Sunday, June 2, 2013

သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှ ၀ိဇ္ဇာမျက်လုံးဘုရား -၂



သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်မှာ စိတ်ဝင်စားစရာဘုရားတဆူရှိပါသေးတယ်။ ဒါကတော့ ခုနှစ်ရာခိုင်စေတီပါ။ အဲဒီစေတီရဲ့ မြေညီထပ်မှာ ဘုရားလေးဆူရှိပါတယ်။ ဒီလေးဆူထဲမှာ ထူးထူးဆန်းဆန်း ဘုရားတစ်ဆူက သော့ပိတ်ထားတာ ကို သတိထားမိပါတယ်။ အကြောင်းတော့ရှိရမယ်လို့ စိတ်ထဲထင်မိပါတယ်။ ဒါနဲ့ဘဲ ဆရာတော် ဦးသုဇာတအနား အနီးကပ်နေခဲ့တဲ့ ဦးဇင်းကိုမေးကြည့်တော့ အဖြေကထွက်လာပါတယ်။ အဲဒီဆင်းတုတော်ကြီး မျက်လုံးကို ဆက်ကပ်တော့မယ်ဆိုတော့ ဆရာတော်က ပြောတယ်တဲ့ ည(၁၂)နာရီကျလျင် ၀ိဇ္ဇာတစ်ပါး ကိုယ်တိုင်ကြွလာပြီး မျက်လုံးလာတပ်လိမ့်မယ်ဟု။ တကယ်ကို ည(၁၂)နာရီတိတိတွင် အဖိုးကြီးတပါး ကျောင်းဝန်းထဲဝင်လာပါတယ်တဲ့။ ပန်းရံသမားတို့သည် (၁၂)မထိုးခင်တည်းက သရိုးများကို သေချာစွာ လုပ်ထားပြီး မျက်လုံးတော်များကိုလည်း ကတ္တီပါစခင်းထားသော ကလပ်ပေါ်တွင်ထားရှိထားသည်။ ထိုအဖိုးကြီးသည် မျက်လုံးတော်ကိုလာတပ်သွားသည် သို့သော် ထိုအဖိုးကြီးသည် မျက်စေ့မမြင်သော သူဖြစ်နေသည်ကို ဦးဇင်းကိုယ်တိုင်မြင်လိုက်ရသည်ဟုဆိုပါသည်။ 

မျက်မမြင် ၀ိဇ္ဇာဘိုးတော်တပါး မျက်လုံေးတ်ာအား တပ်ဆင်တော်မူသွားသော ဆင်းတုတော်။


ဝိဇ္ဇာများသည် ဆုကြီးပန်ခြင်း၊ နောင်ပွင့်မည့်ဘုရားအား စောင့်ဖူးပြီးမှ ကျွတ်တမ်းဝင်လိုသူများဖြစ်ရကား ပါရမီ(၁၀)ပါးအား ဖြည့်ကျင့်ခြင်း၊ အသက်ရှည်ကြာ နာမ်လောကတွင် နေထိုင်နိုင်ရန် ကျင့်ခြင်းဖြစ်လေရာ၊ မျက်လုံးတော် တစ်စုံအား မျက်လုံးကန်းနေသော ၀ိဇ္ဇာတပါးသည် ည(၁၂)နာရီအချိန်တွင် ဘုရားအား မျက်လုံးတော် လာတပ်သည်ဆိုသည်မှာ ပါရမီ(၁၀)ပါးတွင် တပါးအား ဖြည့်ခြင်းလားဟု စဉ်းစားဘွယ်ရာပင်ဖြစ်ပါသည်။
ခုနှစ်ရာခိုင်သည် အေးချမ်းတိတ်ဆိတ်ငြိမ်သက်ခြင်း တပန်းသာ၏။ အညာ၏ မန်ကျီးပင်ကြီးများအရိပ်သည် အေးမြ၏။ 
အတုံးလိုက်အတစ်လိုက် အားရပါးရ ၀က်သားဟင်း
အပူဒဏ်တော့တော်တော်ခံရမည်ဟု မျှော်မှန်းထားရာ ရောက်သည့် ညနေတွင်ပင် မိုးစရွာပါသည်။ မိုးသားတိမ်ရိပ်များနှင့် ခုနှစ်ရာခိုင်စေတီတော်သည် ပဏာရလှပါပေသည်။ ကိုရင်လေးများ မနက်တွင် တံမြက်စည်းလှည်းထားသဖြင့် မြေပြင်သည် ပြောင်ရှင်းနေ၏။ ကျောင်းထိုင်ဆရာတော်မှာ မနားရ၊ အလှူပင့်တာကိုချည်းလိုက်နေရ၏။ အပြန်သော် ထော်လာဂျီ(ကန့်လန့်ဂျီ)ဖြင့် လှူဘွယ်တွေကို ရွာက လူများ လာပို့ကြ၏။ မြို့အလှူများတွင် မမြင်ရသော ၀က်သားတုံးကြီးလက်သီးဆုပ်နေဟန် ၀က်သားဟင်းများ ကိုလည်း မြင်ရ၏။ အသားရယ်ပြောင် ညိုမှောင်မှောင် ကိုရင်လေးများ ဖုတ်အလူးလူးကိုလည်းမြင်ရ၏။ 
 
ပိုက်ဆံတွေရလို့ ဘာဝယ်မလဲလို့တွေးနေကြတဲ့ကိုရင်လေးတွေ။ ဆရာတော်က ညနေမှာ ကိုရင်လေးတွေနဲ့ သင့်တော်တဲ့ ထညက်တွေ ဝေပေးလို့စောင့်နေကြတာပါ။

အကွက်ထဲမဆင်းခင် ကျောင်းကိုအရင်ဝင်လာတဲ့ လယ်သမားစစ်စစ်ကြီ။ ပခုံးပြဲနေတဲ့အကျီင်္ရယ်၊ စက်သမားတွေကျွေးဘို့ ထမင်းထုပ်ရယ်၊ မျိုးစေ့တောင်းကြီးရယ်။ သူကိုယ်တိုင်ယက်ထားတဲ့ လှပတဲ့ ခမောက်ရယ်၊ လတ်ဆတ်တဲ့အပြုံးရယ် မြင်တွေ့ရမယ်။

မန်ကျီးပင်အရိပ်အာဝါသအောက်မှာ ထမင်းစားနေတဲ့ ကျောင်းသူကျောင်းသားအုပ်စု



သစ်တောရေးရာဌာနမှ စိုက်ပျိုးမည့်သစ်ပင်များနှင့် နေရာများ ဆွေးနွေးနေစဉ်

သစ်ပင်စိုက်လုပ်အားပေးကုသိုလ်ယူဘို့ ကန့်လန့်ဂျီတစီးတိုက် မြောက်ရွာသူ ရွာသားများ

သစ်ပင်စိုက်ပျိုးရေးလုပ်အားပေးနေကြတဲ့ မြောက်ကုန်းရွာက အဖွဲ့သားများ

သစ်ပင်အရိပ်အောက်မှ ချစ်စရာကိုရင်လေးနှင့်ကျောင်းသားလေးများ

အညာဒေသမှ ကိုရင်လေးတွေရဲ့ဆွမ်းခံထွက်မည့် ပုံ

ဆွမ်းခံမထွက်မှီ သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင်စေတီတော်အား ပူဇော်ကန်တော့နေသည့်ကိုရင်နှင့်ကျောင်းသားလေးများ

ဆွမ်းမစားမှီ ဆွမ်းကိုဆင်ခြင်ရမည့်လင်္ကာအား ရွတ်ဖတ်ဆင်ခြင်စဉ်

ကျမက ကိုရင်လေးများ ဆွမ်းခံမထွက်မှီ ခုနှစ်ရာခိုင်စေတီအား ကန်တော့သည်ကိုလည်း သဘောကျ၏။ အညာဓလေ့အရ ဆွမ်းခံရာကို ဆိုင်းတန်းနှင့်ထမ်းသည့် အသွင်အမြင်လည်း ဆန်းစေ၏။ မြို့တွင် မမြင်ရ သလောက်ဖြစ်နေသော ဗမာကြက် ဗမာကြက်နှင့် ဗမာကြက်မှ အရသာတွေ့လှသော ကြက်အုပ်များ လည်း ဘေးမဲ့ဖြစ်ကာ သဘာဝအရ လွတ်လပ်စွာနေရသည်ကိုလည်းမြင်ရ၏။ ငန်းတစ်အုပ်သည် သံမနိုင်ကျောက်မနိုင် အခင်းကို ဆိတ်စားနေသည်ကလည်း မြင်ကွင်းအဆန်း၊ သနတ်ခါးလိမ်းသာလိမ်းနေသည် သနတ်ခါး အပွင့်ကို မမြင်ဘူးသော ကျမအတွက် သနတ်ခါးပန်းခိုင်ကလည်း အမြင်ဆန်း။ မြေသင်းနံပါသော အညာလေသည် တရားထိုင်နေသော နှာသီးဝတွင် တိုးလိုက်ပျောက်လိုက်။
ကျောသားရင်သားမခွဲခြား မာနမထားတတ်သော ကျောင်းထိုင်ဆရာတော်၏မေတ္တာရိပ်ကလည်း အညာအပူ တို့ကို လွင့်စင်စေသည်လားမသိ။ ကိုရင်လေးများသည် ကျမတို့လာသည်ကို ပျော်နေ၏။ ကဆုန်လပြည့်ကျော် နှစ်ရက်နေ့ညနေ ဆရာတော်အား မနက်ဖန်ထွက်မည်ဟု လျှောက်ထားကန်တော့ပြီး ကျမသူငယ်ချင်းက- မြောက်ကုန်းရွာသို့သွားခြင်သည်ဆိုရာ ဆရာတော်က ၄င်းမိခင်၏ အိမ်သို့ဝင်ပါဟုဆိုသဖြင့် ကျမတို့ ကိုရင်၊ ကျောင်းသားများနှင့် မိနစ် ၂၀ ကျော်ကျော်လမ်းလျှောက်မှေ၇ာက်သော မြောက်ကုန်းရွာသို့ လည်ပတ်ခဲ့ကြပါသည်။
ကျမသူငယ်ချင်း ဒေါ်ခင်မြင့်ကြည်၏ မိခင် -အမေမြ၏ ရွာနီးချင်းမိတ်ဆွေဖြစ်သူ အသက်(၁၀၄)နှစ်ရှိ အဖွားဒေါ်အေးခင်အားလည်း သွားရောက်ကန်တော့ကြသလို ခုနှစ်ရာခိုင်လက်ရှိဆရာတော် ဘုန်းတော်ကြီး ဦးသုဒ္ဒရ၏ မယ်တော်ထံလည်းသွားရောက်ခဲ့ကြပါသည်။
အသက်ရှည်သော ဘွားသက်ရှည်ကား ထိုင်နိုင်သေးသည်။ နားအာရုံကောင်းကောင်းမကြားတော့၊ ကျန်သည့် မှတ်ဥာဏ်လည်းမဆုတ်။ မျက်လုံးလည်းကောင်းသည်။ ယခင်နှစ်ကဆိုလျင် ကောင်းကောင်းလမ်းလျောက်နိုင် သေးသည်။ ယခုနှစ်တွင်မှ တွဲ၍ ထထိုင်ရခြင်းဖြစ်သည်ဟု ချွေးမဖြစ်သူမှ ပြောပြပါသည်။အို၊ နာ၊ သေဘေးတွင် အိုခြင်းဟူသော သဘာဝတရားတွင် သီလရှိသည့်အတွက် အသက်ရှည်ခြင်းကိုဖြစ်စေသည်မဟုတ်ပါလား။
ဘွားသက်ရှည် ဒေါ်အေးခင် ။ မြောက်ကုန်းရွာ။ (၁၀၄)နှစ်။

မြောက်ကုန်းရွာကိုအသွား တောလမ်းမှာ ကျမတို့ကိုလိုက်ပို့တဲ့ ကိုရင်လေးတွေ ကျောင်းသားလေးတွေနဲ့အမှတ်တရ

ဒေါ်ခင်မြင့်ကြည်နဲ့အမှတ်တရ

အသက်(၈၀)မိခင်ကြီး အမေမြကိုစောင့်ရှောက်ရင်း တရားလိုက်ထိုင်တဲ့ ဒေါ်ခင်မြင့်ကြည်အကို ဦးတင်အောင်မိုး (ခင်မကန်)

ခုနှစ်ရာခိုင်စေတီထိပ်ကနေ မြင်ရတဲ့ မြင်ကွင်းများ

အပွင့်များနဲ့ဝေဆာနေတဲ့ အညာ သနတ်ခါးပင်

ဆရာတော်ရဲ့ကျောင်းတော်ကိုစေတီပေါ်မှ မြင်ကွင်း


2 ဖတ်သူများပြောစကား:

  1. အန်တီ လေး ရွာနာမည်ကို ပြန်ပြီးပြင်ရေးပေးလို့ရမလားဗျ ။ရွာနာမည်က မြောက်ကုန်းရွာပါ ။မြောက်ရွာမဟုတ်ပါဘူးခင်ဗျ ကျေးဇူးပြုပြီး ပြန်ပြီးပြင်ရေးပေးစေချင်ပါတယ် အန်တီလေး ခင်ဗျ

    ReplyDelete
    Replies
    1. ရွာနာမည် ပြန်ပြင်ပေးလိုက်ပါတယ်။ ကြည့်ရတာ မြောက်ကုန်းရွာသားထင်ပါတယ်။ ခုနှစ်ရာခိုင်က ကိုရင်လေးတွေကို ဂရုစိုက်ပေးပါ။ သူတို့ရဲ့အနာဂတ်ကို အဆင်ပြေစေခြင်ပါတယ်။ သာသနာတော်ကိုလည်း စောင့်ရှောက်နိုင်သော ဗုဒ္ဒဘာသာကောင်းတွေလို့ဘဲ ချီးကျူးဂုဏ်ယူမိပါတယ်။
      ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

      Delete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts