Sunday, May 25, 2014

ဒီနေ့နာယူဖြစ်လိုက်တဲ့ မော်စီတုန်းဝါဒ တရားတော်



ဒီနေ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကိုနာယူဖြစ်ပါတယ်။ မအားတာ အလုပ်နဲ့လက်နဲ့မပြတ်ရတာတွေကြောင့် နည်းနည်းလေးမှ ဘလော့ရေးတဲ့ဘက်ကိုမလှည့်ဖြစ်တာ ကြာပါပြီ။ ဒီကြားထဲမှာ အိမ်မှာရှိတဲ့ အပစ်မဲ့တဲ့ သတ္တ၀ါ ကြောင်လေးတွေကိုလည်း မသေအောင် ဂရုစိုက်ပေးရတယ်။ ခဏခဏ သေကြပါတယ်။ မအေက အပြုအစုမကောင်းတာရော ၊ ခွေးတွေ တသောသောကြောင့်ရောပေါ့ရှင်။ သက်တမ်းတိုတဲ့အကောင်လေးတွေရှိသလို သက်တမ်းရှည်တဲ့ ဖွားပု (ကျမကဖွားပုလို့နာမည်ပေးထားတဲ့)ကြောင်မကြီးလည်းရှိပါတယ်။ ကြောင်လေးတွေကိုလည်း တတ်နိုင်သလောက် အားဆေးတိုက်ပေးရပါတယ်။
ကျမရဲ့အသက်အရွယ်တဖြေးဖြေးရလာလေလေ သင်္ခါရကိုလည်း ပိုပိုသိသိလာလေလေပါဘဲ။ ခန္တာကိုယ်ကလည်း တနှစ်ထက်တနှစ်လေးပင်လာတယ်။ လှုပ်ရှားမှုတွေနှေးလာတယ်။ အထိုင်အထ တွေမှာ ကိုယ့်ကိုကိုယ် ထိမ်းကျောင်းနေရပါတယ်၊ ခါးတွေနာလာလို့ တရားကြာကြာမထိုင်နိုင်တာ တွေဟာ အိုမင်းလာခြင်းရဲ့ သရုပ်တွေပါဘဲ၊
အိမ်ပြန်ရောက်လာရင် မောတယ်မောတယ်ဆိုပြီး အနားယူတာကလည်း တီဗွီရှေ့မှာဘဲ ဖြစ်ဖြစ်နေတယ်။ မိုးလေ၀သနဲ့ ဇလဗေဒက ဖိတ်တဲ့အစည်းအဝေးသွားတက်တဲ့နေ့က နေပြည်တော်ကအပြန်ကို ရွှေနန်းသွင်းလက်လုပ်တောင်ကျောင်းကိုဝင်ဖြစ်ခဲ့ပါသေးတယ်။ ဆရာတော်ဦးခေမာ လယ်ဝေးကြွသွားတဲ့အတွက် ဆရာတော်ကို မကန်တော့ခဲ့ရဘဲ ပြန်လာခဲ့ရပေမဲ့ ကျမတို့အဖွဲ့ ကားဆရာလေးနဲ့ ဘုရားပေါ်တော့ တက်ကန်တော့ခဲ့ပြီး တံမြက်စည်းလှဲ ကုသိုလ်ယူခဲ့ပါတယ်။
တံမြက်စည်းလှဲတာဟာ ကိုယ့်အတွက် အရှင်းဓါတ်ကိုဖြစ်စေတယ်လို့ ကျမကိုဆရာမတဦးကပြောဘူး ပါတယ်။ ဘုရားရောက်ရင် တံမြက်စည်းလှဲတာ ရေသပ္ပါယ်လို့ရရင် ရေသပ္ပါယ်ပါလို့ ကျမဆရာမက သင်ကြားပေးဘူးပါတယ်။ ဒါဟာ ကုသိုလ်လည်းရသလို ကိုယ့်အတွက်လည်း အကျိုးများပါသတဲ့ရှင်။
နောက်တခုကတော့ ကျမတို့ အွန်လိုင်းစာရေးဆရာမဖြစ်တဲ့ လုလု(မေတ္တာရပ်ဝန်းမီးဖိုဆောင်)ရဲ့ သားလေး ဆုံးသွားတာပါဘဲ။ သူက ကျမတို့လို စိုက်ပျိုးရေးဘွဲ့ရပါ။ သူက အွန်လိုင်းမှာဟင်းချက် နည်းတွေတင်တယ်။ ကျမက သူ့ဟင်းချက်နည်းတွေထဲက ထူးထူးဆန်းဆန်းလေးတွေ လိုက်ချက်တယ်။ စနေ / တနင်္ဂနွေပိတ်ရက်ဆိုရင် ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေကို လောင်းတယ်။ နောက်တဖြေးဖြေး သူက စိုက်ပျိုးရေးကလို့ သိလာတော့ ခင်မင်လာကြတာပေါ့။ သူက အင်မတန် ခလေးလိုခြင်သူပါ။ ခလေးလေးဟာ လသားလေးအရွယ်မှာ ဆုံးသွားပြီး ဒီနေ့ဟာ သူ့ခလေးအတွက် ဆွမ်းကပ်တဲ့နေ့လေးပါ။ ချစ်သောသူနဲ့ကြာကြာမနေရတဲ့ သူ့ကို စာနာစိတ်နဲ့စိတ်မကောင်းတော် တော်ဖြစ်မိပါတယ်။
ကျမတို့အနားမှာ ခွေးတွေသောင်းကျန်းတဲ့အတွက် ကြောင်တွေဟာ မကြာခဏ ပိုးစိုးပက်စက်သေကြတာအတွက်လည်း ကြောင်ပိုင်ရှင်တွေဟာ ကျေကွဲကြရပါတယ်။ ဒါပေမဲ့ သူတို့လေးတွေကြတော့ အဖော်မဟုတ်လား။ ဒါပေမဲ့ ခွေးကိုက်ခံထားရတဲ့ ကြောင်တွေအိမ်နားမှာ တွေ့ရင်တော့ သေခါနီးမှာ ပြုစုပေးလိုက်ပါသေးတယ်။ သင်္ခါရတွေဟာ အနီးနားမှာ နေ့တဒူဝ ဖြစ်ပျက်နေကြတာပေမဲ့ တော်နေမေ့သွားလိုက် ရှင်သန်နေရတဲ့ ဘ၀အတွက် အားထုတ်လိုက်ရနဲ့။ တနေ့ပြီးတနေ့
ဒီနေ့ဆရာတော်ဘုရားကြီးရဲ့ တရားထဲမှာ မော်စီတုန်းဝါဒလို ကျင့်လို့ပါတယ်။ မော်စီတုန်းဝါဒ ဆိုတာ ဘာကိုပြောတာပါလိမ့်ပေါ့။ မော်စီတုန်းက တော်လှန်းရေးမှာ စစ်တိုက်နေရတဲ့အခါ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း တဖက်ကရှိနေ။ စစ်ကမတိုက်လို့လည်းမဖြစ် ၊ တဖက်ကလည်း တိုင်းပြည်စီးပွားရေးအတွက်ကလည်းရှိနေတော့  စစ်တိုက်ရင်း ကုန်ထုတ် ၊ ကုန်ထုတ်ရင်း စစ်တိုက် လို့ ၀ါဒချမှတ်ထားပါတယ်တဲ့။
သံဃာတော်တွေဟာလည်း တချိန်လိုဘယ်မှာ တရားထိုင်နိုင်မလဲ။ ဒီတော့ အလုပ်လုပ်ရင်း တရားအသိနဲ့ နေပါလို့ ဟောတော်မူပါတယ်။ သတိလေးနဲ့ နေရင် ကိလေသာတွေလျော့ပါးမှာ ဖြစ်တဲ့အတွက် သတိလေးကပ်ထားရင် မော်စီတုန်းဝါဒလိုဖြစ်သွားပါတယ်တဲ့။
လူရဲ့စရိုဒ် ညဉ်ဟာ သတိကိုသိပ်ကြောက်တယ်လို့ မိန့်တော်မူပါတယ်။ မှန်လည်းမှန်ပါတယ် သတိကပ်ထားရင် အားလုံးကို သတိနဲ့ သိနေတာမို့ သာမန် သတိမပါတာနဲ့တော့ တခြားစီပါဘဲ။
တချို့သော ဆရာတော်ကြီးများကတော့ ထိသိသတိ လို့မိန့်တော်မူကြပါတယ်။ ဘာလုပ်လုပ် သိနေ လို့လည်း မိန့်ကြပါတယ်။ သတိလေးနဲ့ သိလိုက်တာနဲ့ အတွေးတွေဟာ ပါးပြီးတဖြေးဖြေး အတွေးတွေပျောက်သွားတယ်လို့ ဆရာတော်ဦးဇောတိက ကလည်း မိန့်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ သတိ မကပ်နိုင်ကြလို့ လောဘ၊ ဒေါသ၊ မောဟတွေကြားမှာ ၀ဲလည်နေကြတာပေါ့နော်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ပဲလှော်ဝါးရင်း လှည်းစီးပါ တရားတော်မှာလည်း တပြိုင်တက် အလုပ်နှစ်ခုပြီးအောင် လုပ်တာကို ဥပမာပေးပြီးဟောခဲ့တာဖြစ်ပါတယ်။ လှည်းစီးပြီး သွားနေသလို သံသရာခရီးသည် ကျမတို့ဘ၀တစ်ခုလုံးမှာ လှည်းပေါ်မှာ ပဲလှော်ဝါးစားနေတော့ လည်း ပဲလှော်လည်းဝါးပြီးသား ခရီးကလည်း အလိုလိုလည်း တွင်ပြီးသားမဟုတ်ပါလားရှင်။
သံသရာခရီးမှာ ဧည့်သည်တွေပါ သတ္တ၀ါမှန်သမျှ အချိန်တန်လျင် ဒီခရီးကိုသွားရမှာပါဘဲ။ လူတိုင်း သေရမှာဘဲ ဆိုတဲ့ အသိနဲ့ မလွန်ဆန်နိုင်တဲ့ တရားဘဲလို့ နှလုံးသွင်းပြီး သေခြင်းကို ပေါ့ပေါ့လေး တွေးနေကြတယ်လို့ဆရာတော်ကြီးကမိန့်ပါတယ်။
ကဲ အရင်းစားဘ၀လေး မဆုံးရအောင် အတတ်နိုင်ဆုံး မော်စီတုန်းဝါဒလို အလုပ်လုပ်ရင် သတိနဲ့နေ ကြပါစို့လားရှင်။ မဟာမြိုင်တောကြီးထဲမှာ တရားဟော အပြီးအမှတ်မလွတ် တစ်လှမ်းချင်း ပြန်ကြွသွားတဲ့ ဆရာတော်ဘုရားကြီးရဲ့ ပုံရိပ်တွေကို တီဗွီဖန်သားပြင်ပေါ်မှာကြည့်ရှုရင်း ကြည်ညိုသဒ္ဓါ ပွားရေးသားလိုက်ရပါတယ်ရှင်။
မေတ္တာရှင် -အရှင် ဇ၀နက မိုးမိတ် မပဒါန်ကျောင်းလေးမှာ ဆရာတော်ဘုရားကြီးကို သွားရောက် ဂါရ၀ပြု ကြည်ညိုတဲ့အခါမှာ အရှင်ဇ၀နနဲ့ အတူ ဆရာတော်ကြီးဟာ ဆွမ်းဘုန်းပေးတော် မူပါတယ် ရှင်။ အဲဒီဆွမ်းဘုန်းပေးရမှာလည်း ရိုက်ကူးထားတဲ့ အခွေကိုကြည့်ရင် ဆွမ်းစားရာမှာ သတိမပျက် ဆွမ်းဘုန်းပေးနေတဲ့ ဆရာတော်ဘုရားကြီးကို ကြည်ညိုဘွယ်ရာဖူးတွေ့နိုင်ရမှာဖြစ်ပါတယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts