Tuesday, July 24, 2012

တပ်တော်ဦးကတံခွန်နဲ့ ဓဇဂ်ဂ` တံခွန်

ယခုရေးသားမည့်စာစုကား ကျမ၏ကိုယ်တွေ့အဖြစ်အပျက်မဟုတ်၊ ကျမဖခင်၏ ကိုယ်တွေ့အဖြစ်အပျက် ဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှာ ဇော်ဂျီလက်ကွက်ကို မကျွမ်းကျင်သည့်အခက်အခဲကြောင့် ဂငယ်အဆင့်နှစ်ဆင့် မဆင့်နိုင်ခြင်းကို ခွင့်လွတ်ပြီးဖတ်စေလိုပါသည်။

ကျမအဖေသည် ဂီတအလွန်ဝါသနာပါသူတစ်ဦးဖြစ်ပါသည်။ ကျမသိတတ်စအရွယ်မှစပြီး ဂစ်တာကို မြန်မာစတိုင်ဖြင့် လက်ခတ်၊ ဘိတို့ဖြင့်တီးသည်။ မယ်ဒလင်လည်း သူများတွေယူလာလျင်တီးခတ်သည်။ ပြီးလျင် အကော်ဒီယံကိုလည်း စာရေးဆရာမ ရွှေဂူမေနှင်း (ဆရာမဒေါ်စံမေ၏ အကို ဦးစံဖေ)မှ ယူယူလာ တီးသည်။ ကျမအနည်းငယ် သီချင်းဆိုတတ်လာသောအရွယ်ရောက်သော် ကျမသည် အဖေ့အတွက် သီချင်းဆိုပေးရသူဖြစ်လာပါတော့သည်။ အထူးသဖြင့် အဆိုတော် ဦးအံ့ကြီး၏ လမင်းဝင်းဝင်းပပ ညချမ်းမှာသာသောအခါ ဟူသောသီချင်းဖြစ်ပါသည်။ တခါတရံ ကျမတို့ ကုက္ကိုတောရပ်မှ ကျမဘကြီး (ဖခင်၏အကို)အိမ်သို့သွားရောက်သော အခါ အိမ်အောက်ထပ် ဂိုဒေါင်လိုအခန်းတွင် စန္ဒယားစုတ် တလုံးကိုတွေ့ရ၏။ အဖေတို့ ဒုတိယကမ္ဘာစစ်အပြီးတွင် တီးခတ်ခဲ့သော စန္ဒယားဖြစ်ပါသည်။ဘကြီးကား အနုပညာကို လုံး၀၀ါသနာမပါသူဖြစ်ပါသည်။ အဖေ၏ ဂီတပိုးသည် ကျမကိုပါ ကူးစက်ကိုက်လာပါတော့သည်။ ကျမစာကျက်လျင်တောင်သီချင်းဖွင့်ပြီး ကျက်မှ ပိုပြီးစာရသလိုအထိ ဂီတသံကိုနှစ်ချိုက်လာပါသည်။

ကျမအဖေ၏ ဂီတပိုးကားဘယ်ကစလာပါသနည်း။ ကျမအဖေ၏ ဂီတပိုးကား အဆိုတော် ပြည်-လှဖေဟု နာမည်ကြီးသည့် ဗိုလ်မှူးတင်မောင်ထံမှ စတင်သည်ဟုဆိုပါသည်။ အဖေ၏ပြောပြချက်အရ ပြည်လှဖေ၊ ဒေါက်တာဒေါ်ဖေ့၊ ဟိုးခေတ်က ငွေစက္ကူလက်မှတ်ထိုးသည့် ဦးစံလင်း (၀ါရှင်တန်တွင် ကွယ်လွန်) နှင့်ကျမအဖိုးအဖွားများသည် ဗန်းမော်မြို့နယ်၊ ကျွန်းကြီးရွာသို့ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပြေးပုန်းခိုလှုံကြသည်။ ထိုအခါတွင် ကျွဲဟုခေါ်သော ဂျပန်လေယာဉ်ပျံ များကလည်း အပေါ်က တ၀ဲဝဲ ဆူညံနေသလောက် အောက်က ဧရာဝတီမြစ်ကိုဖြတ်ပြီး လှေများဖြင့် ကျွန်းကြီးရွာသို့ကူးနေသော စစ်ပြေးအဖွဲ့များကလည်း မြစ်ပြင်ကျယ်တွင် လှေတွေဟိုတအုပ် ဒီတအုပ် ဟု ပြောပြပါသည်။ ဂီတပိုးကား မည်မျှပင်စစ်ပြေးနေစေကာမူ ထကြွလာပါတော့သည်။ မည်သူဆိုသည်ကို မှန်းဆ နိုင်ပါသည်။ ဤမျှလောက် စစ်ဘေးစစ်ဒဏ် မြို့ပေါ်ကိုကျဲချနေသည့် ဗုံးသံတွေ တ၀ုန်းဝုန်းက ရေသံကိုလာရိုက်ခတ်နေသည့်ကြားမှ ပြည်လှဖေသည် လှေဦးထိပ်ဖက်သို့ ရွေ့သွားပြီး (တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစားကြွားတလူလူဝေ၊ ဒို့တပ်ဦးဆီမျှော်လိုက်ပြန်တော့ တံခွန်တွေ အောင်လံတွေရဲမာန်ပွားလိုက်ပေ) ဟု အော်ဟစ်သီဆိုပါတော့သည်။ ထိုအခါ စစ်ကြောင့်တုန်လှုပ်ခြောက်ခြား အသက်ကိုဖက်နဲ့ထုတ်ပြေးနေရသည့်ကြားမှ အများတကာတွေက ကြောက်လို့ ဘုရားစာရွတ်ဆိုနေကြသည် သို့သော် သူကတော့ သီချင်းဖြင့် စစ်သွေးစစ်မာန် တံခွန်အောင်လံလွင့်ထူနေသည့် ပြည်လှဖေအား မေတ္တာပို့ကုန်ကျသည်တဲ့။

ပြည်လှဖေဟာ သူဗန်းမော်တွင်နေထိုင်စဉ်အတွင်း အဖေ၊ ကျမအကိုကြီးတို့ကို စန္ဒယားသင်သွားပေးသည် ဟုဆိုပါသည်။ သူတို့ထဲတွင် ဂီတပိုးအထိုးခံရဆုံးက ကျမအဖေဖြစ်ပါသည်။ အဆိုတော်ကြီးပြည်လှဖေသည်ကား အသက်ဘေးအတွက်ပြေးနေစဉ်တွင်ပင် ဂီတကိုခုံမင်လျက်ရှိကြောင်း ကို ဖော်ပြနေပေသည်။ ကျမသည် ကိုကျော်သူ၏ Free Funeral Service Society တွင် အဆိုတော်ကြီး ပြည်လှဖေ၊ စိုင်းထီးဆိုင်တို့၏ အုတ်ဂူများကို ရိုက်ပြထားသဖြင့် အမှတ်ရကာ ယခုစာစုကိုရေးဖြစ်ခြင်းဖြစ် ပါသည်။ ကျမတွေးမိသည်မှာ အသက်အန္တရာယ်တွေကြားမှာ အဆိုတော်ကြီးပြည်လှဖေက စစ်သွေးစစ်မာန် တံခွန်များကို လူသာခဏလက်နက်ချသည် စိတ်ကားလက်နက်မချသကဲ့သို့ စိတ်တံခွန်လွင့်နေကြောင်းဖော် ထုတ်ပြသသွားပေသည်။ ကျမကတော့ အဲဒီနေရာမှာ ဓဇဂ္ဂ ဆိုသော ဘုရားတံခွန်၊ တရားတံခွန်၊ သံဃာ့တံခွန် ကိုလွင့်ရရင် သိပ်ကောင်းမှာဟုတွေးမိပါသည်။ အဖေကားဆုံးသွားရကာ အဖေကိုတော့ မပြောဖြစ်ခဲ့တော့ပါ။ သို့သော် ကျမရင်ထဲက ခံစားချက်ကိုပြောလိုပါသည်။ ဂီတပိုးသည် လွှမ်းမိုးဓာတ်သော သဘောရှိ၏။ စိတ်ကို လွှမ်းမိုးစေ၏။ ထကြွစေ၏။ ကျမသည်မည်မျှ တရားထိုင်ပါစေ၊ စိတ်ကိုသတိဖြင့်လွှမ်းမိုးမှုအားကြီးမှသာ ဂီတ ကနောက်ပြန်ဆုတ်သွား၏။ တော်တော်တန်တန် သမာဓိအားမကောင်းသောအချိန်တွင် ဂီတ၏အလွှမ်းမိုးခံ လိုက်ရပါသည်။

မဟာစည်ရိပ်သာ၊ ကံဦး၊ ပျဉ်းမနားတွင် တရားထိုင်စဉ်က ကျမတို့က သင်္ကြန်ပိတ်ရက်တွင် အထိုင်များသည့် အတိုင်း ကံဦးရိပ်သာက မြို့ထဲနဲ့နီး ကားလမ်းနဲ့နီးကပ်ရာ၊ သီချင်းသံများသည် ကျမတို့နားတွင်းသို့တိုးဝင်လာ၏။ တရားလျှောက်သော် ယောဂီအတော်များများသည် သီချင်းကိုစိတ်တွင်းမှလိုက်ဆိုမိပါသည်ဟုလျောက်ကြပါ သည်။တချို့ဆိုလျင် တပုဒ်လုံးဆုံးသည့်အထိ စိတ်ထဲမှလိုက်ဆိုမိပါသည်တဲ့။ ဒါကြောင့် ဥပုဒ်တော်သီလတွင် နစ္စ၊ ဂီတ ဟုပါဝင်ခြင်းပါပေ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကလည်း ဂီတသည်ကိလေသာကို ထကြွစေ သည်။ အများအားဖြင့် ချစ်ခြင်းမေတ္တာအကြောင်းဖွဲ့သီကြသည်ဟုဆိုပါသည်။

ယခုလအတွင်းတွင် ကျမသည်လည်း ဂီတကိုဝါသနာပါရာ (အိမ်မက်ဆုံရာ)ဆိုသော သီချင်းပြိုင်ပွဲကို ကြည့်ဖြစ်ပါသည်။ ဂီတတွင် စီးမျောပါနေရင်း ၀ါတွင်းကာလသို့ရောက်ပါတော့မည်။ မနေ့ကအချိန်သည် ယနေ့တွင် မရှိတော့ပြီ။ ဥပုဒ်တော်သီလအတွက် ဂီတကိုတွန်းလှန်ရန် သတိကြီးကြီးထားရမည့် ခံတပ်ကောင်းကောင်း၊ တိုက်ခိုက်ရန် သတိဆိုသော လက်နက်ကောင်းတော့ ကျမအတွက် လိုအပ်နေမှာအမှန်ဖြစ်ပါသည်။ သို့မှသာ ကိလေသာတို့ကို တိုက်ခိုက်ကျဆုံးစေလျက် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၏ ဂုဏ်တော် ဓဇဂ္ဂတံခွန်ကို လွင့်နိုင်မည်ဖြစ်ပါတော့သည်။

Fred K.Thet bamawkhemarsiri@gmail.com

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts