Sunday, June 2, 2013

မြတ်စွာဘုရား၏ ဓမ္မတို့အား သက်သေခံ ရုပ်ကလပ်ဆရာတော် (စမ်းကျတောရကျောင်း၊ မြင်းခြံ)




စမ်းကျတောရကျောင်းသည် မြင်းခြံမှ (၃)မိုင်အကွာအဝေးခန့်တွင်တည်ရှိပါသည်။ မန္တလေးအထွက် ကားလမ်းမှ ပေါ်မှ စမ်းကျတောရကျောင်းဆိုင်းပုတ်အတိုင်းဝင်သွားလျင် တမိုင်ခန့်တော့ ဝေးမည်ထင်ပါသည်။  စမ်းကျကျောင်းကို လွန်ခဲ့သည့်(၂)နှစ်ခန့်ကရောက်ဖူးပါသည်။ အချိန်မရသည့်ကြားတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သဖြင့် ကျောင်းသားများ ရှုတ်လျက်ရှိရာ ဆရာတော်နှင့်လည်း ကောင်းကောင်းစကား မပြောရ၊ ယခုတခါလည်း အချိန်ကမရ သို့သော် ရောက်အောင်သွားမည်ဆိုသော ကျမကို ကျမသူငယ်ချင်းက မတားတော့။ ကျမ အလွန်တရာမှ နှစ်သက်သော ဘူမိဖသမံဘုရားတဆူလည်း ထိုကျောင်းတွင်ရှိသည်။
စမ်းကျဆိုသည့်အတိုင်း စမ်းချောင်းပေါ်တွင် တံတားဆောက်ထားပြီး ရေကျချောင်းလေးကို ကူးမှ တဖက်ကျောင်းသို့ရောက်သည်။ ယခုတခါ ဆရာတော်သည် ကျောင်းပိတ်ထားသဖြင့် အားလပ်နေရာ၊ စကားစမည်ပြောခွင့်ရပါသည်။ ဆရာတော်ဘုရားအား စမ်းကျဆရာတော်ဘုရားအကြောင်း အနည်းငယ် သိလိုပါသည်ဟု မေးမြန်းရာ ဆရာတော်မှ ပထမသင်္ဂဇာဆရာတော်ကြီးမှာ မင်းတုန်းမင်းကိုးကွယ်သော ဆရာတော်ကြီး(၆)ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သည်ဟုသိရပါသည်။ ကနောင်မင်းသားကြီး ရေမြှပ်ဗုံး စမ်းသပ်သည့်ကိစ္စနှင့်ပတ်သက်၍ နန်းတွင်းတွင် အရေးအခင်းရှုတ်ထွေးနိုင်သည်ကို ကြိုတင်တော်မူသ ဖြင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ နန်းတွင်းအရေးအခင်းနဲ့လည်း ကင်းစေ။ မိမိလည်း တရားအားထုတ်နိုင်စေရန် ရည်ရွယ်၍ စမ်းကျနေရာတွင် တောရဆောက်တည်ခဲ့သည်။ သင်္ဂဇာဆရာတော်ကြီးနှင့်အတူ တပည့်ရဟန်း လိုက်ပါလာရာ- ထိုရဟန်းကား ယခု ရုပ်ကလပ်ဆရာတော်ဟု အမည်တွင်နေသည့် စမ်းကျတောရတွင် မပုတ် မသိုးယနေ့ထက်တိုင် စံကျောင်းတွင် စံမြန်းနေပါသော ရုပ်ကလပ်ဆရာတော်ကို ဖူးမျှော်ရခြင်းဖြစ်ပါသည်။
ပထမစမ်းကျဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရှင်ပညာသီရိ ၊ သက်တော်(၉၀)၊ သိက္ခာတော်(၅၆)၀ါ။ရုပ်ကလပ်ဆရာတော်ဟု အမည်တွင်ပါသည်။

မပုပ်မသိုးရှိနေသော ရုပ်ကလပ်ဆရာတော်အရှင်ပညာသီရိ


စမ်းကျဆရာတော် ဘုရားကြီး၏ မပုတ်မသိုးသော ရုပ်ကလပ်တော်

ခြေထောက်တော် ဖြုတ်ခိုးခံရသဖြင့် အတုအားတပ်ပူဇော်ထားပြီး သံပန်းတခါးဖြင့်အခိုင်အမာ သော့ခတ်ထားသည့် စံကျောင်း။

ဆရာတော်ကြီးသည် ၀ိပသနာတရားကို အပတ်တကုတ်အားထုတ်ပြီး ဒကာဒကာမများကိုလည်း တရားဟောတိုင်း ၀ိပသနာတရားကိုအားထုတ်ရင် သေရင်တောင် မပုတ်မသိုး ရှိနေတတ်တယ်လို့မိန့်တော် မူပါတယ်လို့ စမ်းကျဆရာတော်မှ ပြန်လည်ပြောပြ မိန့်ကြားပါသည်။ ဆရာတော်ဘုရားကြီးပြန်လွန်သော ရုပ်ကလပ်အားစံကျောင်းတွင်ထားရာ မပုတ်မသိုးသဖြင့် ယခုထက်တိုင် ဖူးမြင်ရသည်ဖြစ်ကြောင်းပြောပြ ပါသည်။
ရုပ်ကလပ်ဆရာတော်သည်ကား မြတ်စွာဘုရားတရားတွေ ဘုရားထားတဲ့လမ်းစဉ်အတိုင်းသာလိုက် တကယ်လုပ် တကယ်ဖြစ်တယ်ဆိုသည်ကို ရုပ်ကလပ်ဖြင့် မပုတ်မသိုး သဘာဝအတိုင်း သက်သေခံပြ သွားသည်မှာ ဆရာတော်ဘုရားကြီးသာမက မြတ်စွာဘုရား၏ ဥာဏ်တော်၊ ဘုန်းတော်တို့ကား မည်သို့ အံ့ဘွယ်ဖြစ်မည်ကို မှန်းမျှော်၍ ကြည်ညိုနိုင်ကြပါသည်။ မြင်းခြံမြို့နယ်တွင်ပင်၊ စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ၊ ရုပ်ကလပ်ဆရာတော်ဘုရားကြီး ဦးပညာသီရိနှင့် ဆရာတော် ဦးသုဇာတတို့ကား သက်သေခံ မျက်မြင်လက်တွေ့ပြသနေကြသည်။
ဆရာတော်ဘုရားကြီးသည် သက်တော်(၉၀)တွင်ပျံလွန်တော်မူရာ လက်တော်များသည် အသက်ရှင်နေစဉ် အတိုင်း ကွေးညွတ်လို့ရကြောင်း၊ ပထမတွင် (၉)ရက် ထားရာ မပုတ်မသိုး အနံမထွက် သည့်အတွက် ဆက်လက်၍ ရုပ်ကလပ်ကိုထားရာ ယခုထက်တိုင်ပင်အသားအရေများခြောက်ကပ်သွားကြောင်းကို စမ်းကျ ကျောင်းထိုင်နာယကဆရာတော်မှ မိန့်တော်မူပါသည်။ 



စမ်းကျတောရကျောင်း၏ အပေါ်ထပ်တွင်ပူဇော်ထားသော ဘူမိဖသ မံဘုရားအား ကြည်ညိုဘွယ်ဖူးမျှော်ရစဉ်

ရုပ်ကလပ်ဆရာတော်ဘုရားအကြောင်း ရှင်းပြနေသော စမ်းကျတောရကျောင်းဆရာတော်

သမထ ပိုင်နိုင်သည့် ဆရာတော် ဦးသုဇာတ ပင်လျင် မပုတ်မသိုးရှိနေလျင် ၀ိပသနာဆရာတော်ဘုရားကြီး နှစ်ပါးကား ပြောဘွယ်မရှိ။ မြတ်စွာဘုရားဆိုလျင် မှန်းမျော်ယုံနှင့် ကြက်သီးထပါဘိတော့။
လွန်ခဲ့သော(၂)နှစ်က ဦးဇင်းတပါး၏ ပြောပြချက်အရ ဆရာတော်ဘုရား၏ ရုပ်ကလပ်မှ ခြေထောက်တော် ခိုးခံရကြောင်းသိရပါသည်။ မပုတ်မသိုးသော ရုပ်ကလပ်တော်၏ တန်ခိုးများကို မကျင့်ဘဲ လိုခြင်သောစိတ် ကြောင့်လား။ သို့မဟုတ် အချို့သောသူများက သိဒ္ဓိပြီးသည်ဟု ယူဆသောကြောင့်ခိုးသွားသည်လားမသိ။ ခြေထောက်တော်ကို အတု သစ်သားအညိုရောင်ဖြင့် မလှမပတပ်ထားရသည်။ 
စမ်းကျဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ရှိရာစံကျောင်းသို့သွားရာလမ်းမှ ကြိုးတံတား။
လက်ရှိဆရာတော်ကား ဘိဝံသ တပါးဖြစ်ပါသည်။ ကျမသည် ဆရာတော်အား ဘိဝံသတပါးဖြစ်ခြင်းကြောင့် ဒီထက်ထိုက်တန်သော နေရာတွင် ရှိနေစေခြင်သည်ကို ပြောပြမိရာ၊ ဆရာတော်က မိမိသည် ယခုကျောင်းမှထွက်သူဖြစ်ကြောင်း၊ မိမိဖခင် သည်လည်း ယခုကျောင်းတွင်ပင် နေခဲ့ကြောင်း၊ ယခုလည်း ဘုန်းတော်ကြီး ပညာသင်ကျောင်း ပရဟိတလုပ်ငန်းကိုလုပ်နေကြောင်း။ ကျမကလည်း ဘိဝံသဘွဲ့ရရှိရန်အတွက် အသက်ကန့်သတ်ချက်ရှိ ကြောင်း၊ အသက်ကန့်သတ်ချက်နှင့်ကိုက်ညီပြီး စာများကိုလည်း သတ်မှတ်သော အတန်းများကို အဆက်မပြတ်သင်ကြားအောင်မြင်လာမှသာ ဘိဝံသစာမေးပွဲကိုဖြေခွင့်ရသဖြင့်။ အတိုင်းအတာတခုအတွင်း ဘောင်ခတ်ထားသော စာမေးပွဲဖြစ်ရာ သံဃာတိုင်း ၀င်ဖြေမရသော စာမေးပွဲဖြစ်ကြောင်းပြန်လည်လျောက်ထား မိပါသည်။
ထိုအခါ ဆရာတော်ကား တိပိတကဋ်စာမေးပွဲပင်လျင် အသက်ကန့်သတ်မထားကြောင်း၊ အသက် ကန့်သတ်ချက်သည် ထိုဘွဲ့ကိုရရန် မလွယ်ကူသောအချက်ဖြစ်ကြောင်းမိန့်ကြားပါသည်။ မြန်မာနိုင်ငံတွင် ကျမအပါအ၀င် နေရာလွဲမှားမှုများစွာဖြစ်နေရာ - ထိုအချက်သည် ကာယကံရှင်အတွက်လည်းနစ်နာ တိုင်းပြည် အတွက်လည်း နစ်နာစေသော ကြီးမားသည့် ယိုစီးကြောင်းကြီး (Bran drain) တစ်ခုဖြစ်ပါသည်။
စမ်းကျကျောင်းသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှန်သော်လည်း အခမဲ့မဟုတ်ကြောင်း၊ ကိုယ့်စရိတ်နှင့်ကိုယ်လာတက်ရသောကျောင်းဖြစ်ကြောင်း။ ယခုအခါကွန်ပြူတာမှာ (၁၅)လုံးရှိသော်လည်း ထားရန်အဆောက်အဥိ အခက်အခဲဖြစ်နေကြောင်းမိန့်ကြားပါသည်။ ယခုအခါတွင် ဆရာများ၏ စရိတ်ကိုလည်း နိုင်ငံတော်မှထောက်ပံ့တော့မည်။ ကျမတို့လည်း အချိန်လုနေရသဖြင့်ဆရာတော့်အား ဦးချ၍ မြင်းခြံသို့ခရီးဆက်ခဲ့ပါသည်။ မြင်းခြံတွင် ထမင်းစားပြီး ညောင်ဦးသို့ အမေမြနှင့်အတူ ခရီးဆက်ခဲ့ကြပါသည်။
ညောင်ဦးရောက်သော် ခဏသာနားပြီး ရေအရင်းအမြစ်ဦးစီးဌာနသို့ ကျမသည် သွားရောက်၍ နောက်နေ့တွင် လက်ပန်ခြေပေါ် မြစ်ရေတင်ကွင်းများ သို့သွားရောက်လေ့လာရန်စီစဉ်ရပါသည်။ ထိုမှအပြန်တွင် ရွှေဂူပရဟိတ မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ဝင်၍ ကိုရင်လေးများနှင့်ဆရာတော်အား ၀င်ရောက် ဂါရ၀ပြုခဲ့ပါသည်။ နောက်နေ့လက်ပန်ခြေပေါ်ကွင်းဆင်းပြီး အပြန် ဇေတ၀န်အခမဲ့ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ဝင်ပြီး ဆရာတော်မှ ဘလော့တင်ရန်ပေးလိုက်သော ပုံများအား ယူခဲ့ပြီးလျင် ညကားဖြင့်ရေဆင်းသို့ပြန်လာခဲ့ရပါသည်။ ကျမ၏ ခရီးကား မရပ်မနား ဒရစပ်ခရီးပေတည်း။ လက်ပန်ခြေပေါ် မြစ်ရေတင်ကွင်းအား တပတ်ကြီးလမ်းလျောက်ဆင်းကြည့်ရာမှ ရှင်းလင်းဆောင်တွင် ခဏနားနေရာ မြွေဘုရားရှိသည်ဆိုသည့်အတွက် စပ်စုခဲ့ကြပြန်ပါတော့သည်။
မြတ်စွာဘုရား၏ တရားများကို အမှန်တကယ်ကျင့်ကြံအားထုတ်၍ ပေါက်မြောက်ကုန်ကြသော အရိယာ သံဃာတော်များ၊ အရိယာ သူတော်ကောင်းကြီးများကား မြတ်စွာဘုရားအား ရုပ်ကလပ်တော် မပုတ်မသိုးခြင်းဖြင့် လည်းကောင်း၊ ဓာတ်တော်များကျခြင်းစသည့် မိမိတို့၏ အဓိဌာန်အလိုက် သက်သေခံထားရစ်ခဲ့ကြလေပြီတကား။



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts