတော့ အိပ်ငိုက်တတ်တယ်ဆရာ။ အာရုံကြောကလည်းအားနည်းတော့လို့ ပြောမိပါတယ်။ ကျမလည်း တရားနာရင် - မရီဘဲမနေနိုင်ဘူးလို့ပြောမိပါတယ်။ ဒီလိုကနေ ဆရာဦးထွန်းဝေနဲ့ စကားပြောကြရင်း မဟာမြိုင်ကနေ မိုးမိတ်ကို ဆရာတော်ဘုရားကြီးမကြွမှီ (၅)ရက်လောက်အလိုမှာ ဆရာက ဆရာတော်ကြီးထံ ရောက်ခဲ့ပါသတဲ့။ အဲဒီအခေါက်က ဆရာတော်ဘုရားကြီးခြေရာတော်တွေကို ဆရာက သူ့ကင်မရာမင်း(နာမည်တော့ပြောပြပါတယ်) နဲ့ ဓါတ်ပုံလိုက်ရိုက်ပါသတဲ့။ ခြေရာတွေ ဓါတ်ပုံရိုက်လို့ (၅-၆)ပုံလောက်ရိုက်ပြီးတော့ သတိထားမိလိုက်တာက နောက်ကဓါတ်ပုံရိုက်ပြီးသားခြေရာတွေဟာ ပျောက်ကုန်တာပါဘဲတဲ့။ ဒီတော့ဆရာက အကုန်သာရိုက်ကွာဆိုပြီး တပုံပြီးတပုံရိုက် နောက်ကလည်း ရိုက်ပြီးတာနဲ့ တပုံပြီးတပုံခြေရာတွေဟာပျောက်ပျောက်သွားတယ်တဲ့။ မဟာမြိုင်ရောက်ဖူးတဲ့သူတွေ ဆိုရင် သိကြမှာပါ။ ဆရာတော်ဘုရားကြီးဟာ သီတင်းသုံးရာကျောင်းပေါ်ကနေ ပုံညဝေသီဆွမ်းစားကျောင်းကို ကြွအလာနဲ့ ပြန်အကြွလမ်းမှာ မြေလမ်းလေးတွေအဆင့်ဆင့်ရှိပါတယ်။ အဲဒီမြေလမ်းလေးတွေထဲမှာ သဲလေးတွေခင်းထားပေးပါတယ်။ သဲတွေပေါ်မှာ ဆရာတော်ဘုရားကြီး ခြေရာဟာထင်ကျန်နေခဲ့ပါတယ်။ အဆင်းနဲ့အတက် တစုံတစုံပါ။ တထပ်တည်းယှဉ်နေပါတယ်။
အဲဒီခြေရာတွေကိုကြည့်ရင်လည်း သတိဘယ်လောက်တောင်မြဲတယ်ဆိုတာကို -မှန်းဆကြည့်နိုင်ပါတယ်။ အဲဒီခြေရာတွေဟာ ဓါတ်ပုံရိုက်ပြီးတိုင်း ပျောက်ပျောက်သွားတော့ ဆရာ့စိတ်ထဲမှာ တခုခုတော့ ထူးခြားတော့မယ်ထင်တယ်လို့ ထင်မိလိုက်ပါသတဲ့။ ပုံတွေထဲမှာလည်း ဘယ်ဘက်ခြေရာတွေသာဖြစ်ပြီး ညာခြေရာပါတာ ၂-ပုံတည်းတွေ့ရတယ်လို့ ဆိုပါတယ်။
ကျမကလည်း ကျမ မဟာမြိုင်တုံးက ဆရာတော်ကြီး ခြေရာ(၄)ပုံရိုက်ခဲ့တဲ့အခါ တပုံပေါ်မှာ ရာဇမတ်ကွက်လေးတွေလိုပေါ်နေပြီး အတက်ခြေရာပေါ်မှာသာပေါ်နေတယ်လို့ ပြန်ပြောမိပါတယ်။
တကယ်တော့ ဒီဘလော့ရေးတာဟာလည်း ဘိုးတော်အောင်မင်းခေါင်ကြီးရဲ့ တဖက်လှည့်နဲ့လမ်းညွှန် မှုတွေဖြစ်ပါတယ်။ ကျမကို နာမည်ကြီးမယ် ဘယ်နိုင်ငံတွေမှာလို့ပြောပါတယ် ဘာမှ အဆက်အစပ် မရှိ ကြီးစရာအကြောင်းမရှိတဲ့ အတွက် ကျမက မဖြစ်နိုင်ပါဘူးလို့ဘဲ စိတ်ထဲမှာထား လိုက်ပြီး၊ ကျမဆရာမကို ဘာမှ တော့ ပြန်မပြောမိခဲ့ဘူးပေါ့။နောက်(၂)လလောက်ကြာတော့ အလိုလို-ဆရာတော်ဘုရားကြီးအကြောင်းကို ဘလော့အဖြစ်ရေးမိလာတာပါဘဲ။ သူတို့လမ်းညွှန်တာဆိုတော့ အလိုလို ဘလော့ကိုပြင်ပေးတဲ့ အာကာဖြိုးနည်းပညာကလည်း အွန်လိုင်းကနေတဆင့် ပြင်ပေးပါတယ်။ ဒီလိုဘဲ စင်္ကာပူက ဓမ္မလင့် ကိုကျော်ဇေလှကလည်း ကျမကွန်ပြူတာမှာ ဘက်ထရီ ပျက်လို့ အဆင်မပြေဖြစ်နေတာကို အကူအညီပေးခဲ့ပါတယ်။
ဆရာနဲ့ တခြားအကြောင်းအရာတွေလည်းပြောဖြစ်ပါတယ်။ ဆရာပြန်ရောက်ပြီး (၃)ရက်လောက်ကြာတော့ ဆရာတော်ဘုရားကြီး မိုးကုတ်ကိုကြွသွားတဲ့အကြောင်းကို သိခဲ့ရပါ တယ်တဲ့။ ဆရာတော်ဘုရားကြီးရဲ့ အိမ်မက်ဖြင့် ပြောသောစကားများစာအုပ်လေးကို ကျောင်းကနေ ပြန်ဝယ်လာခဲ့သလို မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို ဖော်ညွှန်းထားတဲ့ ရတနာ့စစ်တမ်းစာအုပ်ကိုလည်း ၀ယ်ယူခဲ့ပါတယ်။ ဆရာရှိမှ ၀ယ်ရတာအဆင်ပြေတယ်လေ။ အခုလည်း ဆရာတော်ဘုရားကြီး တရားတွေကိုဆက်တိုက်နာယူမိတယ်။ အဓိကပြောတာကတော့ မတွေးဖြစ်အောင် မတွေးဖြစ်မှ ကိုယ့်စိတ်ကိုကိုယ်ပိုင်မယ်ဆိုတာကို ထပ်ခါထပ်ခါကြားနာရပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts