![]() |
မဟာမြိုင်တော၇တွင်သီတင်းသုံးစဉ်ကာလမှပုံတော် |
အနားမှာ နေခြင်တယ်ဆိုရင်
ဒီအကြောင်းလေးက ဆရာတော် ဦးဇောတိက (ပျဉ်းမနား၊မဟာမြိုင်တောရကျောင်း)မှာ သီတင်းသုံးစဉ်က ဆရာတော်ပြောပြခဲ့ဘူးတဲ့ အကြောင်းလေးကို အမှတ်တရမှတ်တမ်းတင်တဲ့အနေနဲ့ ရေးသားတာဖြစ်ပါတယ်။ ဆရာတော်ဟာ အဲဒီတောရကျောင်းလေးထဲမှာနေစဉ်ကတည်းက အရှုတ်ထဲမှာရှင်းအောင်နေ၊ ဘ၀ဆိုသော ကျောင်းကို စာအုပ်သေးလေးတွေချုပ်လုပ်ပြီး ဓမ္မဒါနဝေဌခဲ့ပါတယ်။ ကြုံရင်ကြုံသလို တရားဟောခြင်း တရားနဲ့ ပတ်သက်သော မေးခွန်းများကို ပြန်ဖြေခြင်းများအပြင် အတွေ့အကြုံလေးများကိုပြောလေ့ရှိပါတယ်။
ကျမဘ၀အတွက်အမှတ်ရစေတဲ့အကြောင်း (မေ့မရတဲ့အကြောင်း)လေးတွေရှိပါတယ်။ ဒါက Hospic အကြောင်း၊ ဆရာတော်က သူ့အမေကဆေးလိပ်သောက်ပြီး သူဆေးလိပ်သောက်တော့ မသောက်ဖို့ တားမြစ်ပြောဆိုလို့ သူ့အမေရှေ့မှာအိမ်နားကခလေးတွေကို ပုံပြောပြတယ်တဲ့။ ပြောတဲ့ပုံပြင်ကတော့ တခါတုံးက ဂဏန်းအမေ တွေဟာ ရှေ့ကနေ စောင်းစောင်းနဲ့သွားပြီး ဂဏန်းသားလေးတွေကို စောင်းစောင်းမသွားနဲ့လို့ ပြောတယ်။ ဂဏန်းသားလေးတွေက စောင်းစောင်းသွားမှာဘဲ။ ရှေ့ကနေဖြောင့်ဖြောင့်သွားမှ ဂဏန်းသားလေးတွေက ဖြောင့်ဖြောင့်သွားမှာဆိုတဲ့ အကြောင်း။ နောက်တခုက feed back အကြောင်းပါ။ ဘာဖြစ်ဖြစ် feed back ရှိရမယ်ဆိုတာပြောခဲ့ဘူးပါတယ်။ အထူးသဖြင့် ဘ၀ရဲ့တန်ဘိုးကို သဘောပေါက်အောင် သူ့အတွေ့အကြုံတွေနဲ့ ဟောပြောပြသွားတာပါဘဲရှင်။
ဒီအကြောင်းအရာတွေထဲမှာ ထူးထူးခြားခြားဆရာတော်မိန့်ဘူးတာလေးတခုရှိပါတယ်။ ဆရာတော်ဟာ တောင်ပုလုဆရာတော်ဘုရားကြီးနဲ့အတူ နိုင်ငံခြားကို မကြာခဏပါသွားဘူးပါတယ်တဲ့။ အဲဒီလိုပါသွားတဲ့ အခါမှာ တောင်ပုလုဆရာတော်ဘုရားကြီးက တရားဟောရင် ဆရာတော်က ဘာသာပြန်ပေးတာဖြစ်ပါတယ်။ အဲဒီလိုနဲ့ဆရာတော်ဟာ တောင်ပုလုဆရာတော်ဘုရားကြီးကြွတဲ့နိုင်ငံတော်တော်များများကို ရောက်ခဲ့ရပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားတွေဟာ ဆရာတော်ဘုရားကြီး တရားဟောပြီးရင်တောင် မပြန်သေးဘဲ အနီးနားမှာထိုင်ကျန်နေကြတာကို မကြာခဏမြင်ရတော့ သတိထားမိပါတယ်တဲ့။ နောက်တော့ ဆရာတော်လည်း သူတို့ကိုမေးကြည့်မိတော့ သူတို့ဟာ ဆရာတော်ကြီးဘာမှမဟောမပြောပေမဲ့လည်း ဆရာတော်ကြီးရဲ့အနားမှာ ထိုင်ပြီး နေရတာကိုက သူတို့ရင်ထဲမှာအေးချမ်းနေပါတယ်တဲ့။ ဆရာတော်က သီလရှိတဲ့သူတွေအနားဟာ ဘယ်လောက်အေးချမ်းလဲဆိုတာ နိုင်ငံခြားသားတွေ တောင်ခံစားမိတယ် လို့ပြောပြဘူးပါတယ်။ သီလရှိသူတွေ ပညာ၊ သမာဓိသိက္ခာရှိတဲ့ဆရာတော်ဘုရားကြီးတွေရဲ့မေတ္တာရိပ်ဟာ အနားမှာရှိတဲ့သူတွေအတွက် အေးမြချမ်းသာတဲ့ ခံစားမှုကိုခံစားမိတယ်စေဆိုတာပါဘဲ။
သူတို့တွေဟာ နိုင်ငံခြားသား ဗုဒ္ဓဘာသာတွေပါ။ ကျမတို့တွေလို ဘာသာရေးနဲ့ပတ်သက်တာတွေကို အလွယ်တကူ သိရှိခံစားဘို့အခွင့်အရေးတွေနည်းတဲ့သူတွေပါ။ သို့ပေမဲ့ သူတို့တွေ ငွေကုန်ကြေးကျခံ ဗမာပြည်လာတယ်။ တရားလာထိုင်တယ်။ ပြင်းပြင်းထန်ထန်အားထုတ်တယ်။ တချို့ဆိုရင် တနှစ်လုံးငွေစုပြီး ခွင့်ရတဲ့အချိန်ကျရင် ဗမာပြည်ကိုလာပြီး တရားလာအားထုတ်တယ်လို့ ဆရာတော်ဦးဇောတိက ကမိန့်ခဲ့ဘူးပါတယ်။ ကျမတို့တွေကတော့ အနားမှာလွယ်လွယ်ကူကူရတဲ့ ပေါများနေတဲ့ တရားတွေကို ရိပ်သာတွေမှာ တရားအားထုတ်ဖို့ စိတ်မပါကြဘူး။ တော်တော်များများဟာ လူတန်းစေ့စေ့နေနိုင်ဘို့ ရုပ်ဝတ္တုတွေချမ်းသာကြီးပွားဘို့ ၊ တန်ဘိုးကြီးလှတဲ့ ဘ၀မှာ အိုလာ နာလာရင် မလွဲမသေရင်ဆိုင်ရမဲ့ နာစရိတ် (အခုခေတ် နာစရိတ်က အင်မတန်ကြောက်စရာကောင်းအောင်ကြီးမားလှပါတယ်) ဒီအတွက်တွေကို အားနဲ့မာန်နဲ့ ရှာကြဖွေကြရင်းနဲ့ဘ၀ရဲ့တန်ဘိုးရှိတဲ့အချိန်တွေ အစားမရတဲ့အချိန်တွေဟာ တရက်ပြီးတရက် ဆုံးရှုံးရင်း တကယ်လည်းတရားထိုင်မယ်လုပ်ရော ခန္ဓာကိုယ်ကမလိုက်နိုင် ဥာဏ်မလိုက်နိုင်တဲ့ အခြေအနေမှာ ဆိုရင် စိတ်မချရတော့ဘူးလို့ သုံးသပ်မိပါတယ်။
တကယ်တရားကို တလေးတစားအားထုတ်တဲ့သူတွေက ဘုရားအနီးရောက်သွားတာနဲ့အတူတူပါဘဲ။ ဆရာတော်ဘုရားကြီးတွေအနားရောက်သွားတာနဲ့အတူတူပါဘဲ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆို ရင်လည်း မိန့်ခဲ့ပါတယ်။ ဒီဘုန်းကြီးကို ကြည်ညိုတယ်ဆိုရင် လာနေမဲ့အစား ဒီဘုန်းကြီးအတွက် (၅)မိနစ် တရားပိုထိုင်ပြီး တရားနဲ့ပူဇော်တာကို ပိုကုသိုလ်ရတယ်လို့မိန့်ခဲ့ပါတယ်။ မြတ်စွာဘုရားအနား ကိုယ်ကြည်ညိုတဲ့ ဆရာတော်ကြီးတွေအနားမှာ နေခြင်တယ် နီးခြင်တယ်ဆိုရင် တရားနဲ့ပူဇော်ခြင်းနည်းက ဆရာတော်ဘုရားကြီးတွေကိုလည်း မြင့်မြတ်သောနည်းဖြင့် ပူဇော်ရာရောက်၊ မြတ်စွာဘုရားလမ်းစဉ်လိုက်တဲ့အတွက် ဘုရားအနားမှာ နီးနားခြင်းလည်းရောက်ပါတော့တယ်ရှင်။
ကျန်းမာချမ်းသာကြပါစေ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး