Sunday, April 21, 2013

ဖုန်းကညာတစ်ပါး လုံးရာက ပြားခဲ့ရပါပေါ့




လွန်ခဲ့တဲ့ (၄)လလောက်ခန့်က ကျမ ဆရာတော်ဘုရားကြီးရေးသားထားတဲ့ ဥလ္လမ္ပတု ဘိက္ခုဘာဝ ကထာကို ဖတ်ပြီးကတည်းက ဒီတရားကို အတော်ကို ကြိုက်နှစ်သက်ခဲ့မိပါတယ်။ ကြိုက်နှစ်သက်ရခြင်းအကြောင်း ကလည်း ဆရာတော်ဘုရားကြီးဟာ မိမိ ၀ိရိယလျော့နည်းသွားတဲ့အတွက် အိမ်မက်လာပေးတာကို မညှာမတာ အမှန်အတိုင်း ကိုယ့်ကိုကိုယ့်ရှုမြင်ပြီး ပွင့်ပွင့်လင်းလင်းဝေဖန်ရေးသားထားတာမို့ နှစ်ခြိုက်လို့ဖြစ်ပါတယ်။ သို့သော် ခေါင်းစဉ်အရ ကျမအတွက်အနည်းငယ်လေး တင်ပြရမှာတမျိုးဖြစ်နေခဲ့ပါတယ်။ ကျမသူငယ်ချင်းတစ် ဦးကလည်း ဆရာတော်ဘုရားကြီး ဓမ္မောဝါဒကထာတွင် အရေးအသား အသုံးအနှုန်းကြမ်းသည်ဟု ဝေဖန်ခဲ့ဘူးရာ ကျမအတွက် ပြန်လည်တင်ပြရန် အနည်းငယ်တွန့်ဆုတ်နေမိပါသည်။
သို့သော် ၁၂ ရက်နေ့ဧပြီလတွင် ချမ်းမြေ့ရိပ်သာ၊ အနီးစခမ်း၊ ပြင်ဦးလွင်သို့ ရိပ်သာဝင်ရန် ကျမနှင့် ကျမအား ကမကထ ပြုသည့် ကျမ၏သူငယ်ချင်း ဒေါ်ချိုချိုခိုင်သည် ကျမတို့ တက္ကသိုလ်တက်ဖက်ဖြစ်သော ကိုသန့်စင်၊ ဒေါ်ခင်သက်မာတို့ အိမ်သို့တရားမ၀င်မှီ ရောက်ခဲ့ကြပါသည်။ သူတို့၏ဆိုင် Snow Queen ကား ချမ်းမြေ့ရိပ်သာသို့သွားသောလမ်းအ၀င်တွင်ရှိသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဒေါ်ခင်သက်မာမှ ကျမတို့အား လဘက်ရည်ဆိုင်တစ်ဆိုင်တွင် ရှမ်းခေါက်ဆွဲနှင့်ဧည့်ခံရင်းမှ သူမသည် ဖားအောက်တောရတွင် ဆရာတော်ဘုရားကြီး ဦးအာစိဏ္ဏကြွလာစဉ် တစ်လတိတိ တရားထိုင်ဖြစ်ကြောင်းနှင့် တရားစခမ်းတွင် ကြုံခဲ့ရသော ယောဂီတပါး၏အတွေ့အကြုံကို ပြောပြပါသည်။
ယောဂီကား အမျိုးသမီးတစ်ဦး ၊ သူမသည် ဖားအောက်တော၇တွင် တရားအားထုတ်ရာတွင် ဈာန်အဆင့်ဆင့် ပိုင်နိုင်လာသောအခါ သူမ၏ ဘ၀နောက်ကြောင်းကို ပြန်လည်၍ ကြည့်ရှုလေသည်။ ထိုအခါ သူမသည် အရင်ဘ၀မှ ရဟန်းတစ်ပါးဟုသိလာရသည်။ ဆက်လက်၍ သူမ၏ဘ၀သည် ရဟန်းဘ၀ကနေ ဘယ်လိုကြောင့် မိန်းမဘ၀သို့ရောက်ရှိလာသနည်း ဆက်လက်၍ ကြည့်သော်၊ ထိုရဟန်းအိုသည် ဘ၀နတ်ထံပျံလွန်ခါနီးသော် ၊ အသက်(၇၀)အရွယ် ဒကာမအရင်းအချာသည် လာရောက်၍ပြုစုပေးလေသည်။ ဒကာမကြီးကား အသက်(၇၀) ရှိပါသော်လည်း အလှမပျက်သေးပေ။ အိုသာအိုသော်လည်း လှဆဲပင်ဟုဆိုသည်။ ထိုကြောင့် ရဟန်းတော်သည် ပျံလွန်တော်မူခါနီးသော် လှပသော မိန်းမဘ၀ကိုနှစ်သက်သော စိတ်ဖြစ်မိလေသည်။ ထိုစိတ်ဖြင့်စုတိလေသော် ဖုန်းကညာတစ်ပါး လုံးရာမှ ပြားရလေသတည်း။ သာယာမိသောအစွဲသည် ဘ၀တစ်ခုကို သွက်သွက်ခါအောင် 
ပြောင်းလဲသွားစေပါသတည်း။
သြ- တကယ်ကို ဖုန်းကညာ တပါးမှ လုံးရာမှ ပြားသွားပေခြင်းကိုး၊ ထို့ကြောင့် ဆရာတော် ဘုရားကြီး၏ ဖုန်းကညာတစ်ပါး လုံးရားကပြားခဲ့ရပါပေါ့ တရားအား တင်လိုက်ခြင်းဖြစ်ပါသည်။........

ဇင်းကျိုက်၏ ကျောက်ခမောက်မှသည် ပန်းကုန်းသို့ဆင်းကာ နှစ်ညတာနေခဲ့ရ၏။ ဆွမ်းဒကာ ဆွမ်းအမများ ချွေးသိပ်ပေးရန် တရားဟောခြင်း၊ အလှူခံခြင်းများဖြင့် ပြီးပြေ၏။ လဆန်း(၁၄)ရက်နေ့ထွက်လာခဲ့ပြီး ရန်ကုန် သာသနာ့ ဗိမာန်သို့ တစ်လမျှနေ၍ မယ်တော်ကြီးနှင့်တကွ ရန်ကုန် ဒကာ-ဒကာမများသို့ တရားမိုး ရွာသွန်းပေးခဲ့၏။
ပြီးသော် ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်အထူးကုဌာနမှ ဆရာဝန်ကြီး ဒေါက်တာဦးစိုးမြင့် (ယခုအခါ ကွယ်လွန်) ၏ လျှောက်ထားချက်အရ ၁၃၄၆ ခုနှစ်၊ ၀ါဆိုလဆန်း ၄ ရက်နေ့တွင် ဖူးကြီး သံသုမာရတောင်သို့ နှစ်ဝါမျှနေရ၏။ ရှမ်းတို့နေရာ ဒေသဖြစ်သဖြင့် အေးဆေးငြိမ်သက်၏။ တရားကို မနှောက်ရှက်။ ရန်ကုန်ကို လည်း ၀ါဆို၊ တန်ဆောင်မုန်း၊ တပေါင်းတို့၏ လပြည့်နေ့သာ လက်ခံထားရ ထိုအတွင်းမလာချေ။
အားထုတ်၏။ တစ်အားထုတ်၏။ ညှစ်အားသုံး၍ထုတ်၏။ သို့တစေလည်း တစ်ဝါတွင်းလုံး သွေးဝမ်းရောဂါရနေချေရာ ထင်သလောက် ခရီးမပေါက်တတ်။ အစာအိမ်က လုံးဝအလုပ်မလုပ်တော့။ ဆိုင်းကြိုးပြုတ် ဗူးသီးကြီးပမာ မလှုပ်မယှက် အောက်သို့တွဲကျလျက်။ သို့ကြောင့် မိုးသည် ထိုးစစ်အား မကောင်းလှသေး။ဆောင်းကာလသည် အေး၏။ သို့သော် ခံနိုင်ရည်ရှိသော အေးမြခြင်းသာဖြစ်၏။ ထို ဆောင်းကာလသည် ငါ့ကို အခွင့်အရေး အပေးဆုံးဖြစ်နေရာ ညနေ့မပြတ် တရစပ်အားထုတ်သာ၏။ (ထိုသို့ အားထုတ်သာရန် ဆွမ်းကို ၁၁ လုပ်မှ ၁၀ လုပ်အထိလျော့ချထား၏။ သို့ကြောင့်ပေါ့ပါးလာ၏။ အအိပ်နည်းပါးလား၏။ မအိပ်ဘဲ နေသည်အထိ သန့်ကြည်စွာ ရလာ၏။

ညကို စင်္ကြန်ကမ္မဌာန်းက တာဝန်ယူကာ နယ်သိမ်းပေး၏။



နေ့ကို ထိုင်ကမ္မဌာန်းက တာဝန်ယူကာ အုပ်ချုပ်ပေး၏။

သို့ကြောင့် ငါ့ ဥလ္လုမ္ပတု အလုပ်သည် အရပ်ဘက်နှင့် တပ်ဘက်တာဝန်ညီသော တိုင်းပြည်ပမာ သာယာ ရှင်းလင်းနေ၏။ သို့သော် တန်ဆောင်မုန်းလပြညန့် ရန်ကုန်တို့ လာတို့ထိကြလေရကား ဆပ်ပြာ ပူပေါင်း သာသာမျှသော ငါ့ဥလ္လုမ္ပတု အကွဲအပြဲတို့ဖြင့် မရှုမလှ ကျန်နေရစ်ခဲ့ရပြီ။

တစ်ဖန် တန်ဆောင်မုန်း၏ လေးလလုံးလုံး နေသဇ္ဇိကဓူတင်အကူဖြင့် ညမအိပ် နေ့မနား အားထုတ်၏။ အားထုတ်တိုင်းလည်း ရ၏။ သို့သော် သတိစပ်ရုံသာရှို စိုက်အားသုံးမရခြင်း၊ မာန်ဝင်နေခြင်း၊ ဖြစ်-ပျက် မမြင်သာခြင်းကြောင့် ရေနှင့်လှေ ငြိလျက်က နေချေပြီ။



တစ်ရက်တင်းတင်းအားထုတ်၏။ မရ။ နှစ်ရက်…။ သုံးရက်….။



ကဲ… မရအတူတူ ပစ်လှဲအိပ်သကွာ။ တစ်ယောက်တည်း စိတ်တွင်းမှ ရေရွတ်ကာ တစ်ည ခုတင်ပေါ်ဝယ် ပစ်လှဲချလျက်က အိပ်ပျော်သွားတော့ရာ-



မိန်းခလေး ကျောင်းဆရာမ ဆယ်ယောက်ခန့်ဝင်လာကြ၏။ ထိုအားလုံးတို့သည် ငါ့ထံရှိ သင်္ကန်းများတို့တွင် ဧကသီကို ဦးစွာဆွဲချွတ်ကြ၏။ ပြီးသော် သင်္ပိုင်ကို ဆွဲချွတ်လိုက်ကြ၏။ ပြီးသော် ကျောင်းစိမ်းထမီကို  စွပ်ပေး- ၀တ်ပေးကြ၏။ အောက်ပိုင်းကိစ္စပြီးသည်နှင့် အပေါ်ပိုင်းကိုလည်း အတွင်းခံအင်္ကျီ၊ ပြီးနောက် အပေါ်ဖုံးအင်္ကျီများ ၀တ်ဆင်ပေးသွားပြီး ထွက်ခွာသွားကြတော့၏။  ငါကား မိန်းမ အ၀တ်အစားဖြင့် ပက်လက်။



မိန်းမလောက်မှ ဇွဲသတ္တိမရှိသော သည် ဥလ္လုမ္ပတု။



မိန်းမလောက်မှ ဥာဏ်မပါသော သည် ဥလ္လုမ္ပတု။



ရှုကြပါ၊ အရပ်ကတို့။ တောထွက် ကိုယ်တော်ကြီးကနေ မိန်မဘ၀ ရုတ်ချည်းကူးပြောင်းသွားပြီကိုး- ဟု ဆရာတော်ဘုရားကြီးမှ စီကုံးထားပေးသည်။

ရခဲလှသော လူ့ဘ၀၊ လူ့ဘ၀မှာမှ ရဟန်းဘ၀၊ အင်မတန်မှ ရခဲလှသော ရဟန်းဘ၀။ တစ်ခါက ဖတ်ဖူးသော ဗန်းမော်ဆရာတော်နှင့် သီလရင်မယ်ကင်း အပြန်အလှန်ပြောဆိုတာကို သွားသတိရမိပါသည်။ ဗန်းမော်ဆရာတော်၏ ထိထိမိမိသုံးနှုန်းသွားသည်ကို စာဖတ်သူအများစုသိကြပါမည်။ တခါတရံ ကျမနှင့် အဆက်အသွယ်ရှိသော ဦးဇင်းများသည် လူမှုအကျိုးပြုလုပ်ငန်းများလုပ်လိုကြောင်း၊ အများအကျိုးအတွက် စာသင်ကျောင်းများဖွင့်လိုကြောင်း ပြောဆိုတိုင်းကျမသည် ရဟန်းဘ၀၏ အရေးကြီးဆုံးသောအလုပ်ကို သာ ဦးစားပေးလုပ်ရန် တိုက်တွန်းမိပါသည်။ ကျမတို့ကား ရဟန်းဘ၀ဝေးစွ ယောင်္ကျားဘ၀ပင်မရ။ စိတ်အစွဲလိုက်၍ ယောကျာ်းပင် မဖြစ်။  ယောက်ျားလည်းဖြစ် ရဟန်းဘ၀လည်းရ။ ကိုရင်ဘ၀တွင် ဒုက္ခပေါင်းစုံငယ်စဉ်မှ ခံကာ ဦးဇင်းဘ၀ရောက်လာ၏။ ပညာများလည်း တတ်လာကြကုန်၏။  မိမိနိုင်ငံတွင်သာမက၊ နိုင်ငံခြားတွင်အထိ။ တော်ကြပါပေ၏။ သာသနာလည်းပြုနိုင်ကြပါပေ၏။ ကျမကတော့ ကျမနှင့် ဆက်နွယ်လျက်နေသော ရဟန်းတော်များအား စရဏအား ရဟန်းဘ၀ရစဉ်အတွင်း အလေးထားလုပ်ရန် အကြံပေးလိုက်သည်သာဖြစ်သည်။ ကြိုက်လိုခြင်မှ ကြိုက်မည်။ လုပ်လိုရာလုပ်ပါစေဦး… စရဏမည်သည် သစ်တပင်ကောင်း ငှက်ပေါင်း သိန်းသန်းနားနိုင်ပါသည်။ စရဏအားမြင့်လာလျင် မိမိကိုအမှီပြု၍ ကျွတ်ကျ လွတ်ကျ၊ ဆုပန်ကျ တောင်းဆုတွေပြည့်ကျနှင့် မည်မျှဟန်ကြ ပါသနည်း။ မည်မျှ မြင့်မြတ်ပါသနည်း။ မြတ်စွာဘုရားထားသော လမ်းစဉ်တွင် ဘုရားစကားကိုနားထောင်ခြင်း၊ ဘုရားလမ်းစဉ်ကိုထိမ်းသိမ်းခြင်းက မြတ်စွာဘုရားသစ္စာလေးပါးတရားကို ကျင့်ရကျိုးနပ်မည်ဟုသာယူဆပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဝေဘူဆရာတော်ဘုရားကြီး တရားဟောလျင် လိုသော ဗောဓိဆုကို ဆုတောင်းကြဗျာဟု အမြဲထည့်ဟောကြောင်း မကြာခဏ မိန့်လေ့ရှိသည်။ မည်မျှအရေးကြီးသည်ကိုလည်း မိန့်သည်။ လိုသောဗောဓိဆုကို ဖြည့်ပေးနိုင်သော အလှူခံပုဂ္ဂိုလ်ဘ၀ ကား အရိပ်ကြီးမားသော သစ်ပင်အုပ်ကြီးသာ ဖြစ်သည်မဟုတ်ပါလော။
အကယ်လို့များ ရဟန်းကတော့ ဖြစ်ပါရဲ့။ စရဏမခိုင်လို့ နောက်ဆုံးအချိန်မှာ စိတ်ယိုင်သော မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးမိန့်ကြားသကဲ့သို့ ဖုန်းကညာတစ်ပါး လုံးရာကလည်းပြားနိုင်ပါသည် စွဲနစ်သည့် စွဲလျင် နစ်သွားခဲ့သည်ရှိသော်…..
ကျမတို့ကော ဆရာတော်ဘုရားကြီး မိန့်သကဲ့သို့ အောက်လမ်းသွားမလို့လား၊ အောက်လမ်းသွားမှာလား အထက်လမ်းသွားမှာလားဆိုသကဲ့သို့.......
အရှုံးတရားနှင့်ရင်ဆိုင်မည်လော သို့မဟုတ် ကိုယ့်ကိုကိုယ်ဆယ်မည်လော။
 

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts