Thursday, July 24, 2014

မွေးနေ့လား သေခါနီးသထက်နီးလာတာလား။

ဝါဆို သင်္ကန်းကပ်လှူထားသည့် မဂ္ဂင်နန်းဦး ဆင်းတုတော်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (၇၃)နှစ်ဝိဇာတမင်္ဂလာစခန်းသိမ်းအောင်ပွဲ တရားဟောရန် ကြွလာသည့် ဗောဓိရိပ်ငြိမ်ဆရာတော်

ဗောဓိရိပ်ငြိမ်ဆရာတော်စခန်းသိမ်းအောင်ပွဲ တရားဟောကြားနေစဉ်

ဒီနေ့(၂၂.၇.၂၀၁၄ ဟာ ကျမရဲ့ အသက်(၅၇)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မြန်မာ၊ အင်္ဂလိပ်ရက် တူပေမဲ့ နေ့တော့မကိုက်ပါဘူး။ ဖြတ်သန်းလာရတဲ့ ဘ၀မှာ ကျမတို့က ရိုးသားတော့ မရိုးသားတဲ့ သူတွေရဲ့ ဒဏ်ကိုအများကြီးခံစားခဲ့ရပါတယ်။ ရိုးသားခြင်းသည် သီလစောင့်ထိန်းခြင်းကို အထောက်အကူဖြစ်တယ်ဆိုတာ ဘာသာရေးဘက်ကို လိုက်စားလာတဲ့အခါ အလိုလိုသိလာသလို ကျမနေခဲ့တဲ့ ကချင်ပြည်နယ်က လူတွေ အများကြီးရိုးသားကြတယ်။ ရှမ်းပြည်ကလူတွေ အများကြီးရိုးသားကြတယ်။ လယ်ဝယ်တဲ့သူတွေ အလယ်လွန်တဲ့သူတွေကြုံသလို ကောက်ကျစ်တဲ့ သူတွေ၊ သူတပါးဘ၀ကို နင်းဘို့ အသံတိတ်နဲ့ လုပ်ကြတဲ့သူတွေ အများကြီးကြုံခဲ့ရပါတယ်။ ဘယ်သူတွေ ဘာတွေလုပ်ပါစေ့။ တက္ကသိုလ်ပြီးလို့ ၆ နှစ်လောက်ကြာတော့ မဟာမြိုင်ဆရာတော် ဦးဇောတိကနဲ့ ဆရာတော် ပျဉ်းမနားကြွလာတိုင်း မကြာခဏဖူးခဲ့ရပြီး ဆရာတော်မိန့်တဲ့အထဲက စွဲနေတဲ့ စကားတစုလေး တစုရှိခဲ့ပါတယ်။ အဲဒါကတော့ သူတပါးကို ပြင်ဖို့ကြိုးစားခြင်းထက် ကိုယ့်ကိုကိုယ်ပြင်ပါဆိုတာပါဘဲ။
စားဝတ်နေရေးပြေလည်မှုအတွက် - ကြံကြဖန်ကြ၊ တိုကျ ရှိုကျ။ သာသနာတော်ကြီးရဲ့ တဖက်က အဖတ်ဆယ်နေတဲ့ ရဟန်းရှင်လူတွေ ရှိသလို၊ တဘ၀စာ တနပ်စာအတွက် မထင်ရတဲ့ ပါးပါးနပ်နပ် ဇက်ရဲလက်ရဲ မကြောက်မရွံ့ လုပ်ရပ်တွေလည်း ကြုံခဲ့ရပါ့။ သံသရာကြီးဟာ တကယ်ကြောက်စရာကောင်းပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမိန့်သလို ကိုယ်မှ မမြင်ရတာ။ ကိုယ်မှ မသိတာ။ သိတာက ဒီတဘ၀တည်းကိုး။ ဒါကြောင့် မကြောက်။ ကြောက်ရကောင်းမှန်းကို မသိဘူးတဲ့။ သံသရာခရီးကို ဘယ်လိုဘ၀တွေနဲ့ ကျော်ဖြတ်လာရတယ်လို့ သိကြတဲ့ အဘိဥာဏ်ရတဲ့-ပုဂ`ဂိုလ်များ၊ ဇာတိသရဥာဏ်ရတဲ့ သူများ ပါရမီအခံပါသူများကသာ သူများတွေက နည်းနည်းလေး၊ ဘာမဟုတ်တာလေးပါလို့ထင်တဲ့ အရာလေးတွေကို ကြောက်ကြလန့်ကြပြီး သံသရာက ထွက်လမ်းရှာခဲ့ ကြပါတယ်။ ဗောဓိရိပ်ငြိမ်ဆရာတော်ကလည်း ဆရာတော့်ရဲ့ အသက်(၅၀)ပြည့်မွေးနေ့မှာ ရေးထားတဲ့ စာအုပ်ငယ်လေးထဲမှာ ရွှေရတုမွေးနေ့ဆိုတော့ ရွှေရတုလား ၊ ရွှေအတုလားလို့ကိုယ့်ကိုကိုယ်ပြန်မေး မိတယ်လို့ ရေးသားထားပါတယ်။ ဒါလေးကို ဖတ်မိတုံးက ကျမပြုံးမိလိုက်ပါတယ်။ ရွှေအစစ်ဖြစ်ပြီလားလို့ ကိုယ်ကိုကိုယ်ပြန်မေးမိတယ်လို့ဆိုပါတယ်။
ကျမလည်းကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။ ဗုဒ`ဓဘာသာ အတုလား အစစ်လား။ ရေရောနေသလား။ ဆီရောနေသလား။ ယိုးယိမ်းလိုက် ဘာသာယိမ်းလိုက် ဗုဒ`ဓဘာသာလား။ သူများမိုးခါးရေ သောက်ရင် ကိုယ်ဘေးထွက်နေမှာစိုးလို့ မသောက်ခြင်ခြင် သောက်ခြင်ခြင် လိုက်သောက်နေရတဲ့ ဖာသာလ၀ါ ဗုဒ္ဒဘာသာ အမည်ခံလားပေါ့။ သီလဆိုတာလည်း အခြေအနေအရ လိုက်ုပြောင်းလဲနေတဲ့ သီလပျောက်ကြားလား၊ စသည်ဖြင့်...
မကြောက်သူတွေကြားနေ၊ ပတ်ဝန်းကျင်ကလည်း မကြောက်တာ အားပေးနေတဲ့ပတ်ဝန်းကျင်၊ ကြောက်ခြင် ယောင်ဆောင်နေတဲ့ သူတွေထဲကိုယ်ကောပါနေလား စသည်ဖြင့်
(၅၇)နှစ်။ နီးလာတဲ့အရွယ်ဖြစ်နေပါပြီ။ ကျမ ဖခင်ဆိုရင် (၅၆)မှာ ပင်စင်တောင်မယူရသေးဘဲ ဆီးအိမ်ကင်ဆာနဲ့ သေခဲ့လေပြီ။ ကျမကတော့ သူ့ထက် (၁)နှစ်လောကကြီးမှာ အသက်ရှင်ကျော်ဖြတ်သွားပြီ။ လာမည့်နှစ်တွေကော.... ရွှေရတုမဟုတ်သော ရွှေအတုတွေ၊ စိန်အတုတွေနဲ့ပြည့်နေပြီး အသက်ကတော့ ကြီးပါရဲ့ တရားမရမခြင်း ခလေးဆင့်ဘဲရှိသေးတယ်တဲ့ ရွှေစေတီဆရာတော်က ပိတ်သလေးစကားနဲ့ ကျမခေါင်းကိုထုခဲ့ဘူးတာ မခံချိမခံသာလေး ပြုံးခဲ့ရတဲ့ဘ၀။ အလုပ်လုပ်ရင်း ကုန်ထုတ်ရတော့မယ်။ ခရီးကား နီးသထက်နီးနေပြီမဟုတ်လား။




0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts