Sunday, November 23, 2014

မဟာနေဘုရင်နှင့် ညီနောင်တော် မဟာလဘုရင်ဘုရားအား ထပ်မံပင့်ဆောင်ပူဇော်ခံတော့မည်


၁၉-၁၁-၂၀၁၄ နေ့မှာ နေပြည်တော်ကို အစည်းအဝေးတက်ပြီးအပြန်မှာ လက်လုပ်တောင်ရွှေနန်းသွင်း (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးယခင်သီတင်းသုံးသွားသည့်ကျောင်းတော်)ကို ရောက်ဖြစ်ခဲ့ပါတယ်။ မိုးကလည်းချုပ်ချုပ်ဆိုတော့ မှောင်မှောင်မဲမဲထဲမှာ ကျောင်းပေါ်တက်သွားတော့ ဆရာတော် ဦးခေမာက မီးဆလိုက်တွေနဲ့ ကိုလှမြင့်တို့အဖွဲ့နှင့် ထုံးစံအတိုင်း အလုပ်တွေရှုတ်နေပါတယ်။
ဆရာတော်ကိုလည်း မတွေ့ရတာများပါတယ်။ ကျောက်မိုးဆိုတဲ့ တပ်ကုန်း မြို့နယ်၊ ကင်းသာဆည်လမ်းခွဲကျော်သွားတဲ့ ပင်လောင်းနယ်အစပ်မှာ ကျောက်မိုးအရပ်မှာ တပါးနေအဆောင်တွေဆောက်လုပ်နေတဲ့အတွက် လယ်ဝေး ကြွသွားလိုက် ကျောက်မိုးကြွလိုက် မှော်ဘီ ဆရာတော် ဦးဗောဓိထံကြွလိုက်နဲ့ ဖမ်းလို့မရတာက များများပါ။ တပါးနေဆောင် အလုံး(၄၀)လောက် ပြီးနေပြီလို့ဆိုပါတယ်။ ပုံလေးတွေ ပြတဲ့အတွက် ပုံလေးတွေလည်းမြင်ခဲ့ရပါတယ်။
ဦးဇင်းက ဇန်န၀ါရီလကုန် ဖေဖော်ဝါရီလဆန်းလောက်မှာ မဟာနေဘုရင် ဘုရားရဲ့ညီနောင်ဖြစ်တဲ့ မဟာလ ဘုရင်ဘုရားကို မန္တလေးမှာ သိန်း(၄၀၀)ဖြင့် ပူဇော်ထားတာ လက်လုပ်တောင်တွင် ကြွရောက်သီတင်းသုံး အပူဇော်ခံမည်ဖြစ်ကြောင်း မိန့်ပါတယ်။ တကယ်တော့ စန်းလဘုရင်လို့ ဘွဲ့တော်တပ်တာဖြစ်ပေမဲ့ နေဘုရင်ဘုရားရဲ့ ညီတော်နောင်တော်မို့ လဘုရင်လို့ဘဲ ဘွဲ့တော်သတ်မှတ်မည်ဖြစ်ကြောင်းမိန့်ပါတယ်။ ဥာဏ်တော် (၁၈)ပေဖြစ်ကြောင်းလဲ မိန့်ပါတယ်။
နေပြည်တော်က သာသနာတော်ကို ချစ်မြတ်နိုးကြသော သာသနာနွယ်ဝင်အပေါင်းတို့ ဖူးမျှော်ကြည်ညို ကုသိုလ်ပွားကြဘို့ စောင့်မျှော်ကြပါစို့။
ဦးဇင်းကမိန့်လိုက်ပါသေးတယ်။ မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး မဟာမြိုင်တောကြီးထဲက ဘာကြောင့် ရွှေဘိုပြောင်းရတယ်ဆိုတာ သူရဇ္ဇမဂ္ဂဇင်း အထူးထုတ်မှာ ဖတ်ကြည့်လို့မိန့်ပါတယ်။
ဒါကြောင့် ကျောင်းကအပြန်မှာ ရုံးက ဆေးရုံတက်နေရတဲ့ ၀န်ထမ်းလေးကို သီရိသုခမှာ အခြေအနေ ၀င်မေးရင်းနဲ့ မြို့ထဲက စာအုပ်ဆိုင်မှာ ကျမနဲ့လိုက်ပါလာတဲ့ ကားဆရာလေး နေအောင်(ခ)ကတုံးမက စာအုပ်ဝင်ဝယ်ပါတယ်။ ကျမကတော့ ထမင်းပေါင်းအိုးပျက်လို့ အိမ်မှာ ဆွေတော်ရှစ်သောင်းမျိုးတော် ပေါင်း ကြောင်(၇)ကောင်ကို ကျွေးမွေးရတာ မနက်ထမင်းမစားရရင် လူကို နည်းပေါင်းစုံနဲ့လာနိုးနေတတ် တဲ့အတွက် သနားလို့ ထမင်းပေါင်းအိုးဝယ်ရပါတယ်။
နေအောင်ဆီက သူရဇ္ဇကို အရင်ဖတ်ဦးမယ်ဆိုပြီး ယူထားလိုက်ပါတယ်။ ဆရာတော် ဘုရားကြီး ကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လူသာမန်တွေ တယောက်နဲ့ တယောက် တိုက်ကျခိုက်ကျ တွန်းကျ အပေါ်ယံတော့ သကာရေလောင်းထားပြီး အတွင်းမှာစိတ်ထားမကောင်းတာတွေ ကြုံခဲ့ပေါင်းများတဲ့ ကျမဟာ ဆရာတော်ကြီးရဲ့ ဆောင်းပါးကိုဖတ်ပြီး အတော်ကို စိတ်နှလုံးမသာမယာဖြစ်မိခဲ့ပါတယ်။
သို့သော် သီလစင်ကြယ်သော အရိယာဆရာတော်များ၊ ကျင့်ကြံအားထုတ်မှုအားကောင်းသော ထိရောက်သော အရိယာဆရာတော်ကြီးများ အားလုံးကို မည်သူသည် တိုက်ခိုက်နေပါစေ၊ တုန်လှုပ် ခြင်း မရှိ- ဝေးရာသို့ ကြွခဲ့ပြီး အရှုံးပေးသွားပါသည်။ တကယ်တော့ အရှုံးကားမဟုတ်-ဥာဏ်အလင်းဖြင့် ဆင်ခြင်ကြည့်လျင် သိမြင်နိုင်ပါလိမ့်မည် ဓမ္မမိတ်ဆွေ အပေါင်းတို့။
ကျောက်သားထုသည် လေတိုက်လျင် မလှုပ်-သစ်ပင်တို့ကား လေတိုက်လျင် လှုပ်တတ်ကြသည် မဟုတ်ပါလော။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts