Wednesday, August 29, 2012

ဥစ္စာစောင့်နှင့်ကြုံဆုံရခြင်းများ(၃) လက်လုပ်တောင်


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပျဉ်းမနားမြို့လက်လုပ်တောင်တွင် သီတင်းသုံးစဉ်ကာလက ကျမ၏ဆရာဖြစ်သူ ဒေါက်တာမြသွင်သည် အားလျင်အားသလို ဆရာတော်ဘုရားကြီးကျောင်းသို့ သွားရောက်လေ့ရှိသည်။ ညပိုင်းများတွင် သွားရောက်သောအခါ အမျိုးသမီးများလိုက်ပါခွင့်မရိဘဲ သူနှင့်နီးစပ်ရာ အမျိုးသားအဖွဲ့များကို ကျောင်းသို့ခေါ်ဆောင်သွားလေ့ရှိပါသည်၊၊
ယခုကဲ့သို့ နေပြည်တော် မဖြစ်သေးသောအချိန်တွင် လက်လုပ်တောင်သည် သပြေတောင် သစ်ထုတ်ရေးကျောင်းများဘက်မှ ပတ်လျက် လယ်ကွင်းများတောများကို ဖြတ်ပြီးသွားရသည်။ လမ်းကောင်းကောင်းမပေါက်သေးပါ။ တောလည်းအသင့်အတင့်ရှိပါသည်။ တညတွင်ဆရာသည် သူ၏အဖွဲ့များဖြစ်သော ဦးဝင်းမောင်၊ ဦးခင်ငွေတို့နှင့်အတူ ဆရာတော်ဘုရားကြီးကျောင်းသို့သွားကြပါသည်။ ကျောင်းရောက်သော် ဆရာသည် ဆရာတော်အားဖူးမျှော်ပြီး လျှောက်ထားစရာရှိသည်တို့ကို လျှောက်ထားပါသည်။ မှောင်ကြီးမဲမဲ မီးမရှိသောနေရာတွင် ဆရာတော်ဘုရား၏ ဘုရားစင်တွင် အလင်းတိုင်တတိုင်တည်းသာထွန်းထားရာ စကားသာပြောနေသော်လည်း တဦးနှင့်တဦး ကောင်းကောင်း မမြင်ရဟုသိရပါသည်။ ထိုအခိုက် ကျောင်းပြင်တွင် အမျိုးသမီးအသံများကို ကြားရသည့်အတွက် ဆရာမှ ကျောင်းပြူတင်းပေါက်မှ နေအပြင်ဘက်သို့ခေါင်းထွက်ကြည့်ပါသည်။ ထိုအခါ အမျိုးသမီး(၆)ဦးခန့်ကို မသဲမကွဲမြင်တွေ့ရပါသည်။ ကျမဆရာသည် ဆရာတော်ဘက်သို့ပြန်လှည့်လာ ဒီအချိန်ကြီးမှာ ဘယ်က မာတုဂါမတွေလည်းမသိဘူးဟု လျှောက်ထားပါသည်။ ထိုအခါ ဆရာတော်မှ သွင်ကြီးတို့တောင် ဖူးခြင်လို့ ညကြီးလာကြသေးတာမဟုတ်လား။ သူတို့လည်းဖူးခြင်မှာပေါ့။ တံခါးဖွင့်ပေးလိုက်ပါဟု မိန့်ပါသည်။
ထိုအမျိုးသမီး အရွယ်မတိန်းမယိမ်း(၆)ဦးသည် လက်ထဲတွင် ပန်းတွေကိုင်ထားကြသည်။ ၀င်လာလျင် ဆရာတော်ဘုရားကြီးကို ဦးချသည်။ စကားတစ်ခွန်းမှ မပြော။ ဆရာတော်ကြီးမှ အေး ပန်းတွေ ဟိုပန်းအိုးထဲ စိုက်ခဲ့ကြဟုမိန့်သော် ပန်းအိုးထဲသို့စိုက်ပြီးလျင် ဆရာတော်ဘုရားကြီးအား ကန်တော့ပြီး ပြန်ကုန်ကျသည်။ ကျမဆရာအနေဖြင့် သည်တောကြီးထဲ မီးမရှိ၊ ညကြီးမင်းကြီး (ည ၈ နာရီခွဲခန့်)တွင် သူတို့ အရွယ်မတိမ်းမယိမ်း(အရပ်မတိမ်းမယိမ်း)နဲ့ အမျိုးသမီးတွေဘယ်ကလာကြပါလိမ့်၊ ဆရာတော်ဘုရားက ကော ဘာကြောင့်လက်ခံတွေ့ဆုံတာလဲ ဟုသောသံသယစိတ်ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုအမျိုးသမီးအုပ်စု ပြန်ပြိး တအောင့်ခန့်အကြာတွင် ဆရာတို့လည်း သိလိုစိတ်ပြင်းပြသဖြင့် ဆရာတော်ဘုရားအားနုတ်ဆက်ခါ ထပြန်ကြ ပါတော့သည်။ သူတို့ကားမီးဖြင့်လမ်းတလျှောက်လုံးထွန်းကာရှာကြသည်။ သို့သော်လမ်းတွင် တလမ်းလုံး ဘယ်အမျိုးသမီးကိုမျှမတွေ့ခဲ့ပါ။
ဆရာသည် အိမ်ပြန်ရောက်သော် ထိုအဖြစ်အပျက်ကို ပြန်ပြောပြပါသည်။ ငါလည်း ဆရာတော်ဘုရားကြီးက ညကြီးလက်ခံတွေ့ဆုံတာ ဥစ္စာစောင့်တွေဖြစ်မှာဘဲဟုစိတ်ထဲကထင်သည့်အတွက် မျက်နှာတွေကို နည်းနည်းမြင်ရမြင်ရကြည့်တော့လည်း မမြင်ရ၊ ကောင်းကောင်းမွန်မွန်ဝတ်ထားစားထားတာတော့ ဖယောင်းတိုင်မီးရောင်နဲ့တော့ မြင်ရတယ်။ လိုက်တာဟာ ဘယ်သူမှလမ်းမှာမတွေ့ဘူး။ ဆရာတော်ဘုရားကြီးကတော့ သိမှာကိုး။ ဒါကြောင့် သူတို့လည်း ဖူးခြင်မှာပေါ့ တံခါးဖွင့်ပေးလိုက်ပါကွာဟု ပြောတာလို့ ပြန်ပြောပြပါသည်။
လက်လုပ်တောင်၏တောင်ပိုင်ကြီးကတော့ အတိမ်းအစောင်းမခံကြောင်းဆရာတော်ဘုရားကြီးသည် ဗုဒ္ဓေါရသ အရှင် န္ဒာစရိယ (ဦးဗောဓိ)ကြီးအား မိန့်တော်မူခဲ့ပါသည်။ လက်လုပ်တောင်မှ မန်ကျီးပင်ကြီး(၂)ပင်အား အသက်နဲ့လဲပြီးကာကွယ်မည်ဟုဆိုသဖြင့် ဆရာတော်ကြီးမှ လူများသွားရောက်ထိခိုက်မည်စိုးသဖြင့် တံတိုင်းကာရံထားရန်မိန့်ကြောင်းကို အရှင် န္ဒာစရိယမှ ပတ္တမြားမြေမှ တရားအမွေတွင် ဖော်ပြထားပါသည်။
နာမ်လောကသည်လည်း သူဟာနှင့်သူတည်ရှိနေပေသည်။ ဘာမယုံဘူး ညာမယုံဘူး။ မဖြစ်နိုင်ဘူးစသည်တို့။ ငြင်းခုံမှုမျိုးကို ကြုံဖူးကြမှာပါ။ လောကတွင် မိမိဥာဏ်မမှီတဲ့အတွက် မမြင်နိုင်တာတွေကို ဥာဏ်မှီတဲ့ အရိယာတွေက ထင်းလင်းစွာသိနိုင် မြင်နိုင် သတိပေးနိုင်တယ်ဆိုတာကို သတိပြုကြစေလိုပါတယ်။ မိမိဥာဏ်လေး တစ်ထွာတမိုက်နဲ့ တိုင်းတာဆုံးဖြတ်တာထက် တချို့သောကိစ္စတွေမှာ သိနိုင်မြင်နိုင်တဲ့ ဆရာတော်ဘုရားကြီးတွေ သွန်သင်မှုကိုနာခံမှတ်သားခြင်းက မိမိတို့အတွက် အရှုံးမရှိပါဘူး။ သာသနာဟာ တည်တန့်နေဆဲဖြစ်တဲ့အတွက် သူတို့ သူတို့ သူတို့တွေဟာလည်း ရှိနေမှာသာဖြစ်ပါတယ်ရှင်။
(ဆရာဒေါက်တာမြသွင်တို့အဖွဲ့၏ ဖြစ်ရပ်အမှန်ကို အခြေခံရေးသားထားပါသည်)

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts