Thursday, July 12, 2012

ပစ္စည်းကိုစွန့်လွတ်ပြီး စိတ်ကမစွန့်လွတ်သောဒါနနှင့် စိတ်စွမ်းအင်

မနှစ်က (၂၀၁၁) မှာ ကျမဆရာဒေါက်တာမြသွင်နဲ့ ဒေါ်ခင်ခင်ဆွေတို့ဟာ ရန်ကုန်အဖွဲ့နဲ့အတူ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးထံရောက်ခဲ့ကြပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလမှာ ဆရာက ပျဉ်းမနားက သူ့သမီး ဆီ လာရင်း ကျမဆီဝင်လာပါတယ်။ ဆရာက ကျမကိုပြောပြတယ်။ မနှစ်က သူတို့သွားတော့ ဆရာတော်ကြီးက မိန့်တယ်တဲ့၊ (………. ရေဆင်း)က လှူပါတယ်လို့ရေးထားလဲ ရရက်သားနဲ့ဗျာ။ ဒေါက်တာမြသွင် နှင့် ဒေါ်ခင်ခင်ဆွေတို့၏ တပည့်တဲ့လို့ ရေးပြီးလှူထားတယ်လို့ ပြောတယ်လို့ပြောပြပါတယ် ။ နင် ဆရာတော့်ဆီ ရောက်သွားတယ်ဆိုပြီး ငါတို့လင်မယားတော့ တော်တော်ဝမ်းသာသွားတယ် လို့ဆိုလာပါတယ်။

တကယ်တော့ ကျမအဲဒီနှစ်ကဆရာတော်ဘုရားကြီးထံမရောက်ခဲ့ပါဘူး ။ လက်လုပ်တောင်အဖွဲ့ ဆရာတော်ကြီးဆီသွား ကန်တော့ကြမယ်ဆိုတာ ကျမကို တဦးဦးကပြောတယ်။ ကျမလည်း လိုက်လို့မရတာနဲ့ လက်လုပ်တောင်ကျောင်းကို ဆရာတော်ကြီးလှူဘို့ ဆိုပြီး လှူဘွယ်သွားပို့ထားလိုက်တာပါဆရာလို့ ပြန်ပြောမိပါတယ်။ ဆရာက ဟုတ်လား ငါတို့ဖြင့် နင်ဆရာတော်ကြီး ဆီရောက်သွားပြီဟဆိုပြီး ၀မ်းသာနေတာဟုပြောပါသည်။ ဒါဆို ငါ့တပည့်ကြီးကို ဘုန်းဘုန်းက ချီးမြှင့်တာဟ ဟုပြောပါတော့သည်။

တကယ်တော့ ကျမ လှူဘွယ်ပစ္စည်းပေါ်တွင် စာလေးတပ်လိုက်ခြင်းမှာ ဆရာနှင့်ကျမဆရာကတော်တို့ကို ဦးထိပ်ပန်ခြင်း၊ အမှူးပြုလိုက်ခြင်းသာဖြစ်ပါသည်။ ဆရာတို့ ဇနီးမောင်နှံကို အကြောင်းပြုပြီး ကျမသည် ငွေ အရင်းအနှီးမပါသော ကုသိုလ်အများကြီးရခဲ့သောကြောင့်ဖြစ်ပါသည်။ ကျမဆရာကတော်သည် ကျမအား ညီမလို ချစ်ခင်သည့်အပြင် သူသွားလေရာ ဘုရားကျောင်းကန်သို့ခေါ်သွားလေ့ရှိသည်။ သူအလှူလုပ်လျင် နောက်ကနေ ဝေရာဝစ္စအကုန်ကူပေးရသည်။ ဒီကြားထဲလှူခြင်သပဆိုလျင် ကိုယ်တတ်နိုင်သလောက် လှူ။

ကျမသည် မတ်လထဲတွင် ဆရာတော်ဘုရားကြီးအားဖူးမျှော်ဆွမ်းလောင်းပြီးပြန်လာသည်။ ဆရာတော့် တရားခွေတွေလိုက်စုသည်။ တရားနာသည်။ ဒီအထိလည်းမစဉ်းစားမိသေး။ နောက်ဆရာတော်ကြီးမှ ဒါနနှင့်ပတ်သက်ပြီး တော်တော်လေး ဟောပြောသည်။ မိမိလှူပြီး သားအလှူကိုမစော်ကားဘို့။ အလှူလုပ်သော် မကျိမ်းဝါးဘို့။ အရင်တခါက ငါလှူလိုက်တာ နည်းသွားတယ်ဟာ။ နောက်တခါကြရင် ဘယ်လောက်ထိလှူနိုင် အောင် ကြိုးစားမယ်။ သူတို့ကဖြင့် ဘယ်လောက်လှူလိုက်တာ ငါလည်း လှူနိုင်အောင် ကြိုးစားမယ်စသည်ဖြင့်ကို တားမြစ်တော်မူလေသည်။ လှူပြီးသားအလှူသည် သူ့ဟာနှင့်သူပြီးသွားပြီသာဖြစ်သည်။ နောက်ကြောင်းလည်းမပြန် ရှေ့ကိုလည်း မမျှော် စေလိုတာပါလားဟု အသိဥာဏ်ရသွားပါသည်။ မဟာမြိုင်ကျောင်းရေစက်ချအလှူတရားတွင် လှူပြီးလျင် မစင်ပုံလိုသဘောထားရမည်ဟု ပယ်ပယ်နယ်နယ်ဟောလေသည်။ မစင်ဟူသည် မည်သူကမျှ ကိုင်ခြင်ကြည်ခြင် ပြန်လိုခြင်သည့် အကြောင်းကားမရှိ။ အလှူလှူရင် ဘယ်သူကလှူတာဆိုလည်း မတပ်နဲ့။ ဘယ်သူ့ကို လှူတာလိုလည်း မတတ်နဲ့။ ဘာပစ္စည်းပါဆိုတာလည်း မဖြစ်စေနဲ့။ ပံ့သကူလှူသလို လှူရမယ်ဟုဆိုပါသည်။ ပံ့သကူသည် မည်သူ မည်သည့်အတွက် မည်သူကဆိုသော ဘာဆိုဘာမှ မငြိတွယ်သောအလှူဖြစ်ပါသည်။ သံဃာကိုသာ ဦးတိုက်ပြီးလှူရန်ဆုံးမသည်ကို နာကြားရသောအခါ ကျမမဟာမြိုင်တောကြီးထဲကို သွားစဉ်က အမွေးတိုင်အထုပ်တိုင်းလိုလိုတွင် ဘယ်သူကလှူပါသည်ဘုရား ဆိုတာတွေကပါသည်။ နိုင်ငံခြားတွင် ပညာသင်နေသော သံဃာတော်များ ကိုယ်စားလည်း နာမည်တွေတပ်ပြီးလှူပေးလိုက်သေးသည်။ ဖယောင်းတိုင်နှင့်အမွှေးတိုင်သာ လှူရတော့ မဲ့အခါမှ ကျောင်းပေါ်မတက်ရ၊ တရားမဟောတော့သောအခါမှ ကျမတို့ကလည်း မဟာမြိုင်ကိုရောက်လာ ပေသည်။ ပြီးလျင်ကျမက ဆရာတော်ဘုရားကြီး မိပန်ဟုခေါ်သော ပန်ထွာမယ်တော်ကြီးကိုယ်စားလည်း လှူပေးလိုက်သေးသည်။ ကျမရည်ရွယ်သည်မှာ သူတို့ကား ကိုယ်ထိလက်ရောက် ကုသိုလ်မပြုနိုင်သဖြင့် ကိုယ်ကကိုယ်စားကုသိုလ်ပြုပေးခြင်းပင်။ ဆရာတော် ဘုရားကြီးက ထိုသို့ဟောသည်ကို ကြားနာပြီးသောအခါ နောင်ကို မဖြစ်အောင်လုပ်ရမည် ဟုစိတ်ထဲမှတ်သား ထားလိုက်ရပေသည်။

ပစ္စည်းကိုသာ စွန့်တာ စိတ်ကို မစွန့်ဘူးဟု ဒါနနှင့်ပတ်သက်လျင် ထိထိမိမိဟောပြောထားပေသည်။

ကျမသည် သိပ်မကြာသောရက်အတွင်းမှ စဉ်းစားမိသည်။ ကျမလှူသောပစ္စည်းဟု ဘယ်လိုလုပ်သိသလဲ။ ဘာကြောင့်ဆိုသော် ဆရာတော်ဘုရားကြီးထံလှူကြသောပစ္စည်းများမှာ များပြားလှပေသည်။ များပြားလှသော ပစ္စည်းဝတ္ထုတို့ကို လက်တော်ဖြင့်ထိယုံ အလှူမြောက်အောင် ထိပေးခြင်းသာ။ ဘယ်ပစ္စည်းကိုမှ စိတ်ဝင်စား သည် မဟုတ်ပါ။ ဘာမို့ ဘာပစ္စည်းမို့ ဘယ်သူလှူတာမို့ စိတ်မ၀င်စားပါ။ အကုန်လုံး ဆရာတော် ဘုရားလက် နှင့်ထိပြီးတာမှန်သမျှ ကပ္ပိယ ဒေါက်တာကြီးတို့မှ သိမ်းဆည်းသွားသည်ကို ကျမရောက်သွားတော့ မျက်မြင်။ ဆရာတော်ကြီးကျောင်းပေါ်ကို ကျမတို့တက်ခွင့်မရပေမဲ့ အခွေတွေထဲ မြင်နေရသား။ စာအုပ်ဘီဒိုမှတပါး ဘာအပိုမှမရှိ။ ဒါဆိုဘယ်လိုလုပ် ကျမပစ္စည်း အထုပ်သေးသေးလေးပေါ်က စာကို သိနေသနည်း၊။ စဉ်းစားလေလေ အံ့သြလေလေ ဖြစ်ပါသည်။ ကျမ ဆရာတို့ကို ဦးထိပ်ထားသည်ကို ကျမဆရာတို့လာတော့ သိအောင် ဖွင့်ဟမိန့်လိုက်သည်။ စဉ်းစားလေလေ အရိယာတို့၏ ဂုဏ်အား ကြည်ညိုမဆုံးဖြစ်လေ ဖြစ်ပါသည်။ ဗုးသေးသေးလေးပေါ်ကစာကို ဗူးကိုလည်း မမြင်ရပါဘဲ ဘယ်လိုမြင်ပါသနည်း။ မျက်နှာသုတ်ပုဝါ အိတ်ပေါ်က စာကိုကော ဘယ်လိုမြင်ပါသနည်း။ တောင်လိုပုံနေသောပစ္စည်းတွေ သိမ်းပိုက်ထားခြင်းလုံးဝမရှိ ပါဘဲ ရေးထားသောစာကို ဘယ်သို့ မြင်နိုင်ပါအံ့နည်း။

စိတ်ကိုပိုင် စိတ်ကိုနိုင်သူတို့၏ စိတ်တန်ခိုးကား ဆန်းကြယ်လှပါသတည်း။

အားလုံးသော ဆရာတော်ဘုရားကြီးများကို ကြည်ညိုသူ သူတော်ကောင်းတရားကို ကြည်ညိုသူတို့ ကျန်းမာချမ်းသာကြပါစေသော်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts