Tuesday, February 19, 2013

မထင်မရှားပေမဲ့ စိတ်ဝင်စားစရာ ဘုရားအမှတ် ၂၁၀၆ နှင့် ထူးဆန်းသောပုံ

ချုံနွယ်များဖြင့် ဖုန်းအုပ်နေသော ဘုရားအမှတ် ၂၀၁၆ အား တူးဖော်အပြီး မြင်ကွင်း
နဂါးသုံးကောင်ခေါင်းအား အောက်မှ ထောက်ပံ့ထားသော သူငယ်တော်ရုပ်ပုံအား မြင်ရစဉ်

(၁၁.၂.၂၀၁၃ နေ့တွင် ဘုရားအား ထပ်မံပြုပြင်နေသော မြင်ကွင်း)




ကျမပုဂံသွားတိုင်း အားတဲ့ခလေးများက ကျမကို ဆိုက်ကယ်နဲ့သွားလိုရာကိုလိုက်ပို့တတ်ပါတယ်။ အဲဒီခလေး များထဲက သော်သော်ဆိုတဲ့ကောင်လေးရဲ့ မြစေတီ ဧရာဝတီကမ်းနဘေးနားက ခြံကို ကျမလမ်းကြုံ လို့လိုက်ကြည့်မိပါတယ်။ သူ့ခြံဘေးမှာ ဘုရားတဆူတွေ့တဲ့အတွက် ကျမက စိတ်ဝင်စားလို့ ဘုရားပေါ်လိုက်ပို့ခိုင်းတဲ့အခါ ထူးထူးခြားခြား သူငယ်တော်ရုပ်တရုပ်က နဂါးသုံးကောင်ကို ထမ်းထားတဲ့ပုံကို မြင်ခဲ့ရပါတယ်။ ကျမလည်း ခပ်ထူးထူးဆန်းဆန်းတွေကိုမှ စပ်စုတတ်တဲ့ ဥာဉ်အတိုင်း စိတ်ထဲမှာ မှတ်သားထားခဲ့ပါတယ်။ နောက်တခေါက်ကြမှ သေသေချာချာဖူးမယ်ပေါ့။
အမှတ်မထင် ကျမမနက် ၉း၀၀ ထဲက ညောင်ဦးကနေ သဗ္ဘူလဘုရား၊ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ တရုပ်ပြေးမင်းဘုရားတွေကို အကုန်ဘုရားတဆူကနေ တဆူပူဇော်သွားပါတယ်။ နောက် ပုဂံမြို့သစ်ဖက်ကနေ ပြန်ပတ်ပြီး မနူဟာဘုရားကိုဝင်ရောက်ပူဇော်ပြီး သော်သော်အိမ်ကိုဝင်ခဲ့ပါတယ်။ ကျမဒီတခါ ကင်မရာပါတော့ မှတ်တမ်းတင်မယ်လို့ စိတ်ကူးထားတာကြောင့်တကြောင်း ၀င်ဖြစ်သွားတာပါ။
အဲဒီဘုရားကို ပြန်လည်ပြုပြင်သူက ဗိုလ်ချုပ်တင်ငွေနှင့် မိသားစုတို့ဖြစ်ကြပ်ါတယ်။ ဘုရားမှာ မူလပုံတော်တွေကို ကျမမှတ်တမ်းတင်ရိုက်တဲ့အခါမှာ ပလပ်စတစ်အုပ်ထားတဲ့ အတွက်ရော၊ ဘုရားပြုပြင်နေတဲ့ အတွက် မီးချောင်းတွေထွန်းထားလို့ အလင်းရောင်ပြန်နေတဲ့အတွက်ရော၊ ပုံတွေကိုတော့ အဆင်ပြေသလို ရိုက်ခဲ့ရပါတယ်။ မြန်မာမူလက်ရာအပြင် ထူးဆန်းတဲ့ အသွင်အပြင် သူငယ်တော်က နဂါးကိုထမ်းနေတဲ့ပုံဖြစ်လို့ တမူထူးတဲ့ဘုရားလို့ဆိုခြင်ပါတယ်။
ယခုလို ရုပ်ဝတ္တုတွေလွမ်းမိုးလာတဲ့ခေတ်ကာလမှာကို ရွှေစည်းခုံစေတီတော်ကို မနက်ခင်း အလင်းရောင်မလာခင် ဘုရားဖူးကောင်လေးတစ်ဦးက ဓါတ်ပုံရိုက်တဲ့အခါ ဘုရားရဲ့ ငှက်ပျောဖူးအဆင့်လောက်မှာ အရစ်တွေထနေတဲ့ နဂါးငွေ့တန်းကြီးလို နဂါးပတ်နေသလို ပေါ်နေတာကို ရွှေစည်းခုံမှာ ပုံကြီးချဲ့ထားတာကိုမြင်ခဲ့ရပါတယ်။
ကျမအနေနဲ့ဘယ်လိုသဘောနဲ့ သူငယ်တော်နဂါးထမ်းထားတယ်ဆိုတဲ့အနက်အဓိပါယ်ကို မသိနိုင်ပါဘူး။ အဲဒီလိုပါဘဲ အဲဒီဘုရားကိုတည်ခဲ့သူတွေဟာလည်း မှတ်တမ်းမရှိဘူးလို့သိခဲ့ရပါတယ်။
နဂါးဘုရား၏ အပြင်ဘက် ပထိုးစေတီပုံတော်
ပြန်လည်ပြုပြင်ထားသည့် ဒယိကာမိသားစု ကဗ္ဗည်းတိုင်

သို့သော် ဘယ်လိုဘဲဖြစ်ဖြစ် ပုဂံဘုရားတွေထဲမှာ ထူးထူးခြားခြား မြန်မာမူ့လက်ရာ အပြင်အဆင်များနဲ့ တမူဆန်းနေတဲ့ ဘုရားတဆူ၊ မြင်နေကြမဟုတ်တဲ့ နဂါးသုံးကောင်ကို သူငယ်တော်ထမ်းနေတဲ့ ဘုရားကို ဖော်ပြလိုက်တာဖြစ်ပါတယ်ရှင်။ ဗိသုကာပညာရှင်က နဂါးသုံးကောင်ကို အောက်ဖက်မှနေ အခိုင်အမာဖြစ်အောင် သူငယ်တော်ရုပ်ကို အထောက်အခံအဖြစ် သုံးတာလည်းဖြစ်နိုင်ပါတယ်လို့ သုံးသပ်မိပါတာ်။




ကျမဘုရားဝတ်ပြုနေစဉ် ဓါတ်ပုံသုံးပုံရိုက်ခဲ့ရာ နောက်ကျောဘက်မှ ရိုက်ယူသော နောက်ဆုံးပုံတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပုံတော်များ ထူးဆန်းစွာ ပေါ်နေပုံ။ ပြုပြင်ဖန်တီးထားခြင်း မဟုတ်ပါကြောင်း သစ္စာပြုပါသည်။
ထူးထူးခြားခြား နဂါးဘုရားသို့ မလာရောက်မှီနေ့(၁၀.၂.၂၀၁၂)တွင် ကျမသည် စိတ်မနောပိုင်သော အမျိုးသမီးတစ်ဦးအား ဆရာတော်ကြီး မချီးမြှင့်တာ ကြာပြီဟု ပြောမိပါသည်။ ကျမအခုတလော စိတ်တိုပြီး စကားကြမ်းကြမ်းသုံးမိလို့လားမသိပါဘူးဟုပြောမိပါသည်။ ကျမပုဂံညောင်ဦးတွင် ဓါတ်ပုံလိုက်ရိုက်ထားသော ကင်မရာထဲတွင်ပြီးခဲ့သော(၂)ပတ်ခန့်က ဆရာတော်ဘုရားကြီး၏ ဘ၀ကန္တာရခရီးကြမ်းစာအုပ်မှ စာမျက်နှာတော်တော်များများကို ကင်မရာဖြင့် ရိုက်ယူခဲ့ပေသည်။ အထူးသဖြင့် ဆရာတော်ဘုရားကြီးငယ်စဉ်၊ ကိုရင်ဘ၀၊ လူဘ၀စသည့် ဘ၀ခရီးတွင် ပြုခဲ့သမျှ ဘ၀မှတ်တမ်းပုံများမှာ စာမျက်နှာ ၂၅-၃၀ ကြားတွင်ရှိပြီး ၄င်းတို့ကို ကင်မရာဖြင့် မိမိဓမ္မသာလာတွင် ထည့်သွင်းနိုင်ရန်ရည်ရွယ်၍ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ကင်မရာအား ညောင်ဦးသို့ ရေဆင်းမှပြန်ပို့ပေးလိုက်ပါသည်။ ကင်မရာမှာ ညောင်ဦးမှ ဒေါ်ခင်မြင့်ကြည်၏ ကင်မရာ ဆိုက်ဘာရှော့အမျိုးအစားဖြစ်ပါသည်။ 
များပြားလှသောပုံများနှင့်စာများကို အခွေများပေါ်သို့ကူးတင်ပြီးဖြစ်သဖြင့် memory card ထဲမှ ရှိသမျှ တပုံမကျန်အကုန်လုံးဖျက်ပစ်လိုက်သည်ဟုသိရသည့်အပြင် ကင်မရာအား ကျမထပ်မံအသုံးမပြုမှီ ပုံများမဆန့်မည်စိုးသဖြင့် ကျမကိုယ်တိုင်စစ်ကြည့်ရာ ၄င်းတို့ရိုက်ထားသောပုံများသာတွေ့ခဲ့ရပါသည်။
နဂါးဘုရားသို့ရောက်သော် သော်သော်အား ကျမပုဂံကို အကြိမ်ကြိမ်ရောက်ပါလျက် ဘုရားဝတ်ပြုနေသော ပုံကို အမှတ်တရ တစ်ကြိမ်တခါမျှ မရိုက်ခဲ့ဖူးပါသဖြင့် ယခုဘုရားတွင် ဓါတ်ပုံရိုက်လိုပါကြောင်း ပြောမိပါသည်။ သော်သော်မှ ကျမဘုရားစတင်ဝတ်ပြုနေစဉ်ရှေ့မှတစ်ပုံရိုက်သည်ကိုတော့ သိလိုက်မိပါသည်။ ကျန်သည့်ပုံ ၂ပုံဆက်ရိုက်သည်ကိုမသိတော့ပါ။ ထိုဘုရားသည် ကျမ(၁၁)ရက်နေ့တွင် တနေကုန်သွားလာရာတွင် နောက်ဆုံးဝတ်ပြုသောဘုရားဖြစ်ပါသည်။ ကျမတည်းခိုသော နေရာရောက်သော် ကင်မရာထဲမှ ကဒ်အား ကွန်ပြူတာထဲသို့ပြောင်းထည့်၍ စီဒီဖြင့်ကူးရန် စစ်ဆေးလိုက်ပါသည်။ ထိုအခါတွင် အလျားလိုက်အနေအထားဖြစ်နေသော ပုံတွင် အောက်တွင်ဆရာတော်ဘုရားကြီးပုံပေါ်နေသည်ကို အံ့သြစဖွယ်မြင်ရပါသည်။ ကျမသည် တွေ့စတွင် အနည်းငယ်လန့်ဖြတ်သွားပါသည်။ သို့သော်ခြေရာတော်များတွင် ထူးခြားခြင်း၊ မဟာမြိုင်တောကြီးထဲရောက်စဉ် ကျောင်းဆောင်အား ကင်မရာဖြင့်လှမ်းရိုက်စဉ် ကင်မရာထဲသို့ သက်တန့်ရောင်စုံ အရောင်များဝင်လာသဖြင့် မိမိကင်မရာပျက်ပြီလားဟုထင်မြင်မိခြင်း၊ ခြေရာအားဓါတ်ပုံရိုက်ရာ ကင်မရာပေါ်တွင် ဘာမျှ မထူးခြားသောလည်း ကွန်ပြူတာထဲထည့်လိုက်သောအခါ ထူးခြားနေခြင်း (အကြောင်းရှိသဖြင့် ၄င်းပုံအား မတင်ပြနိုင်ခြင်းဖြစ်ပါသည်) စသည်တို့ကို ကြုံဘူးခဲ့သော ကျမအနေဖြင့် ယခုအကြိမ်တွင် သံသယသိပ်မ၀င်မိတော့ပါ။ ကျမသည် အနီးအနားရှိ တင်တင်မာနှင့်အခြားခလေးများ နီးစပ်ရာကို ချက်ခြင်းခေါ်ပြမိသလို သော်သော်အားလည်း ဓါတ်ပုံရိုက်စဉ်က ဘာများသတိထားမိလဲဟု ဖုန်းဆက်မေးမိပါသည်။ 
ထပ်မံ၍ ထူးဆန်းသည်မှာ ပေါ်နေသောပုံသည် ကျမအနှစ်သက်ဆုံး လက်လုပ်တောင်တွင် ဆွမ်းခံနေသော ပုံဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ ပုံတော်အား နေအိမ်တွင် ဗင်နိုင်းဖြင့် ၄ပေ ၃ပေ ပုံတော်ပူဇော်ထားရာ ထိုပုံထဲတွင် ဆရာတော်ဘုရားသည် သက်တော် အတော်ငယ်သေးသဖြင့် ပြုံးယောင်ယောင်ဖြစ်နေပေသည်။ ကျမသည် ဆရာတော်ဘုရား ပုံတော်တွင်ပါသည် သပိတ်အားပိုက်နေသည့် ခေါင်းတပိုင်းပုံအား မကြာခဏစိတ်တွင် အကြီးကြီးထပ်ထုတ်ပြီး ပူဇော်မည်ဟု ဖြစ်မိပါသည်။ အရွယ်အားဖြင့်၎င်း၊ ကျင့်ကြံအားထုတ်မှုတိုးမြှင့်မှုကြောင့်၎င်း၊ သိက္ခာသုံးပါးဖြင့် ပြည့်စုံသထက်ပြည့်စုံနေသော အလွန်တရာကြည်ညိုဘွယ်ရှိပါပေသည်ဟုလည်း စိတ်ထဲတွင် မကြာခဏဖြစ်မိပါသည်။ သို့သော် အလုပ်များသဖြင့်၎င်း၊ မူလအခံဓါတ်ပုံမရှိသဖြင့် တဆင့်ပြန်ရိုက်ပြန်ကူးရမည်ဖြစ်လို့တကြောင်း ပုံကြိးမချဲ့ဖြစ်ခဲ့ပါ။ ထိုပုံမှ ပေါ်နေသလို ပုံပေါ့်တွင် လက်လုပ်တောင်ဆိုသောစာပါသည့်စာမျက်နှာဖြစ်ကြောင်း စာလည်းပေါ်နေပြန်ပါသည်။ အောက်ဆုံးတွင် တစ်ပိုင်းအပေါ်တစ်ပိုင်း ဖြစ်နေသော ပုံတွင်လည်း ဆွမ်းခံနေသောပုံသာဖြစ်ပါသည်။ ကျမသည် မနက် (၉)နာရီတွင် ရည်မှန်း၍ဆွမ်းကပ်လေ့ရှိသောကြောင့် ဆွမ်းခံသောပုံတွေသာ ပေါ်နေရော့သလားဟု ထင်မိပါသည်။
မည်သို့ဆိုစေ ဆရာတော်ဘုရားကြီးပုံများ ကင်မရာထဲတွင် တစိုးတစိမျှ မကျန်နေပါဘဲလျက် မိမိပုံတွင် ပေါ်နေခြင်းကိုထောက်ရှု၍ ရုပ်ပိုင်းဆိုင်ရာနည်းပညာတွေသုံးပြီးဘယ်လောက်ဖျက်ဖျက် မနောပိုင်တဲ့ စိတ်စွမ်းအားများက ပြန်ဖော်နိုင်တယ်လို့ ပြောနေသယောင်ယောင်။ စိတ်တန်ခိုး စိတ်စွမ်းအင်တို့၏ ထူးခြားထက်မြက်ပုံကို အကြိမ်ကြိမ် မြင်ရ တွေ့ရ ဖူးမျှော်ရလေတိုင်း ဆရာတော်ဘုရားကြီးမှသည် မြတ်စွာဘုရား၏ ဘုန်းတော် ဂုဏ်တော် ဥာဏ်တော်တို့ဆိုလျင် ဆိုနိုင်ဘွယ်မရှိ။ အတုမရှိသော မြတ်စွာဘုရားပါပေတကားဟု မှန်းဆမှန်းမျှော်ရည်ရော်၍ အကြိမ်ကြိမ် အခါခါ ဦးချ ကန်တော့မိပါတော့သည်ဘုရားဟု။
ကျမ၏ ဓမ္မသာလာမှ ဓမ္မမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာ၍ မြတ်စွာဘုရားနှင့်တကွ ကျင့်ကြံအားထုတ်ကြကုန်သော သံဃာတော်များ၏ ဂုဏ်ကို ဆထက်တန်ဘိုး တန်ဘိုးထားနိုင်ကြပါစေဟု ဆုတောင်းလျက် အဖြစ်မှန်အားရေးသားလိုက်ရပါတော့သည်။
ကျမသစ္စာပြုပါသည်။ ဖန်တီးထားခြင်းလုံးဝမရှိပါကြောင်း။ မှန်ကန်သောသစ္စာကြောင့် ဆရာတော်ဘုရားကြီးများ အားထုတ်အပ် ရအပ်သော တရားအားလွယ်ကူလျင်မြန်စွာ ရရ၊ ကျင့်ရပါလို၏။
(၁၇.၂.၂၀၁၃) စကားဆက်- ဤပုံအား ဆရာတော် ဦးဗောဓိအား လက်လုပ်တောင်တရားစခန်းတွင် ဖုန်းထဲထည့်သွားပြီး ပြသောအခါ၊ ဆရာတော်မှ ဘုန်းဘုန်းပုံတွေကင်မရာထဲ ရှိတယ်မဟုတ်လားဟု မေးပါသည်။ ယခင်က ရှိသည်မှန်ပါသည်။ ပုဂံတွင်ဓါတ်ပုံလိုက်ရိုက်ရန် ယူသွားသောအခါ ကင်မရာထဲတွင် မည်သည့်ပုံမှမရှိတော့ပါ။ ပုဂံတွင် ဓါတ်ပုံရိုက်သောအခါတွင်လည်း ရှေ့တွင်ပုံပေါင်းများစွာရိုက်ထားသလို ယခုပုံနောက်တွင်လည်း အနည်းဆုံး ၆ ပုံခန့်ရိုက်ထားလေရာ၊ အဘယ်ကြောင့် ယခုနဂါးဘုရားတွင် ဘုရားကန်တော့သည့် ပုံတွင်မှ ပေါ်နေပါသနည်း။ကျမလည်းဆရာတော် ဦးဗောဓိအား မေးခွန်းပြန်ထုတ်ခဲ့ပါသည်။ 
ဆရာတော် ဦးဗောဓိအား ကျမသည် ဆရာတော်ဘုရား ထူးခြားဆန်းပြားလှသော ခြေရာတော်ပုံအား လည်း ကူးပေးထားရာ၊ သွားရောက်ပို့စဉ်က ဆရာတော်နှင့်မတွေ့သဖြင့် ဦးခေမာထံထားခဲ့ရပါသည်။ ထို့ကြောင့် ကျမသည် ဆရာတော်ဦးဗောဓိအား ဘုန်းဘုန်းခြေရာကို ဖူးရတယ်မဟုတ်လားဘုရားလို့ ပြန်လည်လျောက်ထားခဲ့ပါသည်ရှင်။
 ဆရာတော် ဦးဗောဓိဆိုသည်မှာ အရှင်က္ကုန္ဒာစရိယအား မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ ခေါ်ဝေါ်သောအမည်ဖြစ်ပါသည်။ ကျမတို့သည် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးအား ဆရာဒေါက်တာမြသွင်၏သား ဖိုးဆယ်ပြားခေါ်သကဲ့သို့ ဘုန်းဘုန်းဦးငြိမ်း (လူ့ဘ၀ ဦးငြိမ်းနာမည်အားတပ်၍) ခေါ်ဝေါ်ခဲ့ဘူးပါသည်။ ယခုသော် ဆရာတော်ဘုရားကြီး သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကြောင့် ထိုနာမည်အား အသုံးမပြုဖြစ်တော့ပါ။ ဆရာတော် ဦးဗောဓိဟုအမည်သမုဒ်ခြင်းမှာလည် ဗောဓိရိပ်ငြိမ် မှော်ဘီကျောင်း၏ အတိုဖြစ်မည်ဟုထင်ပါသည်။ ကျက်သရေလည်းရှိ ဗောဓိပက္ခိယတရားတို့၏ အဓိပ္ပါယ်ပါဆောင်သော ဤအမည်နာမအား တန်ဘိုးထားမိပါတော့သည်။
ကျန်းမာချမ်းသာကြပါစေရှင်။


2 ဖတ်သူများပြောစကား:

  1. My facebook e-mail is hacked by one of the foolish men. I don't know who he/she is. Now I am lucky for it. I could reopen it. First of all, I speak with you right now. Ok?

    ReplyDelete
    Replies
    1. Dear Kierra,
      Thanks so much for you comments. I was attending meeting yesterday that is why I did not see you comment. Yes, u are very lucky to reopen you account. If u wanna to speak with me, please add my gtalk add kktstar@gmail.com
      I will be in training room 18-22 March and after 22 March I will be visit to Central Dry Zone for collection data.
      With Metta,
      Dhamatharlar

      Delete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts