Monday, September 3, 2012

တဘက်လည်းပါ ထမီလဲပါ ပန်းလဲပါပါ့၊ သူတို့မသိဘူး တပည့်တော်မ သိပါပြီဘုရား (အပိုင်း-၁)


ပဋာစာရီဇတ်လမ်းကို ဗုဒ္ဓဘာသာဝင်တိုင်းက သိရှိကြပါတယ်။ သူချစ်လင် ကိုဒါသကိုမြွေပေါက်လို့သေ၊ သားငယ်ကိုစွန်ချီ၊ သားကြီးကလဲ ရေထဲမျောပါ၊ အိမ်ပြန်ရောက်သွားပြန်တော့လဲ မိဘနဲ့မောင်က အုတ်တိုက်ပိ ပြီးသေတဲ့ဇတ်လမ်းမှာ ပဋာစာရီဟာ သဲချေပျက်ပြီး သွက်သွက်ခါရူးသွားပြီး မြတ်စွာဘုရားရှေ့ကို ထမီမပါ ဘာမပါနဲ့ရောက်သွားတော့ လူတွေက အရူးမ အရူးမဆိုပြီးခဲနဲ့ကောက်ပေါက်ကျ ၀ိုင်းဆိုပြောကြပေမဲ့ မြတ်စွာဘုရားဟာ ရှေးဘ၀က သူမရဲ့ပါရမီဟာ ရှားမီးကျီးခဲ ပြာဖုံးနေသလိုဖြစ်နေတာကို တရားပွဲကြီးပြုလုပ်ပြီး ပဋာစာရီကိုစောင့်နေပါတယ်။ အဲဒီမြတ်စွာဘုရားရှေ့ရောက်တော့ မြတ်စွာဘုရားဟောတဲ့တရားများကို စွန်းလွန်း ဆရာတော်ဘုရားကြီး ဦးက၀ိဟောကြားထားတာလေကို ဖော်ပြလိုက်ပါတယ်။ စွန်းလွန်းဆရာတော်ကြီးကို  ထွန်းတုံးဆရာတော်လို့နာမည်ကြီးပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဒီဘ၀နဲ့ပြတ်ရမှာမို့ အသေအကြေကျင့် တာဟာ နှာခေါင်းကတောင် သွေးတွေတောင်ယိုစီးတဲ့အထိကျင့်တယ်လို့ မဟာဗောဓြိမိုင်ဆရာတော်ဘုရားကြီး ကဟောတော်မူပါတယ်။ အလားတူဘဲ ဝေဘူဆရာတော်ဘုရားကြီးဆိုရင် သာစည်ဘက်မှာ ညညလူတွေ မမြင်ရင် ကျောက်တုံးကြီးကိုတောင်ပေါ်သယ်တော်မူတယ်လို့လည်းဟောထားပါတယ်။ ဘာကြောင့်ဆိုရင် ကျောက်တုံးကြီးတွေသယ်ပိုးရတဲ့အတွက် သတိလွတ်တာနဲ့တပြိုင်နက် ခန`္ဓာကိုယ်အစိတ်အပိုင်းကို ထိခိုက်မယ် ပိမယ် သတိလုံးဝလွတ်လို့မရအောင်ကို ကျင့်တော်မူပါသတဲ့ ချီးကျူးအံ့မခမ်းဘွယ် စိတ်ဓါတ်တွေ ကိုပိုင်ဆိုင်လို့လဲ ဒီဘ၀မှာတင်လိုရာပြီးကြတာပါဘဲလို့ ကျမဖြင့် ဆရာတော်ကြီးဟောတာနာရတော့ သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိခဲ့ပါတယ်ရှင်။
စွန်းလွန်းဆရာတော်ဘုရားကြီးက ပဋာစာရီအကြောင်းဟောကြားထားပုံလေးကို ကျမရင်ထဲအထိရောက်အောင် ပို့သွားတယ်။ ဟောပုံလေးကို အကျဉ်းလေး နာယူကြရအောင်-
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက ဟဲ့-ပဋာစာရီ၊ နင့်နှယ်ပူလိုက်တာ၊ နင့်အတွက်တော့ နင်မပူ သူများအတွက် နင်ပူနေတာကိုး။ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေရှိမှန်းလည်း သိပါတယ်။ မအို၊ မနာ၊ မသေတဲ့တရားရှိမှန်းလည်းသိပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်းကိုကြောက်လျင် မအို၊ မနာ၊ မသေတဲ့တရားကိုရှာရမယ်။ မအိုမနာမသေတဲ့ တရားကိုဘယ်လိုရှာရပါ့မလဲလို့မေးတော့ မြတ်စွာဘုရားက မအိုမနာမသေတဲ့ တရားကိုသိလိုလျင် သူတပါးကိုလည်း မချစ်နဲ့၊ မိမိကိုယ်ကိုလည်း မချစ်နဲ့။ မသိလို့ချစ်တာ သိလျင်မချစ်ဘူး၊ မသိလို့လိုချင် လိုချင်လို့စွဲလမ်း၊ စွဲလမ်းတော့ပြုလုပ်၊ ပြုလုပ်တော့ရရှိ ၊ ရရှိတော့ ခံကြ၊ ခံရလိမ့်မယ်။
မသိတာက အ၀ိဇ္ဇာ၊ လိုခြင်တာက တဏှာ၊ စွဲလမ်းတာက ဥပါဒါန်။ ပြုလုပ်တာက သင်္ခါရ၊ ရရှိတာက ဘ၀၊။ အ၀ိဇ`္ဇာနဲ့ တဏှာ နှစ်ပင်ပူးလို့ အကြောင်းရတာက ဇာတိ။ ဇာတိဆိုတဲ့ ၀ဋ်ကောင်ကြီးရရင် ခံရလိမ့်မယ်။ ချစ်တယ်ဆိုတာ သညာကလိမ်ထားလို့ချစ်တာ။
ဘယ်လောက်အထိ သညာက လိမ်ထားလဲ? တရားတော်ကြီးက
အနိစ္စလို့ဆိုတယ်။ သညာက နိစ္စလို့လိမ်တယ်။ တရားတော်ကြီးက ဒုက္ခလို့ဆိုတယ်။ သညာက သုခလို့လိမ်ထားတယ်။ အနတ္တလို့ဆိုတယ် သညာက အတ္တလို့လိမ်ထားတယ်။ တရားတော်ကြီးက အသုဘလို့ ဆိုတယ် သညာက သုဘလို့ လိမ်ထားတယ်။  အဲဒါကြောင့်
(မြင်တာကို သညာဖုံးတယ်၊ သညာကို သင်္ကာရှင်းမှသင်္ကာကင်းမယ်၊ မြင်တာကိုသညာဖုံးတယ်၊ သညာကို သင်္ကာမရှင်းတော့ သင်္ကာမကင်းတယ်)။ မြတ်စွာဘုရားက အဲဒီလိုမိန့်တော့ ပဋာစာရီက သင်္ကာရှင်းတယ်ဆိုတာ ဘယ်လိုပါလဲ ဘုရားလို့ ပြန်လည်လျောက်ထားတယ်။ သင်္ကာကို သတိပဌာန်လေးပါးနဲ့ရှင်းပေးရလိမ့်မယ်။  မိမိ ခန္တာကို နှာသီးဝခေါ်တဲ့ ကာယတံခါးကို ထွက်လေ ၀င်လေဖြစ်တဲ့ ဖောဌဗ္ဗာရုံက တိုးတော့-သိ၊ သိတဲ့အပေါ် သတိထားပြီးနေမှဖြင့် သတိပဌာန်လေးပါး ပြည့်စုံနေပြီ။
ပြည့်စုံပုံက - ထိမှုကို သတိပြုနေတာက ကာယာနုပဿနာ သတိပဌာန်။ ကောင်း- မကောင်းခံစားမှု သဘောကို သတိပြုမိနေတာက ဝေဒနာနုပဿနာသတိပဌာန်၊ ထိမှုသဘောကို သတိပြုနေတာက စိတ္တာနုပဿနာ သတိပဌာန်၊ အဘိဇ္ဈာ ဒေါမနဿကို လျစ်လျူရှပြီး သူ့သဘောအတိုင်းသူဖြစ်ချင်သလို ဖြစ်နေတာကို သတိပြုနေတာက ဓမ္မာနုပဿနာ သတိပဌာန်လို့ခေါ်တယ်။
အဲဒီသတိပဌာန်လေးပါးကိုရှုတော့ အဘိဇ္ဈာ ဒေါမနဿကို လျစ်လျူရှုပြီး သူ့သဘောအတိုင်း သူဖြစ်ချင်သလို ဖြစ်နေတာကို သတိပြုတာက ဓမ္မာနုပဿနာ၊ ကာယနုပဿနာကတော့ သုဘသညာကို ရှင်းပေးလိမ့်မယ်။ ဝေဒနာနုပဿနာသတိပဌာန်ကတော့သုခသညာကိုရှင်းပေးလိမ့်မယ်။ စိတ္တာနုပဿနာ သတိပဌာန်က နိစ္စသညာကို ရှင်းပေးလိမ့်မယ်။  ဓမ္မာနုပဿနာ သတိပဌာန်က အတ္တသညာကို ရှင်းပေးလိမ့်မယ် လို့ မြတ်စွာဘုရားက ပဋာစာရီကို ခန`္ဓာကိုယ်တွင်းက အပူဓါတ်ကို ရှုခိုင်းလိုက်တော့ ၊ ခိုင်းတဲ့အတိုင်း ရှုလိုက်တာ ဓမ္မစက္ခုံပွင့်သွားတော့မှ ပဋာစာရီက မြတ်စွာဘုရားကို တပည့်တော်မ သိပါပြီဘုရား။ မြင်လို့ သိပါပြီဘုရားလို့ လျှောက်တော့တယ်။  သူ့ကို အရူးမ၊ သူတကာနဲ့လဲ မတူဘူး၊ ခါးက ထမီလဲမပါဘူး၊ တဘက်လည်းမပါဘူး၊ ခေါင်းကလဲစုတ်တိစုတ်ဖွား၊ ပန်းလဲမပန်ဘူး၊ ပရိသတ်ထဲမ၀င်နဲ့ သွားသွားလို့မောင်းထုတ်ကြတယ်။
အခုတော့ ထမီလဲပါပါတယ်ဘုရား၊ တဘက်လည်းပါပါ့၊ ပန်းလဲပါပါ့၊ သိလဲသိပါပြီဘုရား၊ သူတို့မသိကြသေးပါဘူးဘုရား။ သညာကို သင်္ကာရှင်းလိုက်လို့ မြတ်စွာဘုရားဟောတဲ့အတိုင်း သင်္ကာရှင်းလိုက်တာ သင်္ကာကင်းသွားပါပြီ၊ သိသွားပါပြီဘုရားလို့ ပြန်လျှောက်ထားတော့.
မြတ်စွာဘုရားက ဟဲ့ ပဋာစာရီ - နင်သိပြီ သိပြီနဲ့လျှောက်နေတာ နင်ဘာကိုသိလို့တုန်းလို့မေးတော်မူတော့..
·         တပည့်တော်မ အိုရဦးမယ်၊ နာရဦးမယ်၊ သေရဦးမယ်ဆိုတဲ့ အို နာ သေ တရားကိုလည်းသိပါပြီဘုရား။
·         ၀ိဇ`္ဇာဥာဏ်အဘို့ဖြစ်သော သညာ(၆)ပါးကိုလည်းသိပါပြီဘုရား။     
·         နိစ္စသညာပျောက်ပြီး အနိစ္စသညာရောက်ခြင်း တပါးပါဘုရား
·         သုခသညာပျောက်ပြီး ဒုက္ခသညာရောက်ခြင်းတပါးပါဘုရား
·         အတ္တသညာပျောက်ပြီး အနတ္တသညာရောက်ခြင်း တပါးပါဘုရား
·         ပယ်တတ်သော တရားသိခြင်းသည် တပါးပါဘုရား
·         ပယ်အပ်သော တရားသိခြင်းသည် တပါးပါဘုရား
·         ပြတ်သော တရားကို သိခြင်းသည် တပါးပါဘုရား
·         ပယ်တတ်သောတရားက မဂ်ပါဘုရား
·         ပယ်အပ်သောတရားက သမုဒယပါဘုရား
·         ပြတ်သောတရားက နိရောဓပါဘုရား လို့မြတ်စွာဘုရားကိုပြန်လျှောက်ထားမူတယ်
မြတ်စွာဘုရားက တဖန် ပဋာစာရီ နင်ထမီလဲပါပါ့။ တဘက်လဲပါပါ့၊ ပန်းလဲပါပါ့လို့ ပြောတယ်မဟုတ်လား။ ဒါတွေဘယ်ကရသလဲလို့မေးပြန်သတဲ့။
ရှေးအထက်ကျော် ကာရီက ပဒုမုတ္တရ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက ငါ၏ သမီးတော် ရှင်ကြီးဂေါတမ သာသနာတော်ကျတော့ ငါးပါးသီလတည်းဟူသော ထမီမြဲစေ။ ရှစ်ပါးသီလတည်း ဟူသော တဘက်လည်း ခြုံစေ၊ ပန်းသုံးခိုင်လည်းပန်စေလို့ မိန့်ခွန်းချွေခဲ့တဲ့အတွက် တပည့်တော်မသည် ငါးပါးသီလဟူသော ထမီကို လည်းမြဲပါပြီဘုရား.။ ရှစ်ပါးသီလတည်းဟူသော တဘက်ကိုလည်း ခြုံရပါပြီဘုရား။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts