Thursday, July 12, 2012

ဒီနည်းကသာ ဘုရားဟောနည်းအမှန်ဆိုတဲ့ ဓမ္မကထိကဆရာတော်တပါး၏တရား

သိပ်မကြာမတင်သောကာလက ကျမသည် တရားတပုဒ်ကိုနာလိုက်ရပါသည်။ ထိုတရားကား မော်လမြိုင်တွင် ၂၀၁၀ ခုနှစ်က ဟောသောတရားဖြစ်ပါသည်။ တရားထဲတွင် မြတ်စွာဘုရားက သက်သတ်လွတ်စားဟု မဟောကြောင်း၊ ရှေ့ဘ၀ နောက်ဘ၀တွေကို ပြန်ကြည့်သည်မှာ ဘုရားဟောမဟုတ်ကြောင်း၊ ငယ်ထိပ်တွင် လှုပ်လှုပ် လှုပ်လှုပ်ကနေတကိုယ်လုံးကြည့်တာတွေလည်း ကျမ်းကန်တွေမှာ မပါကြောင်း ကိုဟောပြောသွားပေသည်။ ပွင့်ပွင့်လင်းလင်း ဘယ်ရိပ်သာ ဘယ်နည်းလမ်းကလို့ မပြောပေမဲ့ နာကြားရသူ ဗဟုသုတရှိတဲ့သူများဆိုရင် ဘယ်ရိပ်သာတွေကို ပြောတယ်ဆိုတာချက်ခြင်းသိနိုင်ပါတယ်။

သို့ပေမဲ့ ဒီဓမ္မကထိက ဆရာတော်ဟာ နောက်နှစ်မှာဟောတဲ့တရားများထဲမှာတော့ ပြီးခဲ့တဲ့နှစ်က သူဆော်ခဲ့တဲ့ရိပ်သာတွေကိုဘဲ သူ့နည်းနဲ့သူတမျိုးစီကောင်းကြတာဘဲလို့ဟောပြောသွားပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် တရားစင်ပေါ်တက်တဲ့ ဓမ္မကထိကတွေဘယ်လောက်အရေးကြီးလဲဆိုတာကို သိနိုင်မှာပါ။ စင်ပေါ်တက်ပြီး ပြောတာကို နာယူသူပရိတ်သတ်အများစုက လက်ခံကြမှာပါ။ တော်ယုံတန်ယုံ ဗဟုသုတမရှိရင် ပထမနှစ်တုံးက ဟောသလို အဲဒီရိပ်သာတွေဟာဖြင့် ဘုရားဟောနဲ့မညီဘူး။ အလကားပါလို့ ထင်သွားမှတ်ယူသွားနိုင်ပါတယ်။ ကျမတောင် ဒီတရား(၂)ပုဒ်စလုံးကိုမနာမိဘဲ ပထမပုဒ်ဘဲနာမိတယ်ဆိုရင် စိတ်ထဲမှာတော်တော်တမျိုး ဖြစ်မိမှာပါ။ ထိုဓမ္မကထိက ဆရာတော်ဟာ သူကိုယ်တိုင်ကဘဲ ပြန်လည်သုံးသပ် တတ်သွားတာလား။ သို့တည်းမဟုတ် ဆရာတော်တပါးပါးက ဆုံးမလိုက်လို့ ပြန်ပြင်သွားတာ လားတော့ မသိပါဘူး။ ပြန်ပြင်ဟောသွားတာဟာ ကောင်းသောဟောခြင်းပါ။

မိမိတို့ ဦးထိပ်ထားတဲ့ ဆရာတော်ကြီးများဟာ ရဟန္တာစစ်စစ်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် တွေက လက်ခံပြီးသားဖြစ်ကြပါတယ်။ ရဟန္တာပုဂ`ဂိုလ်တို့မှာ အစွဲမရှိပါဘူး။ သူ့သာဝကနဲ့သူ၊ သူ့ဝေနေယျနဲ့သူ၊ သူ့ပဌာန်းဆက်နဲ့သူဖြစ်ကြပါတယ်။ သူ့သာဝကကို ငါ့သာဝကလို့ဖြစ်ခြင်လို့လည်းမရပါဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီးလည်း သူ့နည်းနဲ့သူ၊ မဟာစည်ဆရာတော်ဘုရားကြီးလည်း သူ့နည်းနဲ့သူ၊ လယ်တီဆရာတော်ဘုရားကြီးလည်း သူ့နည်းနဲ့သူ၊ ဒီနည်းတွေနဲ့အားထုတ်လို့ ပေါက်မြောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ ငါတို့လက်ကိုင်ထားတဲ့နည်းကမှ ရဟန္တာရဲ့နည်း ငါတို့မှ အမှန်ဆိုရင်၊ ရဟန်းကိစ္စ ပြီးစီးအောင် ကျင့်ကြံအားထုတ်သွားတဲ့ဆရာတော် ဘုရားကြီးများသာ သက်ရှိထင်ရှားရှိရင် ရင်နာလို့ ဆုံးမှာမဟုတ်ပါဘူး။ ပါရမီကို အထင်အရှားပြသွားတဲ့ နေရာမှာ စွန်းလွန်းဆရာတော် ထင်ရှားပါပေတယ်။ စွန်းလွန်းဆရာတော်ဘုရားကြီးဟာ မြတ်စွာဘုရားကို ကျေးသားဘ၀ တုံးက သစ်သီးလှူခဲ့လို့ရတဲ့ ကုသိုလ်ဒါနအရှိန်အဟုန်နဲ့နှစ်ပေါင်းများစွာကြာမှ စွန်းလွန်းဆရာတော် လို့ ဖြစ်လာတာပါ။ စွန်းလွန်းဆရာတော်ဘုရားကြီးကျင့်ခဲ့တဲ့နည်းဆိုပြင်းထန်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက စွန်းလွန်းဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး နောက်ဆုံးဘ၀မို့ ထင်တယ် ကျင့်တာနှာခေါင်းကသွေးတွေတောင် ထွက်သတဲ့လို့မိန့်တော်မူပါတယ်။ စွန်းလွန်းဆရာတော်ဘုရားကြီးလို ကျင့်တိုင်း စွန်းလွန်းဆရာတော် ဘုရားကြီးလိုဖြစ်ခြင်မှဖြစ်တာပါ။ သို့သော် အဲဒီနည်းနဲ့ နိဗ္ဗာန်ရမဲ့သူဟာလည်း အဲဒီနည်းအတိုင်းကျင့်ပြီး ရမှာပါဘဲ။ ကျမခံယူချက်ကတော့ ဘယ်နည်းနဲ့ သွားသွား နိဗ္ဗာန်ဆိုတဲ့ ဂိုးသွင်းနိုင်ဘို့ဘဲအရေးကြီးပါတယ်။ အဓမ္မ၀ါဒတွေကိုရှောင်ကွင်းပြီးတော့ သွားမှရမှာ ဖြစ်ပါတယ်။

ကျမတို့နိုင်ငံမှာ ရခိုင်၊ ကချင်၊ ကရင် စတဲ့လူမျိုးပေါင်းစုံရှိကြပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာသာ လူမျိုးတွေက ကွဲနေတာပါ။ သူများနိုင်ငံကိုထွက်သွားရင် သူများနိုင်ငံက ကရင်၊ ကချင်၊ ရခိုင်လို့ အသိအမှတ်ပြုတာမဟုတ် ပါဘူး။ မြန်မာလူမျိုးလို့သာ အသိအမှတ်ပြုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလာတယ်။ မြန်မာနိုင်ငံသားဖြစ် တယ်လို့သာ အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ ဒါဟာ အမြင့်ကမြင်တဲ့အမြင်ပါ။

ကျမတို့တွေဟာ ဗုဒ္ဓဘာသာတွေပါ။ ဗုဒ္ဓဘာသာတို့ရဲ့ ဂိုးဟာ နိဗာန်ပါ။ နိဗာန်ကို ဘယ်လမ်းကသွားသွား ဘယ်နည်းနဲ့သွားသွားလိုရင်းက မသေမှီရောက်ဖို့ဘဲအရေးကြီးပါတယ်။ နင်တို့နည်းက ဘာ၊ ငါတို့နည်းကဘာနဲ့ အချင်းချင်း ဘာသာရေးကို ပြည်တွင်းစစ်ဖြစ်သလို လုပ်နေကြတာမသင့်လျော်ပါဘူး။ ကိုယ့်ဘာသာကို အမဲဖျက်ဖို့ ကြိုးစားနေတဲ့ သူတွေ (ပြည်ပရန်)ကိုကာကွယ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို ရှာကြံ မဖြစ်ဖို့လိုအပ်ပါတယ်။ ကျမတို့က အချင်းချင်း မစည်းလုံးနိုင်ဘူးဖြစ်နေတယ်။ ဟိုနည်းက ဒီနည်းက ငါတို့နည်းကမှန်တယ်။ နင်တို့ကမှားတယ်။ ဒီသစ္စာသိမှ နိဗာန်ဆိုက်မှာ။ တခြားနည်းနဲ့သွားလို့ မဂ်တုနဲ့ တိုးနေမယ်ဆိုတာတို့ ။ အများကြီးကြားနေရပါတယ်။ ဘာဖြစ်လို့ ဒီလောက်အစွဲကြီးနေကြရတာပါလဲ။ ရဟန္တာပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာသမားတွေက အစွဲပြုတ်လို့ ရဟန္တာဖြစ်တာပါ။

ပြီးခဲ့တဲ့မကြာသေးခင်က ကျမမိတ်ဆွေတစ်ဦးက ပြောတယ်။ ဘာသာခြားတွေတိုက်ခိုက်လို့ သူ့ရဲ့ website ပျက်သွားရတယ်လို့ပြောတယ်။ ကျမကို ဗန်းမော်က ဦးဇင်းတပါးကပြောတယ်။ www.hacker.com မှာ ဗုဒ္ဓဘာသာကို တိုက်ခိုက်တာတွေအများကြီးရေးထားတယ်။ သူလည်းပြန်လုပ်ခြင်လို့ ဟက်တဲ့နည်းတတ် ခြင်တယ်လို့ပြောပါတယ်။ ကျမကတော့ အဲဒီဆိုက်ကိုဝင်မကြည့်မိပါဘူး။ ဗုဒ`္ဓဘာသာမှာ တရာအားထုတ် တယ်ဆိုတဲ့ စရဏရှိပါတယ်။ ဒီစရဏက ထူးခြားသော တရားအရသာကို ခံစားစေပါတယ်။ အခြားဘာသာတွေမှာ ပုတီးစိပ်တာလဲရှိပါတယ်။ ကျမသိသလောက် မူဆလင်လဲ ပုတီးစိပ်ပါတယ်။ အာစီ ခရိယာန်(Roman Cathalic- RC) လည်းပုတီးစိပ်ပါတယ်။ သူတို့မှာလည်း သူတို့စရဏနဲ့သူတို့ ဒါပေမဲ့ ကွာခြားချက် အကြီးဆုံးက သူတို့က နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူး။

ဘာသာခြားဆိုတာလည်း သူတို့လည်း ဒီဗိုက်ထဲဝင်စားတော့ ဒီဘာသာဖြစ်မှာဘဲ။ ကျမတို့လည်း ဘာသာခြား မိခင်ရဲ့ဗိုက်ထဲဝင်စားရင် ဘာသာကွဲဘဲဖြစ်မှာပါဘဲ။ ကုသိုလ်ကံအကျိုးပေးကောင်းလို့ ဗုဒ္ဓဘာသာ ဗိုက်ထဲ ၀င်စားပြီး ဗုဒ္ဓဘာသာဖြစ်လာတဲ့ ဘ၀ကိုတန်ဘိုးထားတတ်သလို စည်းစည်းလုံးလုံးလဲရှိနိုင်ကြပါစေ။

ကိုယ့် ဗုဒ္ဓဘာသာချင်းပိုတောင် စည်းလုံးအောင် ဟောပြောရမဲ့အစား အချင်းချင်းတိုက်ခိုက်နေတဲ့တရား အိမ်ကြက်ချင်း အိုးမဲသုတ်သလို အဖြစ်မျိုးတော့ ဓမ္မကထိကဆရာတော်တစ်ဦးတရားထဲမှာ နာကြားလိုက်ရတာ စိတ်မချမ်းသာပါဘူး။ အဲဒီလို ကြားနာကြရင်လည်း မိမိ၏ ဥာဏ်ဖြင့် ပယ်နိုင်ကြပါစေ။ သတိထားသင့်တဲ့ အချက်လေးမို့ နိုးဆော် ရေးသားလိုက်တာဖြစ်ပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts