Sunday, September 2, 2012

အတွန့်များသောလမ်းကြောင်းများ(၃)


ယောင်ထုံးပြီးနဂါးခေါင်းပါတဲ့တောင်ဝှေးကိုင်တဲ့ရသေ့ဘ၀ပြောင်းသွားတဲ့ပညာတတ် အရာရှိတစ်ဦးအကြောင်း
ကျမ ဘာကြောင့် အတွန့်များသောလမ်းကြောင်းများကိုရေးရတာလည်းဆိုရင် ကျမအသိုင်းအ၀န်းဟာ အတွန့်များသောလမ်းကြောင်းတွေပေါ်လျှောက်လှမ်းနေကြတာမို့ပါ။ သူတို့လိုဘဲ ကျမလည်း အတွန့်များသောလမ်းကြောင်းပေါ်တချက်တချက်ရောက်သွားလေ့ရှိပါတယ်။ ကိုယ့်ကိုကိုယ်လည်း သိပ်သတိထားရပါတယ်။ သို့ပေမဲ့ နက်နက်နဲနဲသိတဲ့ဆရာတော်ဘုရားကြီးတွေနဲ့ဆုံရကြုံခဲ့ရတော့လည်း ဘယ်လိုအကြောင်း တွေဆိုတာ ရိပ်မိသိရှိလာပါတယ်။ ဒီကြားထဲမှာ အတွန့်များသောလမ်းကြောင်း အကြောင်းဆက်ရေးဘို့ရာဖြစ်လာတာက ဒီလမ်းကြောင်းပေါ်လျှောက်နေတဲ့သူတစ်ဦး ဆုံးရှုံးသွားတဲ့အတွက် သင်္ခန်းစာယူစရာအဖြစ်ရေးတင်ပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကျမတို့မိတ်ဆွေတစ်ဦး အစာအိမ်ကင်ဆာနဲ့ သေဆုံးသွားပါတယ်။ သူဟာ ဆံပင်ယောင်ထုံးပြီး နဂါးခေါင်းပါတဲ့တောင်ဝှေးကို ကိုင်ဆောင်၊ ရသေ့လိုဝတ်ထားတဲ့သူဆိုရင် စာဖတ်သူများ သူဟာဘယ်လိုလူဆိုတာ ခန့်မှန်းလို့ရပြီ ထင်ပါတယ်နော်။
သူကအရင်က စက်ရုံမှူးတစ်ဦးဖြစ်ပါတယ်။ RITအင်ဂျင်နီယာဘွဲ့ရလည်းဖြစ်ခဲ့တယ်။ သူ့ဇနီးဟာ ဆရာဝန်တဦး ဖြစ်တယ် ဒါပေမဲ့လွန်ခဲ့တဲ့အနှစ် (၂၀)လောက်က ကွယ်လွန်သွားတာဖြစ်ပါတယ်။ သူဟာအလုပ်ကမထွက်မှီ နေရောင်ပြအင်းဘုရားကို တည်တဲ့အခါမှာ လုပ်အားပေးကိစ္စတွေ အားကြိုးမာန်တက်လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ဇနီးဟာ ကျမသူငယ်ချင်းရဲ့ မိသားစုဆရာဝန်ဖြစ်တဲ့အတွက် ဆက်နွယ်ပြီးသူ့ကိုတာဖြစ်ပါတယ်။ သူကတော့ကျမကိုမသိပါဘူး။ကျမနဲ့သူနဲ့ဘယ်မှာဆုံတာလည်းဆိုရင် ကျမအတွန့်များသောလမ်းကြောင်း(၂)မှာ ရေးထားတဲ့ ဖိုထိုးတဲ့အဘကြီးဦးလှအောင်ထံမှာ ဆုံတာဖြစ်ပါတယ်။ သူကကျမကိုမသိပေမဲ့၊ကျမကသူ့ကို သိတယ်။ ကျမကဒီလမ်းပေါ်ကိုမရောက်တရောက်ဆိုတာ ကျမက ၁၉၈၇ ထဲက တရားကိုအားထုတ်ထား တဲ့အတွက် ဒီလိုသုံးလိုက်တာဖြစ်ပါတယ်။ ၀ိပဿနာက ဦးထားတယ်လေ။ အဲဒီမှာလည်းကျမဘ၀မှာ တရားအားထုတ်မှုနဲ့ပတ်သက်ရင် ခွန်အားဖြစ်တာက ဆရာတော်ဦးဇောတိကနဲ့တွေ့ဆုံပြီး အပြန်ပြန် အလှန်လှန်ဆွေးနွေးဖြစ်တာတွေက အများကြီးသဒ္ဓါအားတက် စေသလို တရားလမ်းကြောင်းပေါ်ပိုသက်ဝင် အားထုတ်မိခြင်းကလည်း ဆရာတော်ဦးဇောတိကရဲ့ တရားပြမှု လမ်းညွှန်မှုတွေ အများကြီးပါပါ တယ်။ပြောရရင် ငယ်စဉ်မှာတရားအားထုတ်မိတဲ့အခါ ပိုပြီးအားထုတ်ဖြစ်တာ ဆရာတော့်ကျေးဇူးတွေကြောင့်ပါဘဲ။
သူကအဘကြီးဦးလှအောင် ထံလမ်းညွှန်မှုခံယူတာ ဖြစ်ပါတယ်။အဘကြီးကလည်း သူမသေခင်မှာ ကျမကိုသူဟာသကြားဘ၀က နတ်သက်ကြွေပြီးလာရတဲ့ အကြောင်း၊ သူတို့ကိုအဘအောင်မင်းခေါင် ကအဓိကလမ်းညွှန်တဲ့အကြောင်း ကျမကိုပြောပြသွားပါတယ်။ ထူးဆန်းတာက အဘကြီးဟာ သူ့ဓါတ်ခန်းမှာ ခေါင်းပေါင်းကြီးနဲ့ဓါတ်ပုံရိုက်တဲ့အခါ သူ့ဓါတ်ခန်းထရံကွက်တွေမှာ အဘအောင်မင်းခေါင်မျက်နှာကြီးဟာ ထရံရဲ့အရောင်အဖျော့အရင့်နဲ့ပေါ်နေတာပါဘဲ။ လူတိုင်းကို မပြပေမဲ့ ကျမကိုတော့ နင်ကအဆက်ရှိတယ်ဆိုပြီး ပြပါတယ်။ အဲဒီခေတ်က ဓါတ်ပုံတွေပြင်တဲ့ ကွန်ပြူတာခေတ်မဟုတ်တော့ အင်မဟုတ်ပါဘူး။ ကျမလည်း အဲဒီအဘကြီးနဲ့ဆုံပြီးနောက်ပိုင်းမှာ တခါတရံမှာ ခေါင်ဒကာကြီးတို့ခိုင်းတာခံရတတ်ပါတယ်။ သို့သော်ကျမက ၀ိပသနာအားထုတ်ထားတော့ ကျမမကြိုက်ရင် မကြိုက်သလို ပြန်ပြောပါတယ်။ အဲပြန်ပြောရင်ကတော့ ပစ်ဒဏ်ပေးခံရတာတော့အမှန်ပါ။ အဲဒီတုံးက သူဟာ အစိုးရအလုပ်လုပ်နေဆဲ၊ နေရောင်ပြအင်းမှာ ထက်ထက်သန်သန် ဘုရားတည်ဘို့ကိစ္စတွေလုပ်နေဆဲဆိုပါတော့။ နောက်နှစ်အနည်းငယ်အကြာမှာ-
အဲ-ရသေ့ဘဲဆိုပါစို့။ ပညာတတ်တဲ့ ရာထူးရှိတဲ့သူဟာ ရာထူးကိုစွန့်ပြီး ဆံပင်ရှည်ထား ယောင်ထုံးထုံး၊ ရသေ့ဘ၀ပြောင်းသွားပါတော့တယ်။ဒီအထိလည်း မခင်ကြပါဘူး။ အဘကြီးဦးလှအောင်ကလည်း ကျမမောင်တောကပြန်လာပြီး ၁၉၉၅ ခုနှစ်မှာကွယ်လွန်သွားပါတယ်။ ကျမလည်း ရသေ့ကြီးနဲ့မခင်ပေမဲ့ အဘကြီးမရှိရင်ဆိုပြီးသူ့အတွက်တွေးပူလိုက်မိပါတယ်။ ဘာလို့ဆို ကျမရေးခဲ့သလိုဘဲ ဒီလိုင်းတွေက ဆရာကောင်းလိုပါတယ်။ ပြောရရင်လမိုင်းတွေရဲ့တိုက်ခိုက်မှုတွေများလို့ပါဘဲ။ သူကဆရာပျောက်သွားပြီလေ။
ဒီတော့ဆရာရှာဘို့လိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က သူနဲ့ဆုံတယ်။ သူငယ်ချင်းဆိုင်မှာပါ။ သူငယ်ချင်းနဲ့ သူက မိသားစုလိုနေတော့ မကြာခဏသူ့အကြောင်းကကြားနေရပါတယ်။ ခေါင်းမာတဲ့အကြောင်း။ သူက ၀ိပသာနာကို မလုပ်ခြင်ဘူး။ သာဝတ္ထိဘက်မှာလည်းသွားနေသေးတယ်။ ပြောလို့လည်းမရဘူး။ လမ်းလွဲနေတယ်လို့ပြောပါတယ်။ ကျမသူငယ်ချင်းဟာ တရားထူးချွန်သူတစ်ဦးပါ။
ရသေ့နဲ့စကားပြောဖြစ်တော့ သူဟာ နေရောင်ပြအင်းဘုရားကို တည်ရမှာလို့ပြောပါတယ်။ ဒါပေမဲ့အဲဒီမှာ ဘုန်းကြီးတပါးရောက်နေပါပြီ။ သူက မန္တလေး မဟာမြတ်မုနိမှာပွဲတွေနဲ့ဘုရားတည်ခွင့်ကိုလျောက်တယ်တဲ့။ သို့သော် နာမည်လွဲနေတယ်လို့ သကြားမင်းကပြောတယ်လို့ပြောတယ်တဲ့။ ဒီထဲက ကျမကတခုခုလွဲ နေပြီလို့သိလိုက် ပါတယ်။ ကျမက သမထလိုင်းက ဆရာကောင်းကောင်းရှာဆိုပြီး သူ့ကို စိတ်ချရတဲ့ ကျမနဲ့ရင်းနှီးတဲ့ဆရာမဆီ သွားဘို့တိုက်တွန်းပါတယ်။ သူက အခြားအမျိုးသမီးတဦးကို သူ့လက်ကိုင် အဖြစ်ထားပါတယ်။ သိရတာက ထိုအမျိုးသမီးက ဘီလူးမယ်တော် ၀င်စီးပြီးဟောနေတဲ့သူ ဆိုတာ နောက်တော့မှသိရတယ်။
သူဖြစ်ခြင်တာတွေတခုမှ မဖြစ်ခဲ့ပါဘူး။ သူကနေရောင်ပြအင်းဘုရားကို တနေ့သူဝင်ရမယ်ဆိုတဲ့မျှော်လင့်ချက် ကြီးကိုထားတယ်။ ကျမက သူ့ကို အကြားဓါတ် အမြင်ဓါတ် သို့မဟုတ် အိမ်မက်မရဘူးလားလို့မေးကြည့်တယ်။ ဘာမှမရဘူး။ ကျမလည်းအတော်အံ့သြမိပါတယ်။ ကျမတို့ဆိုရင် ကိစ္စတခုရှိရင် အိမ်မက်လာပေးလေ့ရှိတယ်။ ဒါမှမဟုတ်လဲ ကျမနဲ့ဆက်နွယ်နေတဲ့ ဆရာမကတဆင့်ပြောတယ်။ သူကဘာမှမရတော့ ကျမလည်းသူ့အတွက် စိတ်ပူမိတယ်။ ဘ၀နဲ့ရင်းပြီး အကျိုးမဲ့အချည်းနှီးဖြစ်မှာစိုးလို့ပါ။ သူရဲ့ကျောင်းသင်္ခဏ်းလေးကလည်း ကျင်းကျပ်တဲ့ ထရံကာတဲလေး။ သူလိုလူမျိုးကအကုန်စွန့်ပြီး ဘ၀ကိုရသေ့ပြောင်းသွားရတာ မတန်လိုက်တာလို့ ဖြစ်မိပါတယ်။ သူအစာအိမ်ကင်ဆာဖြစ်နေတယ်လို့ ကျမသူငယ်ချင်းကပြောတော့ စိတ်မကောင်းဖြစ်မိတယ်။ သားတွေက နိုင်ငံခြားမှာ၊ မအေကြီးကအသက်ရှည်ပေမဲ့ အိုမင်းမစွမ်းလို့မလာနိုင်။ ပြီးခဲ့တဲ့အပတ်က သူဆုံးသွားပါတယ်။ ၀ိဇ္ဇာလိုင်းကိုလိုက်တာမှာ ဥာဏ်မယှဉ်တော့ ဘ၀တခုဆုံးရှုံးသွားရတာ မတန်လိုက်တာလို့၊ နှမျောတသဖြစ်မိပါတယ်။ ဒီလိုင်းတွေက အဆက်ပါလို့ မလုပ်မဖြစ်လုပ်ရရင် သတိနဲ့ဥာဏ်ယှဉ်သင့်ပါတယ်။ သုတမယဥာဏ်လည်း အများကြီးလိုပါတယ်။ ဒါမှ ချိန်ထိုးနိုင်မှာကိုး။ ဆရာသမားကောင်းရှိဘို့အဓိက ဖြစ်ပါတယ်။
သူဆုံးသွားပါပြီ။ ပြီးခဲ့တဲ့အပတ်က ဆရာမဆီရောက်တော့သူအကြောင်းပြောဖြစ်ပါတယ်။ ကျမသူ့ကို ဆရာမဆီလွတ်တဲ့အကြောင်းပေါ့။ အဲဒီကြမှ သူဟာကျမစကားအတိုင်းလာသွားတယ်တဲ့။ တစ်ဦးတည်း လုပ်ခြင်တာ၊ လုပ်လို့မရဘူး။ အများနဲ့အဖွဲ့နဲ့လုပ်မှရမှာ။ နောက်သူ့ကိုဘာလုပ် ဘာလုပ်လို့ပြောတာ၊ တခုမှ မလုပ်ဖူးလို့ပြောပါတယ်။ အော်…ဘ၀ကတော့ တဘ၀ပြီးဆုံးသွားပါပြီ။ ဆုပန်ချက်ကြောင့် လုပ်ရရင်တောင် ပါးနပ်ဖို့လိုပါတယ်။ ဆုပန်ချက်ကိုလည်း မဖျက်နိုင်အောင် စရဏအားလည်း ကောင်းရမယ်။ ဆရာလိုပြောပြနိုင်သူတွေကိုလည်း ချင့်ချိန်လက်ခံရမယ်။ သူ့အကြောင်းကတော့ဒီမှာနိဂုံးချုပ်လိုက် ပါပြီ။ ကျမကတော့ ကျမစပ်စုကြခဲ့တဲ့ အကြားအမြင်တွေအကြောင်းနဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရွှေဘိုမှာသီတင်းသုံးခဲ့တုန်းက ကျမတို့ဆရာတပည့်တွေကို ဘ၀အကြောင်းသိအောင်လို့ လူဝင်စားတစ်ဦးထံ သွားရောက်မေးမြန်းခိုင်းခဲ့ပုံကို အရင်က မရေးဘူးလို့လျာထားသော်လည် အခုတော့ ဒီလူ့ရဲ့ဘ၀တခု ဆုံးရှုံးရ တဲ့အတွက် ဘ၀တန်ဘိုးနဲ့ ဘ၀တွေကို ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ ဇာတိသရဥာဏ်ကိုရနေတဲ့ သူတဦးကို ဆရာတော်ဘုရားကြီးမိန့်ကြားချက်အတိုင်း မေးမြန်းခဲ့တာကို မှတ်မိသမျှပြန်ရေးသားပါဦးမယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts