ထိုတွင်
ယင်းသက္ကရာဇ်ရှိ(၁၀၀)သည် ဘုရားပွင့်ထွန်းရာ၏ သက်တမ်းကာလကို ညွှန်းနေ သယောင်ရှိ၏။ ယင်းသက္ကရာဇ်ရှိ
(၃)ဂဏန်းသည်ကား အနိစ္စစသော သဘာဝလက္ခဏာစု သုံးခုကို လည်းကောင်း၊ ထိုသဘာဝသုံးပါးကို ခြေရာခံလိုက်ရာမှ
ထွက်ပြူလာမည့် ၀ိဇ္ဇာသုံးပါးကို လည်းကောင်း၊ ထိုဝိဇ္ဇာသုံးပါး၏ သတ္တိကြောင့် ပျက်ပြယ်သွားစေမည့်
အပါယ ဒုက္ခ၊ ကာမဒုက္ခ၊ ဘ၀ဒုက္ခ သုံးမျိုးကိုလည်းကောင်းညွှန်းဆိုနေသယောင်ရှိ၏။
ဝိမှာနဥတုသည်မိုး၊
ဆောင်းတို့ကဲ့သို့ စိုစွတ်သောကာလမျိုးမဟုတ်။ ယင်းစိုစွတ်မှုကို ခံယူရလေမှ ပွင့်ထွန်းရသော
လူလုပ်သီးစုံ၊ ပွင့်စုံမျိုးတို့ သီးပွင့်ရာ ကာလမျိုးလည်းမဟုတ်။
စင်စစ်
ထိုအစိုဓာတ်ကို ခြောက်သွေ့စေ၍ မိုးမကူ လူမနှော သူ့သဘော သူ့သဘာဝ မြေပေါက်ပင်တို့ ပွင့်ထွန်းရာကာလပင်ဖြစ်ပါချေ၏။
ထိုဂိမှာနသည်
အလောင်းတော်၏ ကိလေသာအစေးဓာတ်၊ အစိုဓာတ်များကို ခြောက်သွေ့ စေသည့် အာတာပီဝီရိယ၏ စွမ်းအား
လုံ့လတော် ကို ဖော်ကျူးနေသယောင်ရှိ၏။
၎င်းနွေဥတုနှင့်အတူ
ပွင့်လာကြသော သဘာဝအပင်တို့၏ အပွင့်များသည်ကား သူ့သဘာဝ အတိုင်းသာရှိကြလေသော သစ္စာတရားများကို
လည်းကောင်း၊ မဂ်ဖိုလ်-သတ္တိများကို လည်းကောင်း၊ နိဗ္ဗာန်၏ အအေးဓာတ်-အငြိမ်းဓာတ်အားကို
လည်းကောင်း ၄င်းတို့ကို ထိုးထွင်းသိလိုလတ်သော် သည်လို ပူပြင်းသောရာသီမှာမှ သည်လို အမွှေးအပျံ့
သန့်စင်များ ပွင့်သလို ပြင်းစွာသော ၀ီရိယစွမ်း ပကားရှင်များချည်းသာခံစားထိုက်ရာ တရာများဟှူု
လမ်းညွှန်ပေးနေသယောင်ရှိ၏။
ကဆုန်လသည်
ဘေးပတ်ရေတို့၏ အပံ့အပိုးမရှိ။ ပကတိတည်ရှိနေသော၊ ရေဓာတ်၏ သူ့တည်နေဟန်အတိုင်းသာ ရပ်တည်နေသော
ကာလဖြစ်ချေ၏။
ထိုကာလသည်
ရေငတ်သူတို့ ရေဖော်တွင်းတူးရာကာလ။ အစာလိုသူတို့ ၀မ်းစာစိုက်ပျိုးရန် ကန်ဆည်ရန်ကာလလည်း
ဖြစ်ချေ၏။
သို့ကြောင့်
ထိုလသည် လည်းကောင်း၊ ထိုလ၏ လပြည့်သည်လည်ကောင်း သစ္စာတို့၏ ပကတိတည်ရှိနေသော အတိုင်းကို
ပါရမီတော်လက်နက်ဖြင့် ထူးဆွဖော်ထုတ်ခြင်း၊ ဖော်ထုတ်သည့် အတိုင်းလျှင် ပြည့်ဝစွ ပွင့်ထွန်းဖြစ်ပေါ်လာခြင်းများကို
သက်သေပြသယောင်ရှိ၏။
တစ်ဖန်လည်း
ထိုကဆုန်လသည် ၀ိသာခါနက္ခတ်ခေါ် ကိတ်ဂြိုလ်(န၀င်းဂြိုလ်)၏ စန်းယှဉ်ရာ လမြတ်ဖြစ်သဖြင့်
ကျန်တနင်္ဂနွေစသော ဂြိုလ်ရှစ်လုံးတို့ပါ သိမ်းကြုံးပြီးဖြစ်နေချေရကား ထိုဂြိုလ်တို့နှင့်
မလွတ်ကင်းသော ထိုဂြိုလ်သက်တို့၏ သတ္တိစွမ်းပကားအတိုင်း သက်ဝင်လှုပ်ရှားနေရ သော လူသားအားလုံး၏
ကံချင်းဆုံရာ ကာလလည်း ဖြစ်ချေ၏။
သို့ကြောင့်
ထိုလသည် လည်းကောင်း၊ ထိုလပြည့်သည်လည်းကောင်း ကျွတ်ထိုက်ရှိအားလုံး တို့၏ အားထားမှီခိုနိုင်ခြင်း။
မှီခိုသလောက် ပြည့်မြောက်အောင်မြင်ခြင်းတို့ကိုလည်း ညွှန်းဆိုနေသ ယောင်ရှိ၏။
ဘုရားရှင်ကိုယ်တော်တိုင်လည်း-
- ဒီပင်္ကာရာရှေ့
သုမေဓာရသေ့ဘ၀ဖြင့် ဆုပန်ဆင်ခဲ့ရာသည် ဤနေ့၊ ဤ ကဆုန်လပင်တည်း။
- ယခုဘဝ
မိခင်၏ ၀မ်းကြာတိုက်မှ အကျွတ်အလွတ် ထွက်ခဲ့ရာသည် ဤနေ့ဤလ ကဆုန် လပင်တည်း။
- ယခု
ပုထုဇဉ်အမိုက်ဆင့်မှ ပွင့်ထွက်ရာသည်လည်း ဤနေ့၊ ဤလ ကဆုန်လပင်တည်း။
- လာမည့်
ဘ၀ဒုက္ခ ခန္ဓာ့ဝဋ်မှ အလွတ်အကျွတ် ထွက်ရမည်မှာလည်း ဤနေ့ ဤလ ကဆုန်လပင်တည်း။
`ဤသို့ကံလေးပါးတို့ ဆုံပြည့်ရာကိုလည်း
ဖော်ကျူးနေသယောင်ရှိ၏။ ပါရမီဓာတ်၏ လည်ပတ်မှုသည် တမင်ပြုလုပ်ရသောဓာတ်၊ အတုခိုးရသောဓာတ်မျိုးကဲ့သို့
ဖောက်ပြန်ခြင်း၊ အစိုးမရခြင်းမျိုး မဟုတ်။
ထိုဘုရားရှင်၏ ပွင့်တော်မူရာ ဥတု-မာသတို့ကို လေ့လာသုံးသပ်သော်
အလောင်းတော်နတ်သား (သေတကေတုနတ်သား) ဘ၀မှ လူ့ပြည် ဘူ့ဘ၀သို့ ဆင်းသက်စံမြန်းပါရန် နတ်-ဗြဟ္မာတို့
ဝိုင်းတောင်းပန်စဉ် ကြည့်ခြင်းကြီးငါးမျိုး-
- ကာလ-
ဘုရားပွင့်ရာ တစ်သိန်းတမ်းမှာတစ်ရာတမ်းအကြား ဟုတ်-မဟုတ်ကြည့်ရှုခြင်း
- ဒေသ-
ဘုရားပွင့်ရာ မဇ္ဈိမဒေသ မည်သည့်နေရာမှာ တည်လေသနည်း ရှုကြည့်ခြင်း။
- မာတု-ဘုရားမယ်တော်ဖြစ်သင့်လေသူ
ရှိ-မရှိ ရှုကြည့်ခြင်း။
- အာယုပရိစ္ဆေဒ-
ထိုမိခင် သေမည့်အသက်ကား အဘယ်နေ့နည်းရှုကြည့်ခြင်း
- ကုလ-
ထိုမိခင်ကား အဘယ်မျိုးရိုးဇာတိ ဖြစ်ချေသနည်း ရှုကြည့်ခြင်း
ထိုရှုကြည့်ခြင်းငါးမျိုးတို့၌
ထိုဥတု ထိုမာသ မပါဝင်လေ။
သို့တစေလည်း
အလောင်းတော်၏ ပါရမီတော် အရှိန်အဟုန်အားနှင့် မယ်တော်၏ ကုန်ဆုံးရမည့်အသက်ပိုင်းခြားအားတို့လာရောက်ကံချင်းဆုံကြလျက်က
ဤသို့ ဘုရားရှင်၌ ကံတော်လေးပါး ဆုံဆည်းရခြင်းကာ တမင်မလုပ်ရသော ပါရမီလုပ်အားပင် မဟုတ်လော။
ထိုသို့
မဂ်လေးဆင့်၊ ဖိုလ်လေးဆင့်တို့ဖြင့် အပါယဒုက္ခ၊ ကာမဒုက္ခ၊ ဘ၀ဒုက္ခ သုံးဆင့်တို့ အပေါ် လွှမ်းမိုးအောင်
နိုင်တော်မူပြီးသည်နှင့် တစ်ပြိုင်နက်-
က။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ရာမှ ပေါ်ထွက်လာသော
အရဟံဂုဏ်တော်။
ခ။ ဘုရားစင်စစ် ဧကန်ဖြစ်လာသဖြင့် ပေါ်ထွက်လာသော ၀ိဇ္ဇာ စရဏစသည့်
နောက်နောက် ဂုဏ်တော်။
ထိုထိုဂုဏ်တော်အပေါင်းတို့သည်
ဝေနေယျတို့အပေါ် ထားရှိသော မဟာဂရုဏာ၊ မဟာမေတ္တာတော်များဖြင့် ထုံးမွှမ်းထားရာ ချေချွတ်မှု ပယတ္တဘုန်းတော်၏ ကျေးဇူးတော်နှင့်အတူ တစ်သီတစ်တန်းကြီး
ပွင့်ထွန်းဖြစ်ပေါ်၍ လာကြလေကုန်၏။
ထိုဂုဏ်သတ္တိအားလုံးတို့သည်
သူတစ်ကာတို့ ကင်ပွန်းတပ်ပေးရာမှ ရစေခဲ့သည်မဟုတ်။ ယခုအားနှင့်ယခင်အားတို့ ထိစပ်ပေါင်းမိသွားရာမှ
အလိုလို ပေါ်ထွက်လာခြင်းမျှသာတည်း.။
(ဂုဏ်တော် ၉ ပါးဖြင့် ဖော်ကျူးခဲ့ပေသည်)
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး