Thursday, April 11, 2013

မိုးမိတ် မပဒါန်တွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးစဉ် ကြည်ညိုဘွယ်ရာ ပုံရိပ်များ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနောက်က ဦးသောမ(ထားဝယ်) ဘေးက ဦးသန်းလှ(တိံကြား)တို့ ဆွမ်းခံရာနောက် ကောက်ကောက်ပါလျက်

အမှန်တော့ ဒီပုံက ဦးသောမ(ထားဝယ်)က ဆရာတော်ဘုရားကြီးကို လှူဘွယ်တွေကပ်နေတဲ့ပုံပါ။ ဘာဆုတောင်းမလဲဆိုတာတော့ မေးဘို့မလိုပါဘူး နိဗ္ဗာန်ဆုအသေအချာပေါ့ရှင်။

အုပ်လိုက်အသင်းလိုက်တိုးဝှေ့နေတဲ့ လူထုကြီးကြားထဲမှာ အနောက်က ယပ်တောင်ကြီးကိုင်လိုက်နေတာက အရှင်သောမပါဘဲရှင်။

မိုးမိတ်ကလူတွေက တကယ်တော့ အခွင့်ထူးခံစားရတာပါ။ ကျမတို့က မဟာမြိုင်တောကြီးထဲကိုလိုက်သွားပေမဲ့ ဆရာတော်ဘုရားကြီး ပြုံးတာလေးတောင် မမြင်ခဲ့ရပါဘူး။ စကားပြောတာလဲ မမြင်ခဲ့ရပါဘူး။ ဒီလူတွေကတော့ ကံထူးလွန်းလို့ နောက်ကမခွာဘဲ ပြုံးပီတိတွေဝေနေတာ မနာလိုစရာပါဘဲနော်။

နောက်တော်ပါးကမခွာ မျက်စေ့အောက်ကပျောက်မှာကို စိုးလောက်အောင် ထပ်ချပ်မကွာ ဆရာတော်ဘုရားကြီးနောက်က ကပ်ပါနေတာကတော့ ယခုအခွေကို ဓမ္မဒါနလုပ် ကိုယ်တိုင် တေးတွေသီကုံး၊ ကိုယ်တိုင်လည်း ၀င်ဆိုတဲ့ တိံကြား ဦးသန်းလှ ကြီးပါဘဲရှင်။ သူ့ကောင်းမှုကြောင့် ဒီအခွေလေး ကြည့်ရ သာဓုခေါ်ရ ကိုယ်လည်းစိတ်တွေကြည်လင်အေးချမ်းပြီး အကြိမ်ကြိမ် သာဓုခေါ်ခဲ့မိပါတယ်ရှင်။

ဆရာတော်ဘုရားကြီးကို လှူဘို့တန်းဘို့ နိဗ္ဗာန်ရောက်ကြောင်း ဆုတွေတောင်းဘို့ တသီတတန်းကြီး စောင့်နေကြတဲ့ ကြည်ညိုဘွယ်ရာ မယ်သီလရင် ဆရာလေးပေါက်စလေးတွေပါဘဲ။ ချစ်ဖို့လည်းကောင်း ကြည်ညိုဘို့လည်းကောင်း။

ဆရာတော်ဘုရားကြီးလက်ထဲက အထုပ်လေးကို သေချာကြည့်ကြနော်။ ဒီအထုပ်လေးဟာ ငါဒီနေရာကသွားတော့မယ်လို့ ပြောသလိုဘဲဆိုတာ ဘယ်သူကမှ မထင်ကြဘူး။ အဲဒီအထုပ်လေးထဲမှာ ပုတီးတွေ နမောလေးချက်ဆွဲပြားတွေ နေကထိုင်တွေထည့်ထားပြီး ကားပေါ်မှာ ပုတီးတရားတွေဟော ပစ္စည်းတွေကို ဒကာတွေကို စွန့်ပြီး ရည်မှန်းထားတဲ့ မမြင်ရ မြင်ရတွေ ကျွတ်ကုန်တာတွေကြောင့် နောက်နေ့မှာ ဘယ်သူမှ မသိခင် ဆရာတော်ဘုရားကြီးဟာ မပဒါန်ကို စွန့်ခွာသွားတယ်လို့ တိံကြားဦးသန်းလှက ၀မ်းနည်းဘွယ်ရာ စာစီဖွင့်ဟထားပါတယ်။ အဲဒီအိတ်ကလေးဟာ ဒကာတွေ ဒကာမတွေကို ထားခဲ့တော့မယ်ဆိုတဲ့ အဓိပ္ပါယ်လေးပါဘဲရှင်

တိံကြားဦးသန်းလှကို ဆရာတော်ကြီးက တိံကြားကတောကြားရောက်နေပါလားလို့ နောက်တော်မူပါတယ်။ ဆရာတော်ကြီးဘေးမှာ တောက်တဲ့ကပ်သလိုကပ်ပြီး ကုသိုလ်တွေအများကြီး ယူသွားတာက တိံကြားဦးသန်းလှချည်းပါဘဲ။ သူယူယုံတင်မက အများတကာ ကုသိုလ်ယူနိုင်အောင် ထပ်ဆင့် ဓမ္မဒါနပြုသွားတဲ့ ဦးသန်းလှကြီးရဲ့ ကောင်းမှု အစုစုကို သာဓု သာဓု သာဓုခေါ်လိုက်ရပါတယ်ရှင်။

ဆရာတော်ဘုရားကြီးတခုခု မိန့်နေတဲ့ပုံပါဘဲ။ အားကျစရာကောင်းပါတယ်။ ကျမတို့ကတော့ မရောက်နိုင်ခဲ့ဘူးလေ။
ယခုပုံလေးတွေဟာ တိံကြားဦးသန်းလှ၊ မိုးမိတ် မပါဒါန်ဂူကိုလိုက်သွားပြီး ဆရာတော်ဘုရားကြီးနောက်တော်ကနေ ထပ်ချပ်မကွာ နေ့တိုင်း ဆွမ်းခံလိုက်သွားတာတွေကို မှတ်တမ်းတင်ထားတဲ့အခွေထဲက ပုံတွေဖြစ်ပါတယ်။ ကျမ အခွေကူးတာကို စောင့်နေရင်း တဖက်ကလည်း ဟိုတနေ့က အဲဒီဗွီဒီယိုခွေထဲကနေပြီး ပုံတွေကိုကင်မရာနဲ့ပြန်ရိုက်ထားခဲ့တာပါ။ အဲဒီပုံတွေထဲက ကောင်းနိုး ရာရာလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်ရှင်။ အခု မြန်မာစံတော်ချိန် မနက်(၁)နာရီရှိပါပြီ။ မနက်ဖန် မနက်(၄း၃၀)ထ ၊ (၆)နာရီကားအမှီပြေးရဦးမယ်။ ဘယ်လိုဖြစ်ဖြစ် ကျမ ချမ်းမြေ့ရိပ်သာမသွားခင်မှာ ဆရာတော်ဘုရားကြီး၏ ပုံတွေကို ကြည့်ရင်း ကြည်ညိုသဒ္ဓါပွားနိုင်ပါစေဆိုတဲ့ ဆန္ဒနဲ့တင်ပေးလိုက်တာဖြစ် ပါတယ်။ ပုံရိပ်တွေမကောင်းရင် သီးခံပေးကြပါ။

2 ဖတ်သူများပြောစကား:

  1. ဒီဆရာတော်ဘုရားကို မြင်ဖူးတယ် ဒါပေမယ့် မသိဘူး
    ကျွန်မက တရားတော်လဲ တခါမှ နားမထောင်ဖူးတော့ ဘယ်သူဘယ်ဝါ ဆိုတာလဲ မသိဘူး ...
    မိုးကုတ်ဆရာတော်ကြီး က နာမည်ကြီးခဲ့တယ်ဆိုတာလဲ မိုးကုတ်မှာ
    နေတုန်းက လုံးဝမသိခဲ့ဘူး ... နိုင်ငံခြားရောက်မှပဲ သိတော့တယ်
    ဒီဆရာတော်ကြီးကိုလဲ ကျွန်မမသိခဲ့ဘူး
    ဒါပေမယ့် တခါမြင်ဖူးရင် မေ့မရတဲ့ပုံစံတော့ ပေါ်တယ်
    ဆရာတော်ရဲ့ မျက်ခုံးမွေးဖြူဖြူကိုတော့ မှတ်မှတ်ရရ ပါပဲ
    ပြီးတော့ ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ မေတ္တာတရားကြီးမားတဲ့ သူလို့ပဲ စိတ်ထဲမှာ မှတ်ချက်ပြုခဲ့တယ်

    ReplyDelete
  2. သိခြင်း မသိခြင်းထက် ညီမရေ သံဃာ့ဂုဏ်ကိုကိုးကွယ်ပါ။ သံဃာကိုကိုးကွယ်တာကို ဆရာတော်ဘုရားကြီးက အင်မတန်တိုက်တွန်းပါတယ်။ မေတ္တာတရားက တကယ်ကြီးမားသူပါ။ ရဟန္တာလို့ဗမာပြည်မှာ တအားနာမည်ကြီးပါတယ်။ သို့သော် မည်သူမှဆုံးဖြတ်လို့မရပါ။ ဆရာတော်ဘုရားကြီးသာသိပါတယ်။ မေတ္တာပို့တာကို မြန်မာစံတော်ချိန် ည(၇)နဲ့ (၈)နာရီကြားမှာ ခံယူလို့ရပါတယ်။ စိတ်တန်ခိုးအားဖြင့်တော့ ဘယ်လောက်ပိုင်နိုင်တယ်ဆိုတာ ထူးခြားသောစိတ်စွမ်းအင်နဲ့ ထူးဆန်းသော ပုံများတွေမှာ ဖတ်ကြည့်ပါနော်။ ကျမက ဘာတခုမှ အတုမလုပ်ခဲ့ပါဘူး။ ခြေရာတော်တောင် တမင်ကို မတင်ဘဲချန်ထားတာပါရှင်။ ဘုရားသားတော်များ တကယ်ကျင့်ကြံ တကယ်သက်သေခံခဲ့ကြပါတယ်။ ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံတာကိုက ဆရာတော်ကြီးရဲ့မေတ္တာကိုအနီးကပ်နေသူများ သိကြပါတယ်။

    ReplyDelete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts