Monday, June 16, 2014

နေဘုရင် ကျောက်သားဗုဒ္ဓ တန်ခိုးတော်ပြ မျက်တောင်ခတ်ပြီ



နေဘုရင် ကျောက်သားဗုဒ္ဓ တန်ခိုးတော်ပြ မျက်တောင်ခတ်ပြီ
ယနေ့ (၁၆.၆.၂၀၁၄) ရွှေနန်းသွင်းလက်လုပ်တောင်ကျောင်းပေါ်ခဏရောက်ဖြစ်ခဲ့သည်။ ဆရာတော် ဦးခေမာ သည် ထုံးစံအတိုင်းလက်လုပ်တောင်တွင် ဧည့်သည်များနှင့် အလုပ်ရှုတ် နေသည်။ ဆရာတော်အလုပ်ရှုတ်နေခြင်းကား မရှိဒုက္ခ ရှိဒုက္ခ ပြသနာပေတည်း။ ကော်ဇောတွေ အလိပ်လိုက် နှင့်။ ထုံးစံအတိုင်း ကျောင်းပေါ်သွားဦးဆိုပြီး ခြေဟန်လက်ဟန်နှင့်ပြကာ ကျမနှင့်ကျမတပည့်လေး၊ ကားဆရာလေးတို့ ကျောင်းပေါ်တက်ခဲ့ကြသည်။ ဆရာတော်ကို ဆရာတော်ဦးဗောဓိကြွလာတာ တပည့်တော်တို့ကို မသိလိုက်ရဘူးဟု ကျမမှ စကားစလိုက်ရာ ဆရာတော် လာနားတာဟု ပြန်မိန့်ပါသည်။ ဒါကြောင့် ဒီမှာထက် ရေတံခွန်တောင်ကို ပို့ထားလိုက်တယ်လို့မိန့်ပါတယ်။
တကယ်တော့ ကျမလည်း လာနားသည်ကိုသိပါသည်။ သက်သက်မဲ့သာ စကားဆိုခြင်းဖြစ်ပါသည်။ ကျမတို့ သင်္ကြန်ပြီးကာစတွင် ကျောင်းကုန်းဘက်ရောက်ခဲ့လေရာ ဟင်္သာတနှင့်နီးနေသော်လည်း အလုပ်ကိစ္စကြောင့် လာလို့မရကြောင်းလျှောက်ထားမိပါသည်။ ဆရာတော်မှ ကျောင်းကုန်းဘက်မှ လမ်းကလာလျင် အဆင်ပြေကြောင်း ဇလွန်ဘက်လမ်းက သိပ်အဆင်မပြေကြောင်း၊ လေးမျက်နှာရောက်လျင် ဆရာတော်တို့ရွာနှင့်နီးနေပြီဟုသိရပါသည်။
စကားစပ်မိပြီး နေဘုရင်ဘုရားအကြောင်းကို ရောက်သွားတော့သည်။ ဦးခေမာမှ ၄င်း၏ ဖုန်းထဲတွင် သွင်းထားသော မဟာနေဘုရင်ဘုရားမျက်တောင်ခတ်သည်ကို ပြတော့သည်။ ကျမရဲ့ မျက်မှန် ပြန်ပြင်လုပ်ထားသဖြင့် အခြားမျက်မှန်တလက်အား ခဏတပ်ထားရာ ပါဝါမကိုက်သဖြင့် ကောင်းစွာမမြင်ရသော်လည်း မျက်တောင်ခတ်နေသည်ကိုတော့ မြင်ရပါသည်။ ကျမဘေးမှ ခလေးနှင့် ကားဆရာလေးမှ ဟုတ်တယ် ထူးဆန်းလိုက်တာဟုပြောပါသည်။ ကျောက်သားပကတိ ဆင်းတုတော်မှ လူများကဲ့သို့ မျက်တောင်ကို တပြိုင်တည်းခပ်ခြင်းမဟုတ်ဖဲ တဖက်ခပ်ပြီးမှ တဖက်ခပ်သည်။ ဘယ်ပြီးညာဘက်မျက်တောင်ခပ်သည်။ အခွေတွင် အသံများကြားရသဖြင့် ဘာတွေ လုပ်နေကြတာလဲဟုမေးရာ ပဌာန်းရွတ်နေတာဟု မိန့်ပါသည်။ ထိုအခွေကိုရိုက်ထားရာ ကူးပေးနေသည်မှာလည်း မလောက်နိုင်ဟုဆိုပါသည်။ ကျမကတော့ တပည့်တော်အတွက်ဖြင့် ဆရာတော် သတိမရဟု ခနဲ့လိုက်မိပါသည်။ ဘုရားဆင်းတု မျက်တောင်ခတ်သည့် နေ့ရက်ကို မေးလိုက်ဖို့ကိုတော့ သတိမရလိုက်ပါ။
ဆရာတော် ဦးခေမာမှ နေဘုရင်ဘုရားဆင်းတုတော်သည် နေ(၂)စင်းကြားတွင်ရှိသည်ဟုဆိုပါသည်။ ဆရာတော် ဦးဗောဓိ(ဗောဓိရိပ်ငြိမ်ဆရာတော်)သက်တော်ငယ်စဉ်က တရားထိုင်ခဲ့သော နေရာတွင် တခါက နေ(၂)စင်းကိုတွေ့ခဲ့ဘူးသည်။ ထိုကြောင့်ဆရာတော်သည် ထိုနေရာတွင် အမှတ်တရ နေဘုရင်ဘုရားကို ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း မဟာနေဘုရင်၏ လျှို့ဝှက်ချက်တို့ကို သိရှိခဲ့ရသလို တန်ခိုးတော် အနန္တ ဥာဏ်တော် အနန္တ ဘုန်းတော်အနန္တ လူသတ္တ၀ါတို့၏ ဆရာတဆူပြိုင်ဘက် ကင်းတော်မူသော သဗ္ဗေညုတဥာဏ်တော်တို့ ပိုင်ရှင် မြတ်စွာဘုရားရှင်၏ တန်ခိုးတော်တို့ဖြင့် မဟာနေဘုရင် ဆင်းတုသည် မျက်တောင်တော်ခတ်လေပြီ။ ကျောက်ဆင်းတုသည် အသက်မရှိ သိပ္ပံပညာရှင်တို့ လိုက်မမှီ ရှာမတွေ့ နိုင်သော လျှို့ဝှက်သည့် အကြောင်းတို့၏အဆက် အကျိုး တို့က အတုမရှိ ငါဘုရားရှင်သည် အမှန်တကယ် ဘုန်းတော် ဥာဏ်တော်တို့ဖြင့် ပြည့်စုံပေသည် ဟု ရုပ်ဝတ္တုတို့ကိုသာ တန်ဘိုးထားသော လောကတခွင်အား ဖူးထိုက်သူတို့ ဖူးရအောင်၊ ကျွတ်ထိုက်သူ တို့ ကျွတ်ရလေအောင် တန်ခိုးတော်ပြလေသရော့လားဟုပင် ထင်ရပေတော့သည်။မယုံမရှိနဲ့ ကိုယ့် ဥာဏ်နဲ့လိုက်မမှီတာကို မယုံဘူးလို့ ပြောနေကြတာဟု ဆရာတော် တပါးမိန့်ခဲ့ဘူးသည်ကို သတိရမိ ပါသည်။ ကွန်ပြူတာဖြင့် ဖန်တီးထားသော အတုတွေလည်း အများကြီးထဲက ရှားပါးသော အစစ်ဆိုသည်မှာ …စရဏအား ပါရမီအား များ များစွာပါဝင်ပေသည်။
ထိုဘုရားအား ဓာတ်ပုံရိုက်ရာတွင်လည်း နေသည် ကောင်းကင်တွင် (၁)စင်း ၊ ဘုရားရှင်၏ လက်ျာဘက်တော်တွင် (၁)စင်း ၊ နေ(၂)စင်းထင်၏ဟုလည်း ဆရာတော်မှ မိန့်ကြားခဲ့ပေသည်။
ကျမက မဟာနေဘုရင်ဘုရား အပူဇော်ခံစဉ်က တေ့လွဲလွဲခဲ့သည်။ ထိုနေက ကျမကျောင်းသို့ရောက် ပါသည်။ သို့သော် ဘုရားက ညနေ(၅)နာရီမှ မန္တလေးမှ ကြွရောက်လာမည်ဖြစ်ရာ ကျမအနေနှင့် ရေဆင်းပြန်ရလျင် မှောင်မည့်ခရီးအတွက် တစ်ယောက်တည်းလာရသွားရမည့် အန္တရာယ်များကြောင့် ညနေအထိမစောင့်နိုင်ဘဲ ပြန်လာရသည့်အတွက် တေ့လွဲလွဲခဲ့ပေတော့သည်။
ကျင့်သော သူတော်ကောင်းတို့အား နတ်ကောင်း နတ်မြတ် အရိယာ သူတော်စင်ကြီးများက မပြတ် စောင့်ရှောက်ကြပေသည်။ တန်ဘိုးကြီးပေသကိုး၊ အနာဂတ်သာသနာကို စောင့်ရှောက်ပေးမည့် သံဃာတော်များပေကိုး။ သီလနှင့်ပြည့်စုံ အကျင့်စရဏပြည့်စုံသူတို့ကား တန်ဘိုးမဖြတ်နိုင်သည့် ရှားပါးလာသည့် ရတနာများဖြစ်ပေသည်ကိုး။ ထိုသူတို့အား မြတ်စွာဘုရား၏ နိဗ္ဗာန်အကျိုးမျှော်သူ တို့ ဆည်းကပ်ကြလေသလို၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဗောဓိရိပ်ငြိမ်ဆရာတော်အား အိမ်မက်ပေးသကဲ့သို့ ဆွမ်းတဆွမ်းလောင်းပြီး တောင်းလိုက်တဲ့ဆု မပြီးနိုင်ဘူး ဦးဗောဓိကြီးရေ ဆိုသူများလည်း ထုနဲ့တေးပင်။  ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်ကိုသာရည်မှတ်ပြီး ဗောဓိဆု (၅)ဆုမှာ တဆုဆုနဲ့ပြည့်ပါစေဆိုသော ဝေဘူဆရာတော်ဘုရားကြီးအမြဲပေးလေ့ရှိသော ဆုတောင်းထဲမှ တစ်ဆုဖြင့်သာ ကျွတ်တမ်းဝင် ကိုးကွယ်သူများ များပြားလာပါစေဟု ဆုတောင်းရင်း မြတ်စွာဘုရား၏ ဘုန်းတော် ဂုဏ်တော် ဥာဏ်တော်နှင့် သံဃာတော်များ၏ သိက္ခာ(၃)ပါးအား စိတ်မှရည်မှတ် အကြိမ်ကြိမ် ဦးနှိမ်ချ ကန်တော့လိုက်ရပါတော့သည်ဘုရား။
ဦးခေမာမှ အင်တာနက်ပေါ်တွင် ထို ဗွီဒီယိုဖိုင်အား တစ်ဦးဦးမှ တင်ထားသည် ဟု ပြောကြသည်ဟုဆိုသဖြင့် ရှာကြည့်ရာ you tube ၏ search box တွင် မဟာနေဘုရင် ဟု ရိုက်ထည့်လိုက်ပါက မြန်မာရုပ်မြင်သံကြား mrtv မှ ရိုက်ကူးထားသော ဟင်္သာတမြို့ မအူကုန်းရွာသို့ မဟာနေဘုရင်ဘုရားပင့်ဆောင်ပုံနှင့် နေ(၂)စင်းအကြောင်း ဗောဓိရိပ်ငြိမ်ဆရာတော်ကိုယ်တိုင် မိန့်ထားသည့် (၄)မိနစ်စာ ဗွီဒီယိုဖိုင်အား တွေ့မြင်ရပါလိမ့်မည်။
တရားချစ်ခင်သူတော်စင်အပေါင်းတို့ ကျန်းမာချမ်းသာကြလျက် ဝေဘူဆရာတော်ဘုရားကြီး မိန့်သကဲ့သို့ လောကီချမ်းသာအစားစားထက် နှိုင်းတုမရသော ဆုထူးဆုမြတ် (ဗောဓိ-၅ ဆု)ထဲမှ တဆုဆုကိုသာ အမိအရ တောင်းနိုင်ကြပါစေ။ မိမိကိုယ်တိုင်လည်း ပြည့်လိုသကဲ့သို့ တရားချစ်ခင် သူများလည်း ပြည့်နိုင်ကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts