Wednesday, February 27, 2013
“ငါမနေ” ၀ါဒအချက်(၃)ချက်နှင့် အရိယာတို့၏ စံရိပ်ငြိမ်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ “ငါမနေ” ၀ါဒအချက်(၃)ချက်
(၁) ဘယ်နေရာရောက်ရောက် ဌာနေ သံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုအနေရာ၌ ငါမနေ၊
(၂) ဘယ်နေရာ ရောက်ရောက် လူရှုပ်- လာဘ်ပေါ- ကျော်ဇော-ခြွေရံ ဤလေးတန် အခံရှိနေက ထိုနေရာ ငါမနေ။
(၃) ဘယ်နေရာရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေ။ (သံဝေဂလမ်း မှ) 
အရိယာတို့၏ စံရိပ်ငြိမ်
အရိယာတို့ပျော်စံရာ တိုက်အိမ်ကြီးကား သုံးဆင့်ပင်ထပ်လျက်ရှိ၏။ တစ်ထပ်တစ်ထပ်၌ကား လှေကားထစ် ဆယ်ထစ် အစီအညီရှိ၏။
က။     အကြင်သူသည် အထက်ဆုံးအထပ်၌ နေလို၏။
          ထိုသူကား အများတကာတို့ထက် ပိုလွန်ကာ အထစ်အားဖြင့် သုံးထပ်ကုန် အစုံသုံးဆယ်တက်ရ၏။
ခ။       အကြင်သူသည် အလယ်ထပ်မျှနေလိုခဲ့၏။
          ထိုသူကား အထက်ထပ်၏ အထစ်ကို ပလပ်၍ အောက်ထပ်၏ အထစ်များနှင့်
ပေါင်းစပ်ကာ နှစ်ထပ်ကုန် အစုံနှစ်ဆယ်မျှတက်ရ၏။
ဂ။       အကြင်သူသည်ကား အောက်ဆုံးအထပ်လောက်မျှသာ နေလိုခဲ့၏။ ထိုသူကား မိမိအထပ်သို့လားရာ ဆယ်ထစ်မျှပင် ခရီးဆုံးရ၏။
          (၁) သင်ကား မည်သည့်အဆင့်နေလိုသည်ကို ဆန္ဒပြုသင့်၏။
               ဆန္ဒမပါသော် မှန်းရာအထပ် တပ်တပ်အပ်အပ် မရောက်နိုင်။
          (၂) သင်ကား မည်သည့်အဆင့်နေလိုသည်ကို ဆန္ဒပြုသင့်၏။
          (၃) သင်ကား စိတ်ဝင်စားမှု ပြုသင့်၏။
               စိတ်မပါဘဲ အဆင့်တက်ပွဲကျင်းပက အထက်မရ၊ အောက်မကျဖြစ်တတ်လှ၏။
          (၄) သင်ကား တက်လိုရာလမ်းကြောင်း ကောင်းကောင်းကြီး လေ့လာထားသင့်၏။
               စူးစမ်းခြင်းကင်းလျက်က အတင်းတက်သော် အဆင့်မှန် အမြန်မရောက်တတ်။
အို….. ဓမ္မေသက
          ထိုလေးမျိုးမကြီးစိုးသော် သင်ကားညဥ့်မှောင်မှောင် အများတို့ (သူခိုး သူခိုး) အော်သံကြား သဖြင့် ရောရောင်ကာ ထ-အော်လေသူပမာသာ ရှိလေရာ၏။
အရိယာတို့ စံအိမ်ကား ပြောနေရုံမျှဖြင့် မရောက်နိုင်။
အများစကားနားထောင်နေရုံမျှဖြင့်လည်း မတက်နိုင်။
ထိုအရိယာတို့ စံအိမ်ကား ကြားရုံမျှဖြင့် သွားလိုသူ များပြားလှချေ၏။
ထိုအရိယာတို့ စံအိမ်ကား ကြားရုံမျှဖြင့် ရန်စလည်းပေါ်တတ်သေး၏။
ထိုအရိယာတို့ စံအိမ်ကား ကြားရုံမျှဖြင့် အစမ်းသပ်မခံရဲဘဲနှင့် မရောက်နိုင်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts