Monday, February 25, 2013

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတွင် ကျင်းပသော တရားစခန်းပွဲနှင့် ကျမဂုဏ်ပြုလိုသူများ





လက်လုပ်တောင် ရွှေနန်းသွင်းစေတီကို လာရာလမ်းတွင် ဖူးမျှော်ရမည့် ဥပ္ပါတ္တသန္တိစေတီတော်

လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်အတွင်းမှ အ၀ိဇ္ဇောဒယ ဓမ္မာရုံအတွင်း ပူဇော်ထားသော ဘုရားရှင်နှင့် မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် ဗောဓိရိပ်ငြိမ်ဆရာတော် ဗုဒ္ဓောရသ အရှင်က္ကုန္ဒာစရိယ (ဦးဗောဓိ)
ကျမတို့နေသော ယောဂီဆောင်မှ ဖူးမျှော်ရသော ဥပ္ပါတ္တသန္တိစေတီတော်

သံ-ဟိ-တာ အဖွဲ့မှ ကျမချစ်ခင်သော ဘိုးသိန်း (ဦးမြသိန်း)၊ ကိုကျော်အောင်၊ ဦးတင်အေးနှင့် ဦးဝင်းမောင်တို့အား ဓမ္မပူဇာဌာနတွင် တမင်ဂုဏ်ပြု မှတ်တမ်းတင်ခြင်လို့ဓါတ်ပုံရိုက်ယူခဲ့တာပါ။ သံဃာ့ဂုဏ်ကို အဓိကထားတဲ့ သူတို့လို အနစ်နာခံတဲ့ စံပြ လူကြီးတွေ များများပေါ်ထွက်ပါစေလို့။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနဲ့ ဆရာတော် ဦးဗောဓိတို့ရဲ့ ထုတ်ဝေထားသော စာအုပ်များကို အများသူငှာ လွယ်ကူစွာဝယ်လို့ရအောင် ရောင်းချပေးနေတဲ့ ဦးဝင်းမောင်(ညာ)ပေါ့ရှင်။ ဦးတင်အေးနဲ့အတွဲညီတဲ့သူတွေပါ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်သူ  ဗု`ဒ္ဓောရသ အရှင် က္ကုန္ဒာစရိယ (ဦးဗောဓိ)မှ ဦးစီး၍ ဖွင့်လှစ်သော တရားစခန်းပွဲသို့ တရားပွဲမပြီးဆုံးမှီ ၂ ရက်အလို ညနေသည် သောကြာ်နေ့နှင့် တိုက်ဆိုင်နေ ပါသဖြင့် ကျမသည် တရက်ရရ ၊ တချိန်ရရ၊ ဘယ်နှစ်ချိန်ထိုင်ရရ ထိုင်ရသမျှ အမြတ်ဟုဆုံးဖြတ်ကာ တပည့်လေးဖြစ်သူက ဆိုင်ကယ်နှင့် ပို့ပေးခဲ့ပါသည်။ ညနေ ၅း၀၀ နာရီတွင် ကျမ သည် ကျောင်းသို့ဆိုက်ဆိုက်မြိုက်ရောက်ခဲ့ပါသည်။ ကျောင်းရောက်သော ဆရာတော် ဦးခေမာအား ရောက်ပြီဖြစ်ကြောင်းလျောက်ထားပါသည်။ လူတွေကများ အလုပ်ကများသော ဆရာတော်သည် ထိုကြားမှ စီစဉ်ပေးသဖြင့် ကျမသည် အဆောင်သစ်တွင် ယောဂီ ၂ယောက်နေသော အခန်းတွင် ကျမအားပေါင်းထည့်ပေးခဲ့ပါသည်။ ကျမကတော့ ယောဂီ ၂ဦးကြားတွင်  ယောဂီ မတုမစစ် တစ်ကောင်ဖြစ်သွားခဲ့ပါသည် (Pseudo Yogi) ပေါ့နော်။ ယောဂီမစစ်တဲ့ယောဂီမို့ ယောပလီလို့ဘဲ ပြောပြော ၊ ယောကျော်လို့ဘဲ ပြောပြော၊ တရားထိုင်လိုက်တော့ ယောဂီဖြစ်သွားတဲ့ ယောဂီပေါ့။ ကျမအားတွဲပေးသော အခန်းဖော်တို့မှာလည်း အတော်နားလည်မှုရှိရာ ကျမကော သူတို့အတွက်ပါ အစစအဆင်ပြေစေပါသည်။
သီလ(၈)နာရီမှ ပေးသည်ဆိုကာ ထမင်းကျွေးပါသည်။ ကျမက ဥပ္ပါတသန္တိဘုရားဝန်းထဲ ဆိုင်တွင် ရှမ်းခေါက်ဆွဲ ၀င်စားထားရာ၊ ခပ်တင်းတင်းနှင့် မစားတော့ဘူးဟု ဦးတင်အေးအား ခေါင်းအထပ်ထပ်ခါ၍ ပြောခဲ့ပါသည်။ ဘာကြောင့်မသိ ကျောင်းဝန်းထဲ ၀င်လိုက်သည်နှင့် ကျမရင်ထဲတွင် အေးချမ်းသော ရသကို အလိုလိုခံစားလာရပါသည်။ အမှန်တော့ ဘိုးသိန်းတို့နှင့် ကျမနှင့် မဟာမြိုင်တွင်အတူသွားသော အဖွဲ့ ကျမငယ်စဉ်က ဒေါက်တာမြသွင်၊ မမဆွေတို့နှင့် ကျောင်းကိုလာလျင် တွေ့နေကြ မျက်နှာများကို မြင်လိုက်ရသည်ကလည်း ပါမည်ထင်ပါသည်။
ကျမသည် တရားမထိုင်ရသေးရာ တောင်လျောက်မြောက်လျောက် လမ်းသလားရင်း ဟိုဟိုဒီဒီ ဓါတ်ပုံတွေလိုက်ရိုက်ပါသည်။ ကျမရိုက်ထားသော ပုံများမှာ ၂၃-၂-၂၀၁၃ ညနေနှင့် ၂၄-၂-၂၀၁၃ တွင်ရိုက်သော ပုံများကို မှတ်တမ်းထားခဲ့ခြင်းသာပါ။
ကျမသည် လက်လုပ်တောင် သံ-ဟိ-တာ (ဂေါပကအဖွဲ့)အား တင်လိုက်ခြင်းမှာ ဂုဏ်ပြုခြင်းသာဖြစ်ပါသည်။ လွန်ခဲ့သောနှစ် ၂၀ ကျော်က ဆရာတော်ဘုရားကြီးသည် နာမည်မကြီး၊ သာမာန်ရဟန်းတပါးအနေနှင့် သိထားသောအချိန်တွင် ဆရာတော်ဘုရားကြီး၏ သံဃာ့ဂုဏ်ကိုကြည်ညို၍ အစစအရာရာ သံဃာဆိုသော စိတ်ဖြင့် သံဃာ့ဂုဏ်တခုကိုသာထောက်ရှု၍ အနစ်နာခံကာ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြသည့် အပြင် ယခုထက်တိုင် ဥမကွဲ အသိုက်မပျက် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်၍ ဆရာတော်ဘုရားကြီးမရှိသော်ငြား ရှိသကဲ့သို့ အစစအရာရာ စီစဉ်ဆောင်ရွက်ပေးနေဆဲဖြစ်ပြီး၊ မိသားစု အငြိအငြင်ရှိလျင်တောင် မမူ့သည့် သံ-ဟိ-တာ အဖွဲ့ အားဂုဏ်ပြု၍ မှတ်တမ်းတင်လိုက်ခြင်းဖြစ်ပါသည်။





ဘိုးမြသန်းနှင့်ဘိုးမြသိန်း အမွှာအဘိုးနှစ်ဦးပါဘဲရှင်။ ဘိုးမြသိန်း (အငယ်)က တရားထောက်ကောင်းသလောက် ဘိုးမြသန်း(အကြီး)ကတော့ အေးဆေးတယ်။ သို့သော် သူကလည်း တလှုပ်လှုပ်နဲ့ ဒိုင်ခံအလုပ်ရှုတ်နေလေရဲ့။ စကားတော့ မပြောဘူး။ ကျမတို့ ဘိုးမြသိန်းတရားထောက်ရင် ယောဂီတွေက ရီရလွန်းလို့ ဘိုးကို လူသိများကြတာပေါ့ရှင်။

မပါလျင် မပြီးသော ချက်ရေးပြုတ်ရေးအဖွဲ့ လူအများအတွက် အလုပ်လုပ်ရတာ တော်ယုံတန်ယုံ သဒ္ဓါတရားနဲ့စိတ်ဓါတ်နဲ့တော့ မလုပ်နိုင်ပါဘူး။ သူတို့စေတနာကိုလည်း အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူးရှင်။

ဒါက လပြည့်နေ့ ဆွမ်းလောင်းပွဲမှာ ကျွေးဘို့ ထမနဲထိုးနေကြတဲ့အဖွဲ့ ဒယ်တွေတော်တော်များတော့ ချွေးတလုံးလုံးနဲ့ပါဘဲ။ ကျမယောဂီဆောင်ကနေ ခိုးပြီး ဓါတ်ပုံရိုက်ထားတာ သူတို့က အတွင်းထဲမှာဆိုတော့ ယောဂီက သွားလို့မရဘူးလေ။ ဒါကြောင့် ယောပလီနေတဲ့ ကျမဟာ မစစ်တစစ်ယောဂီပေါ့ (အတုတော့မဟုတ်ဖူး)

သူပြီးရင် ငါ့ကိုဒါးပေးဆိုပြီး ဒါးတချောင်းကို လုပြီး အလုပ်လုပ်နေတဲ့ ဟင်းချက်တဲ့ အဖွဲ့။

ဟော ဒီပုဂ္ဂိုလ်ကိုတော့ ကျမမေ့ထားလို့ မရဘူး။ ဦးထွေးမောင်တဲ့ သပြေတန်းရွာက သံ-ဟိ-တာ
 ဘာကြောင့် ဦးထွေးမောင်ကို မေ့ထားလို့မရတာလဲ။ ကျမလက်လုပ်တောင်ကို နေပြည်တော်သွားရင်းနဲ့ လမ်းကြုံလို့ ၀င်ရင် ကျမ၀င်တိုင်း အတွေ့များတာက ဦးထွေးမောင်ပါဘဲ။ ဒါအပြင် ဘိုးမြသန်း။ စတွေ့စက ဘိုးမြသန်းနဲ့ ဘိုးမြသိန်းကို မခွဲတတ်ဖူး။ အခုတော့ ခွဲတတ်သွားပြီ။ ဦးထွေးမောင်က (၁၅)ရက်တခါ အလှည့်နဲ့ ချက်ပြုတ်ရေးတာဝန်ယူတယ် ဆိုပေမဲ့ ကျမသွားတိုင်း သူ့ကိုချည်းတွေ့တာပါဘဲ။ ကျမက ချစ်စနိုးနဲ့ စဖိုမှူးကြီးလို့ နာမည်ပေးထားပါတယ်။ နိုင်ငံခြားမှာဆိုရင် စဖိုမှူးတွေက အရမ်းနေရာရတာနော်။ ကျမ မတ်လ ၂၀၁၂ တုံးက မဟာမြိုင်တောကြီးထဲကို ဆရာတော်ကြီးဖူးခြင်လို့ လက်လုပ်တောင်အဖွဲ့နဲ့ လိုက်ပါသွားတယ်။ ကားမှာလိုက်မဲ့ သူတွေကို တစ်ဦးမှ ကျမနဲ့မသိဘူး။ နောက်ဆရာတော်ဘုရားကြီးရဲ့ ဂေါစဂါမ်ရွာကတွေများတယ်။ သူတို့ကကိုယ့်ထက် ဆရာတော်ကြီးကို ကြည်ညိုကြတယ်။ လေးစားကြတယ်။ သူတို့ကိုလည်း တကယ်ချီးကျူးမိတယ်။ ဆရာတော်ကြီးဘယ်ကြွကြွ သူတို့မလိုက်တာမရှိ။ အဲဒီတခါရွှေဘိုလိုက်သွားတော့ မတွေ့ရမမြင်ရ၊ မဖူးရဘဲ ၊ တပ်ခေါက်ပြန်လာရတယ်တဲ့လေ။ သူတို့ရင်ထဲမှာ ရှိနေတဲ့ ဆရာတော်ဘုရားကြီးအပေါ်ထားတဲ့ မေတ္တာနဲ့ရောယှက်နေတဲ့ သံယောဇဉ်နဲ့ယှဉ်ရင် ကျမတို့ကြည်ညိုတယ် ဆိုတာက သူတို့ခြေဖျားကို မမှီပါဘူးရှင်။
အဲဒီတုံးက ကျမမှာက လှူဘွယ်တွေက ပီနန်အိတ်နဲ့အပြည့်။ ကိုယ့်ဖာသာကိုယ်ကို မ-မနိုင်ပါဘူး။ ဆရာတော်ဘုရားကြီးက ဖယောင်းတိုင် အမွှေးတိုင်တွေသာ အလှူခံတယ်ဆိုတော့ ဘာလှူရရဆိုသယ်လိုက်တာ။ ကားပေါ်တက်ခါနီး အကြီးအကျယ်အခက်တွေ့ပါတော့တယ်။ အဲဒီမှာ ကျမကို လာကူတာ တစ်ဦးတည်းပါ။ အဲဒီတစ်ဦးကတော့ ဦးထွေးမောင်ပါဘဲ။ သူ့စေတနာကို မေ့ထာားလို့မရသလို ကျမ သူကိုဂုဏ်ပြုဘို့လည်း မေ့ထားလို့မရပါဘူးရှင်။ အဲဒီညကတော့ တရားထိုင်၊ ဆရာတော်ဦးဗောဓိရဲ့ ကိလေသာမဲ့ အမုန်းဆိုတဲ့ တရားကိုနာယူပြီး ည(၁၀)နာရီမှာ တရက်တာရဲ့ တရားစခန်းသိမ်းခဲ့ပါတယ်ရှင်။ ဆရာတော် တရားများကို သီးသန့်တင်ပေးပါမယ်ရှင်။
သာသနာဆိုတာ အနစ်နာလို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက မိန့်ခဲ့သလို၊ အနစ်နာခံပြီး သာသနာကိစ္စတွေကို အိမ်သူအိမ်သားတွေ ငြိုငြင်ပါစေ တက်ညီလက်ညီဆောင်ရွက်နေကြသော ကျမဂုဏ်ပြုလိုသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တပည့်များအားလုံး (သံ-ဟိ-တာ)အဖွဲ့တင်မက ဆွမ်းခံကြွရာ ဂေါစဂါမ်ရွာများမှ ဆက်လက်ပြီး လွန်ခဲ့သော နှစ်(၂၀)မှ စပြီးယနေ့ထက်တိုင် ဆက်လက်ထိမ်းသိမ်းထားခဲ့သော သံဃာဂုဏ်အပေါ်ထားရှိခဲ့သော စိတ်ဓါတ်များကို ဆက်လက်ထိန်းသိမ်းပြီး မျိုးဆက်သစ်များကိုလည်း လက်ဆင့်ကမ်းစေနိုင်ပါစေ။ သာသနာတော်သည် အနစ်နာခံသူများကြောင့်သာလျင် တည်တန့်ခိုင်မြဲမည်ဖြစ်ပါသည်။
မေတ္တာ စေတနာ အနစ်နာဖြင့် စိတ်ရှည် သည်းခံ ဇွဲသန်ကြသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများ၊ ဂေါစဂါမ်ရွာများမှ ရွာသူရွာသားများအားလုံးအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts