Sunday, June 2, 2013

မြတ်စွာဘုရားသာသနာကို သက်သေခံသွားသော လူသိနည်းသည့် အရိယာနှင့်ဝိဇ္ဇာများ-၁



ကျမပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး တင်မယ်ဆိုရင်လည်း ဘာတွေအကောင်းဆုံးမျှဝေပေးနိုင်မလဲဆိုပြီးစဉ်းစားရတာကြောင့် မတင်ဖြစ်ပါဘဲ ဖြစ်နေပါတယ်။ ရေးခြင်တဲ့အကြောင်းအရာတွေကလည်း စာစုတွေကများ၊ နောက်မိုးလေးကျလာတော့ မိုးမကျမှီ အပင်ကလည်း ဒီနှစ်မှ ထူးထူးခြားခြားစိုက်ခြင်မိတဲ့အတွက် မျိုးစေ့တွေဝယ်ပြီး သိပ်လည်းမပြုစုရ အကြမ်းလည်းခံ ဈေးသွားဘို့ တော်တော်တန်တန် မလိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေစိုက်နေတဲ့ဘက်လည်း အချိန်ကပေးရနဲ့မို့ ပို့စ်မတင်ဖြစ်ဖြစ်နေခဲ့ရပါတယ်။ ကျမစိတ်ထဲမှာ လူသိပ်မသိတဲ့ ထူးဆန်းတဲ့ အကြောင်းအရာလေးတွေ ရေးခြင်တယ်လို့ ဖြစ်မိပါတယ်။ မမျှော်လင့်ပါဘဲ ဒီတခါတော့ ညောင်ဦးကို-ဘက်ပြန်- မြင်းခြံဘက်ကို ရုံးပိတ်ရက်မှာ ခြေဦးတည်လိုက်ပါတယ်။ ညောင်ဦးက သူငယ်ချင်းက မြင်းခြံ-ခင်မကန်ရွာဇာတိဖြစ်တဲ့ အတွက် ပြီးခဲ့တဲ့(၂)နှစ်လောက်က မြင်းခြံဘက်ကို သူ့သားအငယ်လေးနဲ့ ကျမကိုရောက်ဖူးအောင်ထည့်လွတ်လိုက်တဲ့ အတွက်  ကျမရောက်ခဲ့စဉ်က စိတ်ဝင်စားခဲ့တဲ့ ဘုရားများကို ပြန်သွားခြင်တဲ့စိတ်ကြောင့်-မြင်းခြံ ခင်မကန်နဲ့ (၂)မိုင်အကွာအဝေးမှာရှိနေတဲ့ ခုနှစ်ရာခိုင်ဆိုတဲ့ တောရကျောင်းလေးမှာ ပိတ်ရက်ကို ရသလောက်တရားအား ထုတ်ဖို့ စိတ်ကူးတည်ပြီး စီစဉ်လိုက်ပါတယ်။
ကဆုန်လပြည့်နေ့မတိုင်ခင် ညနေ(၅)နာရီ မြင်းခြံပေါင်းလောင်းကားနဲ့ဘို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနလမ်းထိပ်က စောင့်နေတဲ့အခါ မိုးက ခပ်သဲသဲရွာချလိုက်ပါတယ်။ အပင်အောက်ခိုလည်းမရ တော်တော်လေးစိုကုန်ပြီး ကားပေါ်က အလိုလိုအခြောက်ခံပြီး ခြောက်သွားပါတယ်။ မိတ္ထီလာကို မဖြတ်ရဆို တဲ့ဥပဒေကြောင့် ညကားက ပျော်ဘွယ်ကနေ အမြန်လမ်းမပေါ်တက် ပြင်စည်ဘက်မှ ပြန်လှည့်ဆိုတော့ အထက်ဘက်တက်လိုက် အောက်ဖက်ကို ပြန်ဆင်းလိုက်နဲ့ ခရီးကတော်တော်လေး အချိန်ပိုသွားပါတယ်။ မြင်းခြံရောက်တော့ ည(၁၂း၃၀)။ မြင်းခြံမှာတညအိပ်ပြီး နောက်နေ့ ခင်မကန်ကို သံကွင်းငါးကွင်းမိသားစု ၊ ကျမသူငယ်ချင်းရဲ့ ခမည်းခမက်အိမ်ကကားနဲ့လိုက် ပို့ပေးပါတယ်။ ခင်မကန်ရောက်တော့ ဒေါ်ခင်မြင့်ကြည်က သူ့အမေ အသက်(၈၀) မယ်တော်ကိုခေါ်တော့၊ မယ်တော်ကြီးကပါလာ။ မယ်တော်ကြီးပါတော့ သူ့အကိုကြီး ဦးတင်အောင်မိုးကပါ မယ်တော်ကြီးစောင့်ရှောက်ရင်းနဲ့ပါလာတော့ ကျမတို့အဖွဲ့က လူအင်အား (၄)ယောက်ဖြစ်သွားပါတယ်ရှင်။ ဦးတင်အောင်က ခုနှစ်ရာခိုင် မိုးကုတ်တရားစခန်းမှာ အကျိုးဆောင်၊ ကျောင်းကလည်း မယ်တော်ကြီးဒေါ်မြ ကိုးကွယ်ခဲ့တာဆိုတော့ ကျမတို့ မှာ အဆင်ပြေပြေတရားထိုင် ခဲ့ရပါတယ်။ 
ခုနှစ်ရာခိုင်တောရစခန်းဟာ မြင်းခြံမြို့နဲ့ (၅)မိုင်ခန့်ဝေးတဲ့ မန္တလေး-မြင်းခြံလမ်းမပေါ်မှာ ခင်မကန်ရွာ အတွင်းသို့ ကားလမ်းမမှဝင်ခဲ့ရပြီး ခင်မကန်ရွာမရောက်မှီလမ်းခွဲလေးမှ တောလမ်းအတိုင်းလိုက်သွားရင် သာသနာ့မဏ္ဍိုင် ခုနှစ်ရာခိုင် မိုးကုတ်ရိပ်သာကျောင်းကိုရောက်ရှိခဲ့ပါတယ်။ ကျမက တရားနားတဲ့အချိန်မှာ ဓမ္မရုံ၊ ဘုရားတွေထဲမှာ စင်္ကြန်လျှောက်ခဲ့ပါတယ်။ ကဆုန်လပြည့်နေမှာသာ ရွာက ဥပုဒ်သည်အဒေါ်တွေနဲ့ လူငယ်လေးတသိုက်ကတော့ ဆူဆူပွက်ပွက်ရှိပေမဲ့ ညနေပိုင်းက စပြီးလူသူကင်းဆိတ် အင်မတန်မှ ဆိတ်ငြိမ်တဲ့နေရာဖြစ်ပါတယ်။
ခုနှစ်ရာခိုင်ဘုရားက အထက်ခုနှစ်ဆင့်တက်လို့ရပြီး အတက်လမ်းက လူတကိုယ်စာ(၀လျင် စောင်းပြီး တက်ရပါတယ်)။ ကျဉ်းကျဉ်းကြပ်ကြပ်တက်လို့ပြီးရင် နောက်အပေါ်ဆင့်တွေမှာ သံလှေကားတွေဖြစ်တဲ့ အတွက် လူငယ်တော်တော်များများက ဘုရားအပေါ်ဆုံးထပ်ကိုတက်ဖို့စိတ်ဝင်စားကြ တဲ့အတွက် ခုနှစ်ရာခိုင်တောရစခမ်းကို လာလေ့ရှိတယ်လို့သိရပါတယ်။ အထူးသဖြင့် ကျောင်းသူကျောင်းသား တွေပါဘဲ။
အဆင့်ဆင့်တက်ရတဲ့ ခုနှစ်ရာခိုင်ဘုရား

ညာဘက်ဘုရားလေးနဲ့နေရာကသာ ဆရာတော် ဂူအောင်းကျင့်ရာ နေရာဖြစ်ပါတယ်။ နောက်ဆက်တွဲက ထပ်ဆောက်ထားတာပါ။

ထူးထူးခြားခြား ယက်ကန်းစင်တောင်ဆရာတော်ကြီးဖော်ထုတ်ပေးခဲ့သော ဆုတောင်းပြည့်ဝစေတီတော်။ ယက်ကန်းစင်တောင်ဆရာတော်ကြီးအား ကသိုင်းပါမောက္ခ နေလအသွင်ရွေသားပုရပိုက်ရှင်လို့ ရေးထားသည်ကို ဖတ်ရှုရပါတယ်။



ဂူရဲ့စာသားတွေဟာ ကျမစိတ်ကိုအတော်ဆွဲဆောင်ပါတယ်။ ကျမဟာ အရင်တခါရောက်တုံးက ဘုန်းဘုန်းကို ကန်တော့ ဘုရားပတ်ကြည့်ပြီး ပြန်သွားတာမို့ အဲဒီဂူကိုလည်း သေချာဂဏသတိမထားလိုက်ပါဘူး။ ကျမသူငယ်ချင်းကို ကျမက ခုနှစ်ရာခိုင်မှာ တရားသွားထိုင်ခြင်တယ်ဆိုတော့ သူက ယက်ကန်းစင်တောင် ဆရာတော်ဘုရားကြီးအဆက်အစပ်ရှိတဲ့နေရာလို့ အဲဒီကျမှ သိခဲ့ရတာဖြစ်ပါတယ်။ စပ်စုရင်းကနေ တနေရာက ဘုရားလိုလို ကျောင်းလိုလိုနေရာကိုရောက်တော့ ကျမအထူးအံ့သြသွားတာက မှန်ခေါင်းနဲ့ ရုပ်ကလပ်သွင်း ထားတဲ့ ဆရာတော်တပါးရဲ့ စံကျောင်းဖြစ်နေလို့ပါဘဲ။



ဆရာတော် ဦးသုဇာတ၏ စံကျောင်းမှ ကဗ္ဗည်း
ဆရာတော် ဦးသုဇာတ ရုပ်ကလပ်ရှိ၇ာ စံကျောင်း


ဆရာတော် ဦးသုဇာတ၏ မပုတ်မသိုးသော ရုပ်ကလပ်အား ခြေဖ၀ါးဖက်မှ ခဲခဲယဉ်းယဉ်းပုံပေါ်အောင် ရိုက်ခဲ့ရတာဖြစ်ပါတယ်။

ကျမက ခေါင်းရင်းကနေပတ်ကြည့်ပြီး ဓာတ်ပုံရိုက်ဖို့ အမျိုးမျိုးကြိုးစားတယ် မရဘူး။ မှန်အရိပ်၊ သစ်ပင်အရိပ်၊ကျမရဲ့အရိပ် အရိပ်တွေဟာ ရောထွေးနေပြီး နေရာအမျိုးမျိုးရွေ့လည်း ဘယ်လိုမှ ရိုက်မရဘူး။ ကျမစိတ်ထဲမှာ အော် .. ဆရာတော့် ခေါင်းရင်းကြီးက ရိုက်တာ မကြိုက်လို့ထင်တယ်ဆိုပြီး ၊ ခြေရင်းဘက်က ကျမရွေ့သွားပါတယ်။ ခြေရင်းရောက်တော့လည်း အရင်အတိုင်းပါဘဲ။ အဲဒီအချိန်မှာ စိတ်ထဲမှာ အမှတ်ရမိတာတစ်ခုက ကျမအဖေ ဝေဘူဆရာတော်ဘုရားကြီးကို ဓာတ်ပုံရိုက်တုံးက ဆရာတော်ကြီးကို စိတ်ထဲမှ ခွင့်တောင်းပြီး ရိုက်ခဲ့တာ သူ့ဖလင်လိပ် (၂)လိပ်စလုံးမှာသာ ပုံထင်တယ်ဆိုတာကို အမှတ်ရမိလိုက်ပါတယ်။ ဒါကြောင့် ကန်တော့ လျှောက်ထားခွင့်တောင်းပြီး မှတ်တမ်းထားခြင်လို့ ရိုက်ခွင့်ပြုပါ၊ ရေးခွင့်ပြုပါ၊ ဆရာတော်ဘုရားအကြောင်းကိုလည်း သိခွင့်ရပါရစေလို့ ဆုတောင်းကန်တော့လိုက်ပါတယ်။ အဲဒီအခါမှာ ထူးဆန်းစွာနဲ့ အရိပ်တွေကြားကနေ ခြေထောက်တော်ကို ထင်ထင်ရှားရှားမြင်ခွင့် ရိုက်ခွင့်ရပါတယ်။ ဒါနဲ့တင် မပြီးသွားသေးပါဘူး။ ကျမ တရားဆက်ထိုင်ပါတယ်။ ထိုင်လို့ မိနစ်(၂၀)လောက်ကြာတဲ့အခါမှာ ဆရာတော်တပါး အာရုံထဲကိုကြွလာပါတယ်။ ပုံစံကတော့ ယက်ကန်းစင်တောင် ဆရာတော်ဘုရားကြီးပုံတော်အတိုင်း၊ ယက်ကန်းစင်တောင်ဆရာတော်ဘုရားကြီးလား မသိဘူးလို့ တွေးနေတုံး နင် ငါ့ကို မကြောက်ဖူးလားလို့ မိန့်လာပါတယ်။ ကျမကလည်း မကြောက်ဖူးဘုရား လို့ ပြန်ပြောလိုက်ပါတယ်။ ဘာလို့မကြောက်တာလည်းလို့ မေးပြန်ပါတယ်။ တနေ့တပည့်တော်တို့လည်း ဒီလမ်းသွားရမှာမို့ မကြောက်တာပါဘုရားလို့ ပြန်ပြီးဖြေလိုက်တော့ ပျောက်သွားပါတယ်။ မေးတဲ့မေးခွန်းကို ထောက်ရှုခြင်းဖြင့်- ခုနှစ်ရာခိုင်ဆရာတော် ဦးသုဇာတ ကြွလာခြင်းဖြစ်တယ်လို့ သိလိုက်ရပါတယ်။ တစ်ခု ထူးဆန်းတာက ဆရာတော်ရဲ့မျက်လုံးအိမ်တဖက်က အရင်ကခေတ်စားတဲ့ လှည်းဘီးမျက်မှန်လောက်ကို ကြီးမားနေပါတယ်။ တဖက်မျက်လုံးကိုတော့ သတိမထားမိလိုက်ပါဘူး။ ပိန်ပိန် ပါးရိုးနားရိုးကျကျဆိုတာ လည်း မြင်လိုက်ရပါတယ်။ သို့သော် ထိုင်နေတဲ့ပုံပါ။


ဆရာတော် ဦးသုဇာတ ဂူပိတ်ကျင့်ခဲ့တဲ့ ဂူ၊ လက်နှိပ်ဓာတ်မီးထိုးပြီး ၇ိုက်ခဲ့ရတာပါ။

အဲဒီကိစ္စက ကျမရဲ့စပ်စုခြင်စိတ်ကို တွန်းပို့တော့တာပါဘဲ။ တရားလည်းဖြုတ်ရော။ ကျမက ဦးဇင်းဦးပညာသီရိထံ ရောက်သွားပြီး ဆရာတော်ကြီးက ဒီလိုပုံစံလား။ ထိုင်နေပုံက ယက်ကန်းစင်တောင် ဆရတော်ဘုရားကြီးအထိုင်ပုံနဲ့ တပုံစံတည်းမို့လို့ ထင်ယောင်ထင်မှားဖြစ်မိတယ်။ ဆရာတော့်ပုံတွေ ကြည့်ခြင်တယ်။ ဘယ်လိုလုပ်ပြီး ရုပ်ကလပ်တော်ရှိ မပုတ်မသိုးတာလည်း စသည်ဖြင့်ပေါ့။
ဆရာတော်ပုံကို မှန်ဘောင်သွင်းထားတာ ထုတ်ပြလိုက်တဲ့အခါ အာရုံမှာလာပြတဲ့ ပုံနဲ့ တပုံစံတည်းဖြစ်နေပါတယ်။ အာရုံမှာ သိပ်မထင်ရှားတာနဲ့ ဓာတ်ပုံက ပိုပြတ်သားတာ ဒါဘဲကွာပါတယ်။ နောက်ဆရာတော်တပ်လေ့ရှိတဲ့ မျက်မှန်ကလည်း အ၀ိုင်းအကြီး လှည်းဘီးမျက်မှန်ပုံစံဖြစ်နေတာကို တိုက်တိုက်ဆိုင်ဆိုင်ဓာတ်ပုံထဲမှာ မြင်ခဲ့ရပါတယ်။
ဆရာတော် ဦးသုဇာတက ဦးဇင်းနဲ့ ငယ်စဉ်ထဲကအတူနေလာတာဖြစ်ပါတယ်တဲ့။ 
ဆရာတော် ဦးသုဇာတ၏ ရုပ်သွင်
ဆရာတော် ဦးသုဇာတအကြောင်းပြောပြတဲ့ ဦးဇင်း ဦးပညာသီရိ

ဦးဇင်းကကိုရင်လေးဘ၀ပါ။ ဆရာတော်က ကျောင်းအနားက တောအုပ်ထဲမှာ ညညဆိုကျင့်ပြီး ဦးဇင်းကတော့ တဲထဲမှာနေခဲ့ရတယ်။ ခေါ်မှ လာ ငါမခေါ်ရင် မလာနဲ့လို့ အမိန့်ထုတ်ထားသတဲ့။ တခါတရံဆို ညမအိပ်ဘဲ ကျင့်တယ်လို့ဆိုပါတယ်။ ခရီးရောက်လာတဲ့အခါ ပုံထဲမှာ ဖော်ပြထားတဲ့ ဂူထဲမှာ ပိတ်ပြီး (၁၅)ရက်တိတိ ကျင့်ပြန်တယ်ဆိုပါတယ်။ ဆရာတော်ဂူပိတ်ကျင့်နေစဉ်မှာ ယက်ကန်းစင်တောင်ဆရာတော်ဘုရားကြီး ဂူထဲကို (၃)ကြိမ်လောက်ကြွလာ တဲ့အတွက် ဂူမှာ ကဗ္ဗည်းထိုးထားခြင်းဖြစ်ပါတယ်တဲ့။ ဂူထဲကနေပြန်ထွက်တဲ့အချိန်မှာ လူတွေက အုပ်အော် သောင်းနင်းလာကြည့် သေပြီလား၊ မေ့နေပြီလား၊အမျိုးမျိုး။ ဂူဖွင့်တဲ့အခါ အုပ်တချပ်စီ ဖြေးဖြေးချင်းစဖွင့် ၇ပါတယ်တဲ့။ အဲဒီအခါမှာ ကျမသူငယ်ချင်းက သူ ခုနှစ်တန်းကျောင်းသူဘ၀က ရွာကတွေလာကြည့်လို့ လိုက်လာပြီး၊ ဂူအသွင်းရော ဂူအထွက်ကော သူလာကြည့်တယ်။ သူတို့ရှေ့မှာဘဲ ဆရာတော်က ထပြီး လမ်းလျှောက်ထွက်သွားတာလို့ပြောပါတယ်။ အဲဒီနောက်ပိုင်း လယ်ဝေးဘက်မှာ ဖောင်တော်ဦးဘုရားတည် တဲ့အတွက်ေ၇ဆင်းကနေသားအကြီးတစ်နှစ်သားလောက်မှာ ဆရာတော်ကြွလာတဲ့ လယ်ဝေးဖောင်တော်ဦး ကိုလိုက်သွားခဲ့သေးတယ်လို့ ဒေါ်ခင်မြင့်ကြည်က ပြောပြပါတယ်။
တကယ်တော့ ဒေါ်ခင်မြင့်ကြည်က ၀ိဇ္ဖာလိုင်းနဲ့ဆက်နွယ်နေတဲ့ အကြားအမြင်၊ ဘာညာတွေကို အားမပေးတဲ့ သူပါ။ ဒါပေမဲ့ သူတို့ကိုးကွယ်ခဲ့တဲ့ ဆရာတော်ဟာ ထွက်ရပ်ပေါက် ၀ိဇ္ဇာဆိုတာကို သူဟာ အခုကျမတို့ ဦးဇင်း တို့ ပြောကြမှ သိသွားတာဖြစ်ပါတယ်။ ဆရာတော်ဟာ လက်ထဲ ငွေ ၂ ကျပ်လောက်ဖဲရှိပြီး၊ ဒကာတွေကလည်း ဘတ်ဂျက်အခြေအနေမကောင်းလို့ မတည်ဘို့ လျှောက်ကြတယ်။ ဒါပေမဲ့ ဆရာတော်ဟာ သူအားထုတ်ထား တဲ့ သမထအားကို ယုံကြည်တဲ့အတွက် တည်မယ်ဆိုပြီး နောက်မဆုတ်တဲ့ ဇွဲလုံ့လနဲ့ပြီးတဲ့အထိ တည်သွား ပါတယ်တဲ့။
ကရ၀ိတ်ဖောင်တော်ကို ခုနှစ်ရာခိုင်မှာ ဆောက်လုပ်ထားပြီး ဖောင်ပေါ်မှာဘုရားတည်ထားတာလည်း ၊ ဒီအကြောင်းပါဘဲ။ လယ်ဝေးမှာ ဖောင်တော်ချက်မဆိုတဲ့ ဘုရားဟာ အထင်အရှားပါ ကဆုန်လပြည့်နေ့ဆို ရင် ပွဲတော်စတင်ပါတယ်။ အခုဆိုရင် စနေပါပြီ။ ကျမလည်းနှစ်စဉ် သူငယ်ချင်းက ပွဲဈေးထွက်တဲ့အတွက် တစ်ညအိပ်အနည်းဆုံးတော့ သွားဖြစ်ပါတယ်။ နောက်တပတ်ဆိုရင် သွားဖြစ်မယ်ထင်ပါတယ်။ ဖောင်တော်ချက်မ ပွဲဈေးခင်း ရောက်မှဘဲ ဖောင်တော်ဦးစေတီကို သွားပြီး ဖူးမျှော်လိုက်ပါဦးမယ်။ ကပ်ကျော်ဘုရားတစ်ဆူလို့ပြောရမှာပါဘဲ (ရန်ကုန်ဆူးလေလိုပေါ့လေ)။ ဖောင်တော်ဦးဘေးမှာ က လယ်ဝေးရဲ့ အထင်ကရ ဘုရားတဆူဖြစ်တဲ့ ရန်အောင်မြင် ရွှေလက်လှဘုရားကြီးက တည်ထားပါတယ်။ မင်းတုန်းမင်းကြီး လက်ညှိးဖြတ်လှူခဲ့လို့ ရွှေလက်လှဘုရားလို့ အမည်ပေးထားပြီး အခုဆို၇င် အ၇င်ကလို ဘုရားဟောင်းနွမ်းကြီး မဟုတ်တော့ဘဲ အင်မတန်မှ သပ္ပါယ်တဲ့ဘုရားတဆူဖြစ်နေပါတယ်။ နေပြည်တော်ကြီးရဲ့ကောင်းမှုပေါ့ရှင်။ 

ကရ၀ိတ်ဖောင်တော်

ဆရာတော် ဦးသုန္ဒရ။ အမေမြ၊ ကျမနှင့်ကိုရင်လေးများ

အဲဒီမှာ ဆွမ်းဆန်စိမ်းလောင်းပွဲပြုလုပ်တဲ့အခါအရမ်းစည်ကားပါတယ်။ ဆရာတော်ဘုရားကြီးတွေ ကြွလာပြီး တရားဟောကြပါတယ်ရှင်။ ကျမလည်း ထိပ်တန်းတေးသံသွင်းက အန်တီဝင်းကောင်းမှူကြောင့် မနှစ်က အခန်းအနားကိုကော တရားပွဲကိုရော ရောက်သွားခဲ့ပါသေးတယ်။ ဖောင်တော်ဦးဟာ ရွှေလက်လှဘုရားရဲ့ အနီးအနားမှာတည်ထားတဲ့အတွက် ကျမတို့ကိုယ်တိုင်ကို ကျော်သွားတဲ့ ၀ိဇ္ဇာဘုန်းကြီး (မြေထုံကူးတာ အောင်မြင်သွားတဲ့)တည်ထားတဲ့ဘုရားတဆူ၊ ထိုဘုရားတည်သူဘုန်းဘုန်းသည် သာသနာ့မဏ္ဍိုင် ခုနှစ်ရာ ခိုင် ဟု ကဗ္ဗည်းအတိတ်နမိတ်ထားခဲ့သော ဆရာတော် ဦးသုဇာတပင်ဖြစ်ပါတော့သည်။
ဦးဇင်းနှင့်စကားပြောရင်း ဆရာတော်ဘုရားကြီးအာရုံတွင် မျက်လုံးတဖက် အဆင်မပြေဖြစ်နေသည်ကိုမြင်ရသ ဖြင့် ဦးဇင်းအား ဆရာတော်ကို ခေါင်းသွင်းတော့ ပြောတဲ့အတိုင်းလိုက်နာပြီးလုပ်ပေးကြရဲ့လား။ တပည့်တွေ မကောင်းရင်လည်း ခံရတတ်တယ်တဲ့ဟု ပြောမိရာ၊ အင်း ဒကာမကြီးပြောမှဘဲ ဆရာတော်က တောင်နဲ့မြောက်ဖက်မှာ အပေါက်ဖောက်ခိုင်းတာ အခုက အရှေ့နဲ့အနောက်မှာဖောက်ထားကြတယ်။ ဂူတည် ခိုင်းတဲ့နေရာကလည်း ဒီနေရာမဟုတ်ဖူး။ အခုက အ၀င်ပေါက်ကြီးဖြစ်နေလို့ ရွေ့မယ်လုပ်လိုက်နဲ့ မရွေ့ဖြစ်ဘူး ဟုပြောပြပါသည်။ တကယ်တော့ အသုဘကမ္မဌာန်းတောင် တမင်ရှုရသေးတာ၊ မရွေ့ပါနဲ့ သူ့အတိုင်းသူနေပါ စေဟု ကျမကတော့ ပြောဖြစ်အောင်ပြောမိလိုက်ပါသေးသည်။
ဆရာတော်က အရိယာ ၀ိဇ္ဇာလား သမထ ၀ိဇ္ဇာလားဟု မေးကြည့်ရာ အရိယာဘက်ကူးဘို့ ကြိုးစားနေတုံး ပျံလွန်တော်မူသွားတာ။ မရောက်လိုက်ဖူးဟု ပြောပြပါသည်။ အင်မတန်မှ နှမျောစရာကောင်းပါသည်။ ထုံကူး နိုင်သည်ဆိုသည်မှာ လွယ်သည့်အလုပ်မဟုတ်။ သို့သော် နိုင်ငံတော် သာသနာရေးဆိုင်ရာမှ အားမပေးပါ။ ဘုရားဟောလည်းမဟုတ်ပါ။ မီးထုံကူးရာတွင် မင်းဘူးဘက်မှ ဆရာတော် ဦးကောဝိဒသည် အခွေများပင် ထွက်ရာ- နိုင်ငံတော်သာသနာရေးဦးစီးမှ နောက်ပိုင်းတွင် သိသည့်အခါ ပိတ်လိုက်ပါသည်။ အတုခိုးမှား မှာ စိုးလို့ဖြစ်ပါသည်။ သမထအားသည်လည်း ထုံကူးမှမဟုတ်ပါ။ ဝေဘူဆရာတော်ဘုရားကြီး ၇သေ့ကြီးအား မိန့်သည်ကို ကျမရေးသားဘူးပါသည်။ ၀ိဇ္ဇာဆိုတာ ပုတီးစိတ်ရင် တလုံးထိ တလုံးသိတဲ့။ ကိလေသာတွေ မရှိတဲ့အချိန် ၀ိဇ္ဇာဘဲဟု မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကဆိုသည်။ ၀ိဇ္ဇာရူးရူးခဲ့ဘူးသည်ဟု ဆရာတော် ဘုရားကြီးကလည်းမိန့်ခဲ့သလို သမထလိုင်းများနှင့်ပတ်သက်၍ နောင်လာနောက်သားများအတွက် ဆရာတော် ဘုရားကြီးသည် မိမိ စိတ်တန်ခိုးအရ  မိမိ၏ဆရာ ဘ၀ိမလ (အရိယာ-၀ိဇ္ဇာ)နှင့်ပတ်သက်၍ ၀ိဇ္ဇာလိုင်းများ အကြောင်းကို ရေးသားထားပါသည်။ တပည့်ဒကာက မှာကြားသည့်အတိုင်းမလုပ်လျင် အထွက်ခက်သည့် အကြောင်း၊ ခန္တာကို မစွန့်လိုပါသော်လည်း ဘိုးတော်အောင်မင်းခေါင်ကြီးက ဘ၀ိမလအား မင်းရဲ့ဆင်ကြီးကို စွန့်တော့ဟုဆိုလိုက်ရာ ခန္တာစွန့်ခဲ့ရကြောင်း၊ (ဘ၀ိမလကား ဗုဒ္ဓဟူးသားဖြစ်၍ ဘုရားတည်လျင် ဆင်ရုပ်ကြီး ပေါ်တွင် မီးထွန်းလေ့ရှိသည်)ဟုဆိုပါသည်။
ဝေဘူဆရာတော်ဘုရားကြီး ရဟန်းကိစ္စပြီးသည်ကို သိသောအခါ အိန္ဒိယနိုင်ငံတွင် ညီအကို ရဟန်းညီနောင် ဖြစ်ခဲ့ဘူးသော ဘ၀ိမလသည်၊ ဝေဘူလိုသာ တရားရမယ်ဆိုလျင် ဆီအိုးပွက်ပွက်ဆူထဲတောင် ခုန်ချလိုက်ခြင် စမ်းတယ်ဟု ညီးတွားဘူးကြောင်း ရေးသားထားပါသည်။ ရဟန္တာဘ၀ကား ၀ိပသနာဖြင့်အတက်၊ သမထကား အတည်ဖြင့်အတက်။ မတူတာမှလုံးလုံးမတူ။ ၀ိပသနာတရားသည် မည်မျှတန်ဘိုးထားသည်ကို အရိယာ-၀ိဇ္ဇာဖြစ်သော ဘ၀ိမလ၏ ညီးတွားပုံကိုသာကြည့်ပါ။
မြန်မာနိုင်ငံတွင် ၀ိဇ္ဇာလိုင်းမှန်းမသိ ၊ ရဟန္တာ ရဟန္တာဆိုကာ ဇွတ်တင်နေသည်များလည်း များစွာရှိပါသည်။ သမထ ၀ိဇ္ဇာကား သိဒ္ဓိပိုင်းတွင် သူ့ဆိုင်ရာဆိုင်ရာ ပိုင်ကြပါသည်။ တစ်ဦးနှင့်တစ်ဦးလည်း မတူကြ။ ရုပ်ကြွင်း မပုတ်မသိုးတိုင်းလည်း ရဟန္တာမဟုတ်ပါ။ ဒါလေးကိုတင်ပြလိုသည်က တကြောင်း၊ မြေထုံကူးသွားသော လူမသိ သူမသိဆရာတော် ဦးသုဇာတ၏ မပုတ်မသိုးသော ရုပ်ကလပ်သည် ယနေ့တိုင် သက်သေအဖြစ် ရှိနေသည်ကိုလည်းကောင်း မှတ်တမ်းတင်ဖော်ပြခြင်းဖြစ်ပါသည်။
စိတ်ဝင်စားစရာ မြေထုံကူးသောဂူကိုပတ်ကြည့်တော့ အထဲက ၀င်မရ။ ခတ်လို့။ နောက်တော့ ၀င်ကြည့်ခြင်ပါတယ်လို့ ဦးဇင်း ဦးပညာသီရိထံ သော့တောင်းလျှောက်ထားတဲ့အခါ ဦးဇင်းကဘေးပေါက်ကဖွင့်ထားတယ်ဆိုလို့ ကျမတို့ ကိုရင်လေးများနဲ့အတူ ၀င်ကြည့်ခဲ့ပါတယ်။ ယခင်ဆရာတော် ဦးသုဇာတဟာ အဲဒီအထဲမှာ ဂူအောင်းကျင့်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ၃ ပေလောက်ဖဲ ကျယ်ပါတယ်။ ပုံထဲမှာမြင်ရတဲ့အတိုင်းပါဘဲရှင်။
မြင်းခြံက အထင်ကရ စွန်းလွန်းဆရာတော်ဘုရားကြီးက ရဟန္တာစစ်စစ်၊ မပုတ်မသိုးသော ရုပ်ကလပ်နှင့် အထင်ကရ၊ ခုနှစ်ရာခိုင်ဆရာတော် ဦးသုဇာတကား မပုတ်မသိုးသော ရုပ်ကလပ်နှင့် ၀ိဇ္ဖာလိုင်း။ နောက် တပါးရှိပါသေးတယ်။ ဒါကတော့ စမ်းကျတောရကျောင်းဆရာတော်တပါးဖြစ်ပါတယ်။ ရုပ်ကလပ်ဆရာတော် လို့ ခေါ်ဝေါ်ကြပါတယ်။ ဆက်ပါဦးမယ်နော်။ 
သာသနာ့ မဏ္ဍိုင် ခုနှစ်ရာခိုတွင် ရှိသော မိုးကုတ်ရိပ်သာ ပွင့်လင်းသစ္စာ ဓမ္မရုံ။ နှစ်စဉ် တရားစခန်းပွဲများ ကျင်းပပြီး ၀ိပသနာ တရားများကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအတိုင်း တရားပြသလျက်ရှိပါသည်။

ခုနှစ်ရာခိုင်က ကြည်နူးဘွယ်ရာ တောရကျောင်းသဘာဝပုံများကိုလည်း ကြည့်ရှုနိုင်အောင် မှတ်တမ်းတင်ခဲ့ပါတယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts