Monday, April 1, 2013

သာသနာ့ကိစ္စတွင် ၀ါဇီခြင်္သေ့ထုပ်အား တံတားလုပ်သဖြင့် ထိခိုက်သွားသော ဒဏ်ရာများ





မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် မောနေယျတောတွင် ချမ်းသာစွာသီတင်းသုံးခွင့်၊ မပျင်းမရိကျင့်ကြံခွင့်၊ အထောက်အပံ့များပြည့်စုံနေခြင်းများကြောင့် တပါးတည်းဖြစ်သော်ငြား ကိုယ့်ကို ကိုယ်ရိုသေလာနိုင်အောင် အုပ်ချုပ်ခွင့်ပါရခဲ့သည်ဟုဆိုပါသည်။
သုံးဝါအထိနေခွင့်ရကောင်း၏ဟုဆိုရလောက်အောင် - ရဟန်းတော်များ စိတ်ဝမ်းမကွဲပြားခြင်း၊ လူအများ ရွာခေါင်းဆောင်စကားလေးစားလိုက်နာခြင်းကြောင့်လည်းကောင်း၊ ပုံတောင်ပုံညာဒေသရှိ ရဟန်းတော်များ သည်တစ်ပါးက လက်ခံထားရှိသည့် တရားရှာအာဂန္တုတစ်ပါးအပေါ်အများက အနှောင့်အယှက်မပေးကြခြင်း။ ရွာခေါင်းဆောင်က သည်မသွားရအမိန့်ထုတ်ထားလျင် မည်သူမျှအသွားအလာမလုပ်ကြ။ဒါမလုပ်ရဆို မလုပ်ရ သည်အထိ ညီညွတ်ကြသည်။ သို့သော် ထင်သလိုမဖြစ်လာဘဲ ဆရာတော်ဘုရားကြီးသည် နောက်ကြောင်း ကြွေးကျန် ကြွေးတိုးဝင်လာခဲ့ပါသည်။
၁၃၆၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၇)ရက်နေ့တွင် ရန်ကုန်မှ ဒကာများ စည်းချိုးဖေါက်၍ ပုံတောင်ပုံညာ ဒေသတစ်ခုလုံး တာဝန်ယူအုပ်ချုပ်နေသော ကျောရွာရှိ တာဝန်ခံများ ခွင့်မပြုသည့်အကြားမှ လာဘ်ထိုး လာဘ်တင်ပညာကျွမ်းကျင်သူများပီပီ ၀ါဇီစက္ကူထုပ်တံတားလုပ်ကာ ထိုနေရာအထိ ၀င်ရောက်လာကြသည်။ ၀ါဇီစက္ကူကြောင့် ရပ်/ကျေးသံဃာ့နာယကများထုတ်ပြန်တားမြစ်ထားသည့် တားမြစ်မိန့်၊ ဆရာတော်ဘုရားကြီး၏ တားမြစ်စကားများသည် လေအကြား လွင့်ပြယ်ပျောက်ဆုံး သွားပါတော့သည်။ ကတိက၀တ်ထား သစ္စာတိုင်စကားများသည်လည်း အသွားမဲ့သော ဓားပဲ့ပမာ သုံးမရ နေရာရောက်စေခဲ့ပါသည်ဟုဆိုပါသည်။
ယင်းမှာ ကျောတာဝန်ခံများ၏ တားမြစ်ခြင်းခံရသော ထိုရန်ကုန်ဒကာများက ရွာငယ်နေ လမ်းထိပ် အစောင့်တာဝန်ခံလည်းဖြစ်၊ ငါတို့ထံသို့ တာဝန်ခံဒေါက်တာများ ဆေးဝါးပစ္စည်းများ ထောက်ပံ့ပါသည်ကို လက်ခံပိုကတာဝန်ခံလည်းဖြစ်သူ ကျောင်းဆရာထံ ချဉ်းကပ်၍ အသင့်ပါလာသော ခြင်္သေ့အုပ်ကြီးများ လက်ထဲထားပေးလိုက်ခြင်းကြောင့်…ထိုကျောင်းဆရာသည် ရန်ကုန်ဒကာများနှင့်အတူ ညီဖြစ်သူအား ထည့်ပေးလိုက်သည်။ စကားရွာ၌ အရာကျယ်လှသော ရွာတာဝန်ခံထံလည်း စာရော ခြင်္သေ့အုပ်ပါ ပါးလိုက်သေးဆို၏။ ခြင်္သေ့အုပ်က ရွာတာဝန်ခံအတွက် စာမှာ ညီဖြစ်သူမှ ရွာတာဝန်ခံအားပေးရန်။
ထို့ကြောင့်တိုင်ပင်နေကြ ရွာတာဝန်ခံများလုံးဝမသိလိုက်ဖဲ တောတွင်းဆွမ်းလောင်းစခမ်းအတွင်း ဒကာ ချဉ်းနင်းခွင့်ရစေခြင်းပင်။ ဆွမ်းလောင်း ဓမ္မာရုံကား မောနေယျတောနှင့် စကားရွာအကြားရှိ လူသူအရောက် အပေါက်မရှိရာ တောတွင်းတစ်နေရ၌ တည်ရှိ၏။ လာဘ်တန်ခိုးရှင်က ဆရာတော်ဘုရားကြီးမကြွလာမှီပင်  ကင်မရာအသင့်ရိုက်နိုင်ရန်ဆိုကာ ရွာတာဝန်ခံက ဆရာတော်ကြီးကြွလာရာလမ်းအတွင်း သူကိုယ်တိုင်လမ်း လျှောက်ပြပေးသည်ဆို၏။
ထိုသို့ ကြံတွေ့ခဲ့ရသည့်အတွက် ဆရာတော်ဘုရားကြီးသည်  အောက်ပါကဗျာအား ရေးသီထားပေသည်။
ဝါဇီ ၀ါဇီ လာပစီ- ချည်မည်၊ တုပ်မည်ပဲ။
ခြင်္သေ့ ခြင်္သေ့ ဘာတွေ့တွေ့ လှေ့ပြီး၊ အုပ်ပြီးပဲ။
ဝါဇီပေါက်ခြင်္သေ့က သည်လောက်အထိ အဟောက်သန်၏ အရှိန်ကြီး၏။
နံနက်(၉)နာရီ ဆရာတော်ဘုရားကြီးဆွမ်းခံကြွလာသော် ကင်မရာတဖျပ်ဖျပ်ရိုက်သံကြားရသည်။ ဆွမ်းအလှူရှင်(၁၀)ဦးမျှသာ ဖြစ်သဖြင့် (၅)မိနစ်ထက် မပို၊ ဆွမ်းခံပြီးအထွက် ရွာတာဝန်ခံလက်မှ ပစ္စည်းများ သပိတ်ပေါ်တက်လာပြီး ဆရာတော်ဘုရားကြီးလက်ဖြင့်ဖိထားသော်လည်း အတင်းဆွဲချပြီး တာဝန်ခံ ကိုယ်တိုင်လိုက်လံကာ ကျောင်းအထိထမ်းပို့၏။ ထုံးစံက ငါတို့ဆီ မည်သူမျှ လိုက်ပါခွင့်မရှိစေရ။
ခြင်္သေ့ပူးခံရသဖြင့် တာဝန်ခံ ဥက္ကဌဟောင်းကြီး ခြင်္သေ့သို့ရဲရင့်နေချေပြီ။
ဥက္ကဌဟောင်း ဘုရားရှေ့ ပစ္စည်းများချထားခဲ့ကာရွာပြန်သွားပြီ။ ငါတို့စိတ် တိတ်ဆိတ်ခိုင်း၍ မရတော့ပြီ။
တယောက်လာလည်း ခွင့်မပြုဘဲလာလျှင် နေရာပြောင်းမည့် စကားနားထဲမွှေနေပြီ။
အဖွဲ့လိုက်လာလည်း ခွင့်မပြုဘဲလာလျှင် နေရာပြောင်းမည့် စကား နားထဲမွှေနေပြီ။
ကိုယ်ဆိုထားသည့် ထိုစကားများက ကိုယ့်အား ပြန်လှန်မေးခွန်းထုတ်နေကြပြီ။
သို့ဆုံးဖြတ်ချက်ရပြီးနောက် တစ်နေ့လုံ ယူမည့်ပစ္စည်းများ စုစည်းရသည်။ စုပြီးသည်ကို ထုပ်ပိုးရသည်။ ကျောင်းသန့်ရှင်းရသည်။ သည့်နောက်ပေးလိုရာ ပို့လိုရာ ပစ္စည်းများကို သီးသန့်ထားပေးရ၏။ လက်ခံရမည့်သူ လာယူမည့်သူများအတွက်အမှာစာများရေးထားခဲ့ရ၏။
ယခုစာစုများသည် ဆရာတော်ဘုရားကြီးရေးသားထားသည်ကို ပြန်လည်၍ အကျဉ်းရေးသားထားခြင်း ဖြစ်ပါသော်လည်း  ဆရာတော်ဘုရားကြီး၏ ပြောင်မြောက်လှသော ဝေါဟာရများကို ပြုပြင်ခြင်းမရှိပါ။ ၀ါဇီငွေစက္ကူထုပ်သည် သာသနာတော်ကိစ္စတွင် ၀င်ရှုတ်လာသောအခါ ကျင့်ကြံအားထုတ်လျက်ရှိသော ရဟန်းတော်များအား မည်မျှအထိ ဒုက္ခရောက်စေသည်ကို သိစေလိုပါသဖြင့် ထုတ်နှုတ်ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်။ မိမိ၏အလိုဆန္ဒတခုအတွက် ရဟန်းတော်များအတွက် အခက်မတွေ့စေသင့်ပါကြောင့် ဒကာ ဒကာမများအား သိစေ၊ ဆင်ခြင်စေလိုသော ဆန္ဒဖြင့် တင်ပြခြင်းသာဖြစ်ပါသည်။
ဆရာတော်ဘုရားကြီးသည် မိမိပြောင်းရွေ့ရသည့်အတွက် သူရော ငါပါ နှစ်ဖက်နာ၏။ တစ်ဖန် ရွာလည်းနာ။ ငါ့နောက်နေ အများတို့ပါနာ၏။ ပေါင်းသော် လေးဖက်နာ ကျသွားပြီ။ ထိုစဉ်-
ငါတို့ကား နေရာပြောင်းတိုင်း အသစ်ပေါင်းနေရသဖြင့် နာသော အနာ။
ဥက္ကဌဟောင်းက အများဖဲကျဉ်ခြင်းခံရသဖြင့် နာသော အနာ။
ရွာနှင့်နယ်ကာ သံဃာလည်း ကိုးကွယ်ခွင့်မရ၊ အကုသိုလ်လည်းရမှဖြစ်သော အနာ။
နောက်နေများကား ဖူးခွင့် နှစ်တိုးခံရခြင်း၊ ခရီးဝေးသွားခြင်းတို့မှ ဖြစ်သော အနာ။
သည်လိုလုပ်လျှင် သည်လိုဖြစ်မည့်အကြောင်း၊ စကားရွာရောက်စ ယင်း ဥက္ကဌဟောင်းကြီးများနှင့် တွေ့စကပင် ကြိုတင်ပြောပြီးသား။ သို့ပါလျက် တစ်ကိုယ်စား အမဲတုံးလိုက်ဟပ်ခြင်းသည် သူ့နောက်ကြောင်းပါဥာဉ် ဟုသာ ဆိုစရာရှိတော့သည်။ မသိ၍ မဟုတ်။ သိလျက်နှင့်ဇွတ်လုပ်သောကြောင့်…။
ကျော်တော စရောက်ချိန်က တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက်နေ့ ညနေ၊
ကျောင်းစတင်ဆောက်သောနေ့က လပြည့်ကျော် (၉)ရက်နေ့၊
ကျောင်းရေစက်ချသောနေ့ကား လကွယ်နေ့။ ထိုနေ့မှာပင် ပုံတောင်ကျော် တောမှီး ကျော်တောဘုန်းကြီး ဖြစ်တော့သည်ဟု။
ဆရာတော်ဘုရားကြီးသည် ပုလဲနယ် ၀ါးသုံးရုံစခန်းမှ ဂန့်ဂေါဘက်သို့ ပုံတောင်ကျော် ပြောင်းပြီးကာမှ တစ်ဖန် ပုလဲနယ်ကျော်တောရွာကို ပြန်ကပ်ရခြင်းကြောင့် ကျောင်းသစ်အား ပဋိ- တဖန်၊ ပတ္တိ- ရောက်၊ ပေါင်း ပဋိပတ္တိ-တစ်ဖန်ပြန်လည် နေသောကျောင်းကလေးဟု အမည်နာမပေးထားသည်ဟုဆိုပါသည်။ ဆရာတော်ဘုရားကြီး ရွာပြောင်းသဖြင့် ခံစားရသော ဒုက္ခများကိုလည်း စကားမောနေယျမှထွက်ခဲ့ရာ၊ တစ်လမ်းလုံးလဲကွဲထားသော ဒဏ်ရာများ ကျိန်းစပ်နေသော ဖ၀ါးနှစ်ခု ရိုက်ချေထားသလို ခံထားရသော ကိုယ်ခန္တာ။ ယင်းတို့က သတ္တိပြ အားကောင်းနေသေးခြင်းကြောင့်ယခင် ကျော်တောဥက္ကဌဟောင်းဖြစ်သူ ဒကာကြီး ဦးသောင်းဝေ၏ ပို့ဆွမ်းစား၍ အနားယူနေရဆဲဖြစ်သည်ဟု ထုတ်ဖော်ရေးသားထားပေသည်။
မည်မျှအထိဆင်းရဲဒုက္ခကိုခံခဲ့ပေသနည်း။ နေရာပြောင်းရာတွင်လည်း ရင်းနှီးသော ဒကာများ ဒကာမိသားစုများရှိရာ ရွာများကို ရှောင်ကွင်းသွားခဲ့သည်ကိုဖော်ပြထားပေသည်။ တနေရာေ၇ာက်နိုးနှင့် သွားရာေ၇ာက်နိုးနှင့် မြင်ကွင်းကပျောက်သွားလိုက်နှင့် တောကြီးထဲတွင် တပါးတည်း ကြွတော်မူသည်ကို ကြည်ညိုစွာ ဖတ်ရှုမှတ်သားရပေသည်။ (ကျမတို့ဆရာဒေါက်တာမြသွင်နှင့်ဇနီးမမဆွေတို့သည်လည်း ဆရာတော်ဘုရားကြီး ၀ါးသုံးရုံစခန်းတွင်ရှိစဉ်က တံခါးစောင့်ဖြစ်သူ တောခေါင်းမှ မ၀င်ရဟုတားမြစ်ခဲ့သည်ကို ကျမတို့မှ မကြေနပ်သဖြင့် စကားများကြရာ အပြန်တွင်ဒုက္ခကြုံရပုံ အဖြစ်မှန်ကို ပို့စ်တင်ထားခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်က ဆရာတော်ဘုရားကြီးသည် ပုလဲမြို့နယ် ၀ါးသုံးရုံစခမ်း၊ သစ်တောကြိုးဝိုင်းအတွင်းတွင် သီတင်းသုံးခဲ့ပါသည်။)
ဥက္ကဌဟောင်းသည် စကားရွာမှ ကျော်တောရွာသို့ ဆရာတော်မှာ ကြွသွားသည်မှာ အထင်လွဲပြီး စိတ်ကောက်ခြင်းသာဖြစ်သည်ဟု သီတင်းလွင့်ခြင်း၊ စခန်းမှူးကြီး အကူအညီဖြင့် မိမိအမှားကိုကာကွယ်ခြင်း၊ သူရွာမှ မထွက်ရအောင်၊ သူ့အားရွာမှ ရန်အလုပ်ရန် အကွက်ချ အစီအမံများကိုလုပ်သော်လည်း ကံမှာ ဒဏ်ရာအနာ ပါနေသည်ကြောင့် ဂန့်ဂေါနယ်၊ ဟံသာဝတီရွာမှ သမီးအသည်းအသန် နာမကျန်းဖြစ်သဖြင့် ထိုဥက္ကဌကြီးသမီးထံသွား၍ ကုသရေး အရေးပေးလိုက်ရတော့သည်။ ထိုအခါမှ သူဖုံးအုပ်ထားသော ခြင်္သေ့အုပ်ကြီးမှာလည်း သူ့သမီး မကျန်းမာသည့်အခါ အရွက်လိုက် အထပ်လိုက် ထွက်ပေါ်လာသည်ဟု ဟံသာဝတီနေ အကဲခတ်သမားများက တွေ့သဖြင့် စကားရွာသိုက အကြောင်းကြားပေးကြသည်ဟုဆိုသည်။
ထိုအခါကျမှ ဥက္ကဌဟောင်းကအမှန် ဆရာတော်မှ အထင်လွဲတောဆိုသော စကားပစ်တောက်ခံလိုက်ရသည် ဟူ၏။ ရန်ကုန်က လာဘ်တင်ပညာရှင်၏ ခဲတစ်လုံးစာလေးကောင်ထိမှန်သည်ကို ဆရာတော်ဘုရားကြီးမှ
= သူကြောင့် သူရော အများပါ ဖူးတွေ့ခွင့် တစ်နှစ်နာသွား၏။
= သူ့ကြောင့် စကားရွာရော နယ်ပါ လှူဒါန်းခွင့်အပြီး နာသွား၏။
= သူကြောင့် ငါတို့သည်လည်း ကိုယ်ပင်ပန်း စိတ်ပင်ပန်းကာ အထိနာသွား၏။
= သူကြောင့် လာဘ်စားရွာခေါင်းဆောင်ကြီးလည်း အထိနာသွား၏။
ရွာခေါင်းဆောင်ကြီးမှာ အများမှရှောင်ခွာကုန်သဖြင့် လူမသေသော်မှ သေလူဖြစ်သွားခြင်းကြောင့် အားလည်းငယ်၊ ရှက်လည်းရှက်ပြီး မိသားစုပါခေါ်၍ ဟံသာဝတီသို့ ပြောင်းသွားရရှာပြီ။
လာဘ်မိုးစွေ မိုးရေခံများ၏ အထိနာပုံက မျက်မြင်၌ပင် ကြီးမားလွန်းလှ၏။ သာသနာ့အရေး၌ လာဘ်ပေးလာဘ် ယူလုပ်လိုသူများ သတိထားစရာပင်။
(ငါ့အကြံသည် ဟန်ပြီ မရှိ
ကံအလှည့်က အပေးမတော်
ပြောပွဲကျင်းလျှင် သဘောချင်းလွဲ
ပြောရင်းကပဲ အဝေးလှော်
လုပ်လုပ်တိုင်း ဘေးချော်
ကြွေးကြော်တိုင်း
အကြောင်းကမလိုက်
ငါ့သရုပ် လငပုတ် ဖမ်းသည်သို့
ကန်းကပြီ ရောင်အလင်း
မှောင်တွင်း ခေါင်းစိုက်)- ဟု ဆရာတော်ဘုရားကြီးမှ ရေးသားထားပေသည်။
ဆရာတော်ဘုရားကြီးသည် သာသနာလမ်းခရီးတွင် မည်မျှဒဏ်ရာဒဏ်ချက်များခံခဲ့ရသည်ကို အထက်ပါစာစုများတွင် ဖတ်ရှု့နိုင်ပါသည်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့်အတိုင်း မကောင်းမှုကို မလုပ်သင့်မှန်းသိပါလျက်ကယ်နှင့် သူတော်ကောင်း အရိယာကြီးများအပေါ် မလုပ်သင့်သည်ကို လုပ်ခဲ့သော သူတစ်ဦးကဲ့သို့သော လူမျိုးများ မပေါ်ပေါက်စေရန် ၊ အရိယာသံဃာများကို မိမိစိတ်ဆန္ဒ တစ်ခုအတွက် ခြင်္သေ့အုပ် အထုပ်လိုက် လာဘ်မထိုးမိစေရန် ရည်သန်၍ ဆရာတော်ဘုရားကြီး၏ စာများကို အကျဉ်းချုပ်ပြီး တင်လိုက်ရပါသည်ရှင်။




0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts