![]() |
ကျမ၏ကြီးကြီး ဒေါ်ကင်းလင်၊ ပါပါဒေါက်တာတန်ကြည်လင်တို့လှူဒါန်းခဲ့သော သိမ်မဟာစေတီအတွင်းမှကျောင်း(ဗန်းမော်မြို့)၊ ညာဘက်ဘေးက ဂါဝန်အဖြူလေးနဲ့က စာရေးတတ်တဲ့ ကျမလေ။ |
ကျမ၏ ကြီးကြီးမြင်တွေ့ဘူးသော ဥစ္စာစောင့်
ကျမကြီးကြီးကတော့ တကဲ့အိမ်ရှင်မတဦးပါ။ ခိုင်းတဲ့သူတွေလည်း အများကြီးရှိပါတယ်။ လုပ်ငန်းကလည်း များပါတယ်။ အုတ်ဖိုလုပ်ငန်း၊ ဆေးခန်း၊ ဆင်ကျုံးသွင်းလုပ်ငန်း၊ ကျောက်တိုက်တဲ့လုပ်ငန်း စတာတွေကို ခင်ပွန်းသည်နဲ့အတူ လုပ်ကိုင်နေတဲ့အမျိုးသမီး၊ အိမ်ကို အဓိက ဦးစီးနေတဲ့သူပါ။ စားအိုးကြီးတဲ့အတွက် အိမ်မှာ ဌားထားတဲ့လူတွေကလည်း များပါတယ်။ အိမ်ကလည်းကြီးဆိုတော့ အိမ်သန့်ရှင်းရေးကကို တာဝန်ကြီးတခု ပါဘဲ။ သူ့မှာ အကျင့်တခုရှိပါတယ်။ နေ့လည်နေ့ခင်း အိမ်မှာ နားတဲ့အချိန်ဆိုရင် ဆံပင်ဖြူအနှုတ်ခံတာပါဘဲ။ သူက သူ့ခေါင်းက ဆံပင်ဖြူငုတ်တိုတွေကို နှုတ်တာ အရသာရှိတယ်လို့ယူဆပြီး ဇိမ်ခံတာပါ။
နေ့ခင်းဆိုရင် အိမ်ရှေ့က ဘုန်းကြီးကျောင်းက လူအများနားနေတဲ့ ဇရပ်ကြီးဘက်ကိုလှည့်ပြီး နောက်က တဦး ဆံပင်ဖြူနှုတ်ပေးတာကို ဇိမ်ခံနေကြဖြစ်ပါတယ်။ တနေ့မှနေ့ခင်းမှာ သူဟာ ခါတိုင်းလိုဘဲ ဘုန်းကြိးကျောင်း အုတ်တံတိုင်းဘက် စရပ်ကို ခြေဆင်းပြီး ဆံပင်ဖြူနှုတ်ခံနေပါတယ်။ အဲဒီအချိန်မှာ သူ့ မြင်ကွင်းထဲကို ဖြူလွလွ ပုံရိပ်လေးဟာ ကျောင်းတံတိုင်းအတိုင်းလျှောက်လာတာကို မြင်တွေ့ရပါတယ်။ သူကလည်းထူးဆန်းတယ် ဆိုပြီး ဖြူလွလွပုံရိပ်ကိုအတင်းအာရုံစူးစိုက်ကြည့်တော့ မိန်းခလေးပုံသဏ္ဍာန်ဖြစ်နေတာကို သိသာထင်ရှားတဲ့ အပြင် ပုဝါစဟာ ခန္တာကိုယ်ပုံရိပ်အဖြူကနေလေထဲကိုလွင့်နေတာပါတွေ့ခဲ့ရပါတယ်။ သိပ်ထူးဆန်းတယ်ဆို ပြီး သူက ဆံပင်ဖြူနှုတ်ပေးနေတဲ့သူကို ဟိုမှာမြင်လား မြင်လားလို့ ပြတဲ့အခါမှာ အဖြူေ၇ာင်ပုံရိပ်က ပျောက်သွားခဲ့ ပါတယ်။ ကျမကြီးကြီးကို ကျမက ရှေးဘုန်းကံရှိတဲ့သူလို့ ယူဆမိပါတယ်။ သိုက်နန်းရှင်ကိုမြင်ရလို့ မဟုတ်ပါဘူး။ သူဟာ သူအသက်ရှင်စဉ်က ဆင်ကျုးံသွင်းတဲ့လုပ်ငန်းကို ဦးစီးပြီးလုပ်ပါတယ်။ လုပ်တဲ့ပုံစံကလည်း ဗန်းမော်မြို့ပေါ်ကနေထိုင်ပြီး remote control နဲ့လုပ်တာဖြစ်ပါတယ်။ သူ့ဆင်စခမ်းဟာ စင်းခမ်းဆိုတဲ့နေရာမှာရှိပြီး ကျုံးသွင်းတာကို တာဝန်ယူဆောင်ရွက်ပေးနေတာကတော့ ဦးလူတင့်ဆိုတဲ့ ဆင် ဦးစီးဖြစ်ပါတယ်။ ကျမ အရွယ်ရောက်လာတော့ သူ့ကို ကျမက ဆင်များရှင်လို့နာမည်ပြောင်ခေါ်သလို ဒေါသ ကြီးလွန်းလို့လည်း အော်ဒီမာဖီလို့ ကျမအကိုက နာမည်ပေးခဲ့ပါတယ်။
သူဟာ ကျောင်းကန်ဘုရားဆောက်လုပ်လှူဒါန်းသလို အလှူကိုလည်း အကြီးအကျယ်ပေးခဲ့ပါတယ်။ ကျမငယ်စဉ်က ဆင်စခမ်းကို သူမသွားခဲ့တဲ့အခါမှာ ဆင်ပေါက်လေးတကောင်လာ သူစီးလာတဲ့ဂျစ်ကား ကို ခေါင်းထိုးပြီး မျက်ရေတွေတွေတွေကျရှာပါတော့တယ်။ ဒါကို ကျမအဖေက ဓါတ်ပုံနဲ့မှတ်တမ်းတင်ထားခဲ့ ပါတယ်။ ကျမကြီးကြီးအိမ်က ထမင်းစားခန်းရဲ့နံရံမှာ ဆင်တွေပုံကိုချိတ်ထားပါတယ်။ ဆင်တွေဟာ သူ့ထမင်းရှင် တွေဆိုပြီး ချိတ်ထားတာပါ။ ဆင်ပေါက်လေးငိုတာမြင်ပြီးတည်းက ကျမကြီးကြီးဟာ ဆင်စခမ်းကို ဘယ်တော့မှ မသွားတော့ပါဘူး။ သူစိတ်မချမ်းသာဘူးလို့ပြောပါတယ်။ ၁၉၆၈ ခုနှစ်မှာ ကျမကြီးကြီးဟာ ကွယ်လွန်သွားပါတယ်။ တပတ်အတွင်းမှာဘဲ ကျမတို့အိမ်က ဂျစ်ကားမောင်းတဲ့ ဦးအောင်စိုး၊ ဂျီအမ်စီကား မောင်းတဲ့ ဦးကြင်မောင်တို့ဟာ ကွယ်လွန်သွားပါတယ်။ သူနဲ့အတူ အစုလိုက်တမလွန်ကိုသွားကြတာလို့ တောင် ပြောလို့ရပါတယ်။ နောင်တနှစ်ခန့်အကြာမှာလည်း သူ့အပေါ်မှာ အင်မတန်သစ္စာရှိတဲ့ ဆင်စခမ်းက ဆင်ဦးစီး ဦးလူတင့်ဟာလည်းကွယ်လွန်သွားပါတော့တယ်။ သူပိုင်တဲ့ဆင်တွေဟာလည်း ကျမပါးပါးက မထိမ်းသိမ်းနိုင်တော့လို့ သစ်ထုတ်ရေးလုပ်ငန်းကို ပြန်ရောင်းလိုက်ရပါတော့တယ်။ သူနဲ့ပါလာတဲ့ သူ့ဘ၀ အဆက်တွေဟာ သူနဲ့အတူ အကုန်ပြန်ပါသွားတာဘဲလို့ ပြောရမလို ။ ဘ၀တွေရဲ့ အကြောင်းတွေဟာ ဆန်းကျယ်လှပါတယ်လို့ တကယ့်အဖြစ်အပျက်ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်ရှင်။
ဒီထက်ဆန်းကျယ်တာတစ်ခုက ကျမ ၂၀၁၁ အောက်တိုဘာလမှာ ဗန်းမော်ကိုပြန်ခဲ့ပါတယ်။ ကျမအရင်နေခဲ့တဲ့ အိမ်ကို သွားရောက်လည်ပတ်ပါတယ်။ တခုအံ့သြဘွယ်ရာကော တုန်လှုပ်စရာသိလိုက်ရတာက ကျမတို့ဘေးအိမ် ၂ အိမ်က ကျမငယ်တုံးက ကစားဖော်ကစားဖက်တွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြတာ မို့ပါ။ ကျမအမဟာလည်း စိတ်ပိုင်းဆိုင်ရာချို့ယွင်းခဲ့ပါတယ် အဲဒီလမှာဘဲ သေဆုံးသွားတာဖြစ်ပါတယ်။ ဘုန်းကြီး ကျောင်းရဲ့မျက်နှာချင်းဆိုင် တစ်ကျောလုံးမှာ သုံးအိမ်စလုံးမှာ တစ်ဦးစီ စိတ်ဝေဒနာကိုခံစားနေကြတာဟာတော့ တိုက်ဆိုင်မှုမဟုတ်ဖူးလို့ ကျမယူဆမိပါတယ်။ သို့သော် ဘုရားရဲ့အစွန်ဘက်မြေနေရာ အဆင်းဘက်က အကျောက အိမ်တွေမှာတော့ ဒီလိုအဖြစ်မျိုးမကြုံခဲ့ရပါဘူး။ အဲဒီအိမ်က ဦးလွယ်ရှိန်ဆိုတဲ့ (ဦးဇင်ဝိုင်းရဲ့အဖိုး)အိမ်နဲ့ တရုပ်မိသားစုအိမ်ကတော့ ဒီဝဋ်ကြွေးက ကင်းလွတ်ခဲ့ပါတယ်။ ကျမစိတ်အထင်မှာ ကျမတို့အိမ် သုံးအိမ်ဟာ ရွှေကျောင်းကုန်းကမူကို အင်္ဂလိပ်အစိုးရက လမ်းဖြတ်ဖေါက်ခံထားရတဲ့ ဘုရားမြေမလွတ်တဲ့ မြေဖြစ်နေလို့လားဆိုတဲ့ သို့လော သို့လော သံသယစိတ်တွေနဲ့ပါ။။။ သက်ကြီးတဲ့ ရှေ့မှီနောက်မှီတွေကလည်း အဲဒီလိုဘဲပြောကြတယ်လို့ ပြောပါတယ်။ ကျမအဖေကလည်း သူ့အမရဲ့တိုက်(ကျမကြီးကြီးရဲ့တိုက်)ဆောက်ဖို့ မြေတူးစဉ်က ဘုရားအကျိုးအပဲ့တွေတွေ့ခဲ့တယ်လို့ပြောခဲ့ဘူး ပါတယ်။ ကျမကြီးကြီးကတော့ လှူတန်းတဲ့နေရာမှ အင်မတန်မှ သဒ္ဓါအားကောင်းပါတယ်။ သူကကော သိုက်ဆက်လေလား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး