Monday, November 24, 2014

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသတင်း



တန်ဆောင်မုန်းလပြည့်နေ့က ကျောင်းကိုရောက်သွားတော့ နေ့ခင်းပိုင်းလည်းဖြစ်၊ ဂေါပကများဖြစ်တဲ့ ဆရာဦးတင်အေး၊ ဆရာဦးထွန်းဝေနဲ့ အဘ ဘိုးမြသန်းကိုဘဲ ကျောင်းမှာတွေ့ပါတော့တယ်။ ဥပုဒ်သယ်များ ကလည်း သီလယူပြီးပြန်ကုန်ကျပြီလို့ပြောပါတယ်။
ဒါနဲ့ ဆရာဦးထွန်းဝေတို့နဲ့ စကားစမည်ပြောကြရင်း ဆရာတော်ဘုရားကြီးသတင်းရောက်သွားကြသည်။ ယခုလုံးဝကို အ၀င်မခံ ၊ လာနေကျ ရွာမှ ကပ္ပိယတောင် အ၀င်မခံတော့ ဆွမ်းများကို အသာထားပြီး ထွက်သွားကြရသည်ဟုသိရပါသည်။ ၂၀၁၅ လောက်အထိ မျှော်လင့်ချက်ကုန်နေပါပြီ ။ ဖူးဘို့ကတော့ အဝေးကြီးဘဲဟုပြောပြပါသည်။
ဗိုလ်ချုပ်တစ်ဦး (၃)ကြိမ်လာပြီး တံခါးဝတွင် စောင့်ခဲ့ဘူးသည်။ တံခါးမဖွင့်ပေးလို့ ပြန်သွားသည်။ ထိုမှစပြီး ရွာထဲမှ ကပ္ပိယကိုပင်လျင် အ၀င်မခံဟုပြောပြပါသည်။
ကျမကတော့ တနေ့နေ့တွင် အဖူးခံလိမ့်ဦးမယ်ဟု မျှော်လင့်ထားပါသည်။ မည်သည့်အချိန်အခါတွင်သာ မသိပါ။ ဘာကြောင့်လဲလို့မေးရင်တော့ ဆရာတော်သည်လည်း ဝေဘူဆရာတော်ဘုရားကြီးနှင့် ပြောပုံဆိုပုံ မေတ္တာတရားကြီးမားပုံ၊ အဘိဥာဏ် ပိုင်နိုင်ပုံတို့တူညီသကဲ့သို့ ဆရာတပည့်လည်းဖြစ်ခဲ့ဘူးသည်။  ဝေဘူဆရာတော် ဘုရားကြီးကား  မေတ္တာတရားအလွန်ကြီးမားသကဲ့သို့ ဆရာတော်ဘုရားသည်လည်း မေတ္တာတရားကြီးမားလှပေသည်။ ဝေဘူဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က နယ်လှည့်အပူဇော်ခံခဲ့သည်မှာ သတ္တာဝါ တို့အား ရကောင်းစေသော နိဗ္ဗာန် တောင့်တကောင်းသောနိဗ္ဗာန် ဆုတောင်းအပ်သော နိဗ္ဗာန်တို့အား ပါရမီအခံအစားစားအလိုက် လွတ်မြောက်ကြပါစေခြင်းအလို့ငှာ အဖူးမျှော်ခံပေးခြင်းဖြစ်ပေသည်။
မိမိကား ဝေဘူဆရာတော်ဘုရားကြီးအား ၁၃-၁၄ နှစ်သမီးအရွယ်တွင် ဖူးမျှော်ခဲ့ရသည့်ကာလ၊ ဗန်းမော်မြို့သူ မြို့သားတို့၏ သောင်းသောင်းဖျဖျ ဖူးမျှော်ကြသည်ကို သီးခံတော်မူပြီး သက်တော်ကိုမထောက် ငှဲ့ညှာ သနားညှာတာခဲ့ပေရာ- ထိုအချင်းအရာတို့သည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိုးမိတ်မြို့သို့ကြွရောက်သည့် သဘောနှင့် ထပ်တူနည်းပါးကျပါသည်၊  ဆရာတော်ဘုရားကြီးကား ၄င်း ကယ်ချွတ်ရန်ရှိသော ဝေနေယျ များအား ကယ်ချွတ်သွားခြင်းပေတည်း။
ပြန်လည်သုံးသပ်မိသော် ချွတ်ထိုက်သော လက်ကျန်စာရင်းများ ကျန်နေသေးမည်မှာ မလွဲပေ။ ထို့ကြောင့် မိမိအနေဖြင့်တော့ ဆရာတော်ဘုရားကြီး အထူးမျှော်ခံ- ချွတ်ထိုက်သူတို့ကိုချွတ်- ပါရမီလမ်းဆွဲတင်ရမည့် သူများကိုလည်း ဆွဲတင်လိမ့်ဦးမယ်ဟု မျှော်လင့်မိသလို ယခုစာရေးသားရင်းလည်း ဆရာတော်ဘုရားကြီး အား မနောဖြင့် ရိုသေစွာညွတ်ထွားလျှောက်ထားလိုက်မိပါတော့သည်။
သူတော်ကောင်းတို့အလင်းဓါတ် ကမ္ဘာ့အမှောင်ခွင်းမည်သာ။ သူတော်ကောင်းကြီးများ၏ ဥာဏ်အလင်း ကမ္ဘာ့တခွင်လင်းလက်မည်သာ။
ကျမ၏ဆရာမ မကြာခဏပြောဘူးပါသည်။ ယခုဘ၀တွင် ကျင့်ကြံအားထုတ်မှုကြောင့် အထက်သို့ တက်သော် အောက်တွင် ကျန်နေသည့် အထူးသဖြင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ အား မချွေမချွတ်လို့မရပါတဲ့။
ဝေနေယျ သတ္တ၀ါအားလုံးကျန်းမာချမ်းသာကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts