Wednesday, February 13, 2013

ပုံပြင်တည်းက ရှင်အဇ္ဇဂေါဏနှင့် လှောင်ပိတ်ခံဘ၀ ရှင်အဇ္ဇဂေါဏ ဆရာတော်ဘုရားကြီး


ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးကို မြန်မာလူမျိုးတို့မသိသူရှားပါသည်။ မစင်တွင်းသို့ စိတ်တိုတိုနှင့် ဓါတ်လုံးကိုပေါက်ပစ်မှ ဓါတ်လုံးအောင်ပြီး မျက်လုံးအား နွားမျက်လုံးတဖက်၊ ဆိတ်မျက်လုံးတဖက် ဈေးထဲက ၀ယ်တပ်လိုက်မှ မျက်စေ့အလင်းရကြောင်း ပုံပြင်သဖွယ်ဖြစ်ခဲ့သော ဆရာတော်ဘုရား၏ ရာဇ၀င်တည်း။
ရှင်အဇ္ဇဂေါဏဘုရား
ပုထိုးအတွင်းမှ ဘုရားရှင်ရုပ်ပွားတော်



သော့ခတ်ပိတ်ထားသော ရှင်အဇ္ဇဆရာတော်ဘုရားကြီးကြေးဆင်းတုများရှိရာဂူပေါက်





ဝင်ခွင့်မရ၊ သော့များနှင့်ခတ်ထားသဖြင့် သံတိုင်များကြားမှ ရိုက်ယူလာသော ရှင်အဇ္ဇဂေါဏဆရာတော်ဘုရားကြီးနှင့် ဘိုးဘိုးအောင်၏ ကြေးဆင်းတုတော်များ

ကျမသည် ပုဂံကို ၂၀၀၇ ခုနှစ်မှ စတင်ပြီး အကြိမ်များစွာသွားရောက်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင်ပင် ဧပြီလ၊ စက်တင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာနှင့် ၂၀၁၃ တွင် ဖေဖ၀ါရီလပိတ်ရက်တွင် တကြိမ် ရောက်ဖြစ်ခဲ့ပါသည်။ ဧပြီလတွင် ပြင်ဦးလွင် အနီးစခန်းတွင် တရားထိုင်ပြီးနောက် ဦးဇင်းတပါးမှ လောကနန္ဒာစာသင်တိုက်မှ ညီအကို သဘွယ်ဖြစ်သော ဦးဇင်းအတွက် ပစ္စည်းများပါးသဖြင့် လှည့်ဝင်မိပါသည်။ ရုံးဖွင့်ရက်နှင့်နီးကပ်နေပါသဖြင့် ကျမသည် တခြားဘုရားများသို့မရောက်ဖဲ ရှင် အဇ္ဇဂေါဏဘုရားသို့ညနေတွင်ရောက်ရှိ၍ စရဏများပွားများ ခဲ့ပါသည်။ ဘုရားမှနေ၍ ဆရာတော်ကြီး ဖိုထိုးခဲ့သော အဆောက်အဦးတွင် ဆရာတော်ဘုရားကြီးများ ရုပ်တု (ကြေးဆင်းတုများ) သီတင်းသုံးရာနေရာသို့ သွားရောက်ရာ တထင်မှတ်သော အဖြစ်အပျက်ကို မျက်လုံးပင် မယုံကြည်လောက်အောင်ဖြစ်ခဲ့ရပါသည်။
အကြောင်းမှာ ဆရာတော်ဘုရားကြီးများ သီတင်းသုံးရာ ကြေးဆင်းတုအဆောင်အား သော့ခတ်ပိတ်လှောင် ထားခြင်းကြောင့်ဖြစ်ပါသည်။ ကင်မရာလည်း မပါသွားရာ မရိုက်ဖြစ်ခဲ့ပါ။ တံခါးများခတ်ထားသည့်အပြင် အတွင်းသို့ ချောင်းမကြည့်နိုင်လောက်အောင် သံတခါးဝများတွင် ဘုရားထီးတော်အဟောင်းများ သံခွေများဖြင့် ပိတ်ထားပါသေးသည်။ ယခုတခေါက် ဖေဖ၀ါရီ(၁၀)ရက်ညနေတွင်သွားရောက်ဖူးမျှော်သော် ယခင်လောက် မဆိုးသော်လည်း သော့ခတ်ထားဆဲ နှင့် ရဟန်းရှင်လူများက အတင်းဖယ်ထားပြီး ပန်းအိုးများ အမွှေးတိုင်များကို ဇွတ်သော့ခတ်ထားသော အပေါက်တွင် ပူဇော်ထားသည်ကိုမြင်တွေ့ရပေသည်။
ဧပြီ ၂၀၁၂ တွင် ထီးတော်ဟောင်းများဖြင့် ပိတ်ဆို့ထားသော ဂူပေါက်တွင် ယခုအခါ အပြင်ဘက်မှ ပန်းအိုးများဖြင့် ကန်တော့ထားကြပုံ

ယခင်အခေါက်တည်းက ဘုရားစောင့်ဦးပေချွန်းသည် သာသနာရေးဦးစီးမှလာပိတ်သွားသည်ဟုဆိုပါသည်။ ကျမတို့မှာ အတင်းမြင်ရသလောက်သာကန်တော့ရပါသည်။ စိတ်လည်းတော်တော်ညစ်သွားသည်။ ၄င်းအပြင် ဆရာတော်ဘုရားကြီး၏ ပလပ်စတာအရုပ်ကြီးအား အ၀တ်ဖြူကြီးဖြင့် မြင်မကောင်းအောင်ဖုံးအုပ်ထားခြင်းပင်။
ဆရာတော်ဘုရားကြီး၏ ပလပ်စတာအရုပ် (ဧပြီ၂၀၁၂တွင် ပိတ်ဖြူဖြင့် ဖုံးအုပ်ထားရာမှ ယခုအခါ သင်္ကန်းဖြင့်တွေ့မြင်ရပုံ)

ပုဂံရာဇ၀င်တွင်ရှင်အဇ္ဇဂေါဏဆရာတော်ကြီးသည် မုဆိုးမတောင် ဘုရားတည်နိုင်လောက်အောင် လာဒ်လာဘ ရွှင်စေသော လာဘသိန္ဓိပြီးနေသော ဆရာတော်ဘုရားကြီးဆိုသည်ကို မည်သူလက်မခံနေအံ့နည်း။ ရာဇ၀င်ဆိုသည်မှာ အဆင့်ဆင့်သယ်ဆောင်မှတ်တမ်းထားလာခြင်းတည်း။ ရာဇ၀င်သည်ဖျောက်မရ။ ယခုခေတ်တွင်လည်း သိန္ဓိပြီးနေသော ဆရာတော်ဘုရားကြီးများ ပေါ်ထွက်လာခဲ့သည်ကို လူအများအသိပင်။ ဥပမာ-ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး၊ သာမညဆရာတော်ဘုရားကြီး၊ ကုံလုံဆရာတော်ဘုရားကြီးတို့သည် သက်ဆိုင်ရာသိန္ဓိများရရှိထားသောဆရာတော်များသာတည်း။ ကျင့်ကြံသောနည်းသည်သာ တပါးနှင့်တပါး မတူညီလျင်သာနေမည်။
ကျမအနေနှင့်သာဆိုလျင် ပုဂံပြည်ရှင်ဘုရင်များ၊ အနော်ရထာ၊ ကျန်စစ်သားစသည်အထင်ကရ ရာဇ၀င်တွင်သူများ မတွင်သူများ ဘုရားတည်နိုင်ခြင်းမှာ ရှင်အဇ္ဇဆရာတော်ဘုရားကြီး၏ လာဘသိန္ဓိများနှင့် လည်း မကင်းဟုသာယူဆပါသည်။ အနည်းဆုံးမုဆိုးမများဘုရားတည်နိုင်အောင် ရွှေမိုးငွေမိုးရွာနိုင်သူဟု လည်း ကျမအဖွားသည် အပ်ကြောင်းထပ်၊ ဓါတ်ပြားပေါက်လောက်အောင် အကြိမ်ကြိမ်ပြောခဲ့သည် ပုံပြင်ပေတည်း။ တကယ်တန်းတွင် ထိုပုံပြင်သည် ပုံပြင်မဟုတ် သမိုင်းကြောင်းတခုသာတည်း။ ဆရာတော်ဘုရားကြီး၏ လာဘသိန္ဓိကြောင့် တည်ထားသောဘုရားများ မည်မျှများပြားသည်ကို မည်သူမျှမသိနိုင်။ သို့သော် အစွမ်းမရှိက တချက်လွန်အမိန့်ဖြင့် ဘုရားမင်းတြားများ၏ မင်းမိန့်ဖြင့် ဇက်ပြုတ်နိုင်သည်ကိုတွေးမိပါသည်။
မည်သည့်မင်းလက်ထက်မှာမှ မင်းပစ်မင်းဒဏ်သင့်သည်ဟု ရာဇ၀င်တွင် မကြားဘူးခဲ့သော တန်ခိုးရှင် ရှင်အဇ္ဇဆရာတော်ဘုရားကြီးသည် ယခုကာလတွင်မှ လှောင်ချိုင့်ထဲထည့်အပိတ်ခံရသည့် အကျဉ်းသားသဖွယ် ဖြစ်နေခြေတော့၏။ တကယ်ဆိုလျင် ပုဂံရာဇ၀င်၊ ပုဂံဘုရားများကား ရှင်အဇ္ဇဆရာတော်ဘုရားကြီး၏ဘုန်း တန်ခိုးတော်နှင့် လွတ်မည်မထင်ပေ။ ထိုဘုရားများ ပေါများစွာတည်ထားသောကြောင့်ယခုအခါ နိုင်ငံခြားသား ကမ္ဘာ့လှည့်ခရီးသည်များကို ဆွဲဆောင်၍ နိုင်ငံတော်ဝင်ငွေကို များစွာရှာပေးနေသည့်အပြင် ၊ ဒေသခံများ၏ စီးပွားရေး ပညာရေးအထိပါ အကျိုးဖြစ်ထွန်းစေပါသည်။ အထူးသဖြင့် လူမှုအကျိုးပြုလုပ်ငန်းများ ခေတ်စားလာ ချိန်တွင် နိုင်ငံခြားသားများ၏ လူမှုရေးအလှူများ၊ နိုင်ငံခြားသားများကြောင့်ဝင်ငွေရရှိသော မြန်မာရိုးရာလုပ်ငန်း များ၊ မြန်မာဂုဏ်ရည်ကိုဖော်ဆောင်နိုင်ခြင်းသည် ထိုရှေးခေတ်မြန်မာများကြောင့် မဟုတ်ပါလော။
သို့တစေ ခေတ်အဆက်ဆက်ကိုးကွယ်လာသော ဘုရားကျေုာင်းကန်များကို အန္တရာယ်ကြောင့် မတက်ရဟု ပိတ်သည့်တံခါးများမှတပါး၊ ရှင်အဇ္ဇဆရာတော်ဘုရားကြီး၏ ဘုရားကျောင်းကန်အား လှောင်ချိုင့်တခုကို ပိတ်ခတ်လှောင်ထားသလိုလုပ်ထားသည်မှာ အမြင်အားဖြင့်မသင့်တော်သည့်အပြင် ဆရာတော်ဘုရားကြီး ၀တ်ထားသော သင်္ကန်းအား အားနာသင့်ကြောင့် ကျမအမြင်အားတင်ပြလိုက်ရပါတော့သည်။
ရဟန္တာတပါးရှိလျင် သာသနာတော်သည် မကွယ်နိုင်ပါကြောင်း ဖတ်ဖူးမှတ်ဖူးပါသည်။ 
ရဟန္တာများသည်လည်း မြန်မာနိုင်ငံတွင် ဆိတ်သုဉ်းမည်မဟုတ်ပါ။ မည်သို့ပင် ဖြစ်စေ ရဟန္တာဆရာတော်ကြီးများ ပေါ်ထွက်လာသလို ၊ တန်ခိုးရှင် သိန္ဓိရှင်များသည်လည်း သူ့နည်းသူ့ဟန်ဖြင့် ရှိနေသည်သာဖြစ်ပါသည်။ ရှိလည်းရှိဦးမည်သာ ဖြစ်ပါ သည်။ ပုဂံဘုရားတို့ပေါ်ပေါက်လာရာ အကြောင်းအရင်းခံတခုဖြစ်သော နိုင်ငံခြားသားတို့ ထံမှ ၀င်ငွေတိုးစေသော ပုဂံရာဇ၀င်တွင်  ရှင်အဇ္ဇဆရာတော်ဘုရားကြီး၏ ကျေးဇူးတရားလည်း တိုက်ရိုက်မဟုတ် သွယ်ဝှက်သောနည်းဖြင့် ရှိနေသည်ကို စဉ်းစားမိလျင် ဆရာတော်ဘုရားကြီးသီတင်းသုံးရာ အဆောက်အဦးကို နောက်တခေါက် ကျမပုဂံသို့သွားလျင် နဂိုအတိုင်း အများပြည်သူဖူးမျှော်ခွင့်ရမည်ဟု မျှော်လင့်ပါသည်။
ဘုရားစောင့် ၏ အိမ်တွင် မြန်မာခလေးများနှင့်ဆော့ကစားနေသော ခရီးသွားနိုင်ငံခြားသားများ၏ ခလေးငယ်များ


3 ဖတ်သူများပြောစကား:

  1. ရွှေနှင့်မစင် ခွဲခြားသိသူများဖြစ်နိုင်ပါစေ။

    ReplyDelete
    Replies
    1. ဟုတ်ပါ့ဗျာ အဇ္ဇဂေါဏ အရည်းကြီး နာမည်မကြီးရခြင်းက အရည်း ဖြစ်နေလို့ဗျ။ ဖိုထိုး တာ ရဟန်းအလုပ် မဟုတ်ပေမဲ့ အရည်း ဆိုတဲ့ အရညဝါသီ မဟာယာနဂိုင်းခဲ သိဒ္ဓိရှင် အလုပ်ပေါ့ဗျာ။

      Delete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts