ကျမ၏ အဖိုးမြင်တွေ့ခဲ့ဘူးသော ဥစ္စာစောင့်
ဥစ္စာစောင့်ကို မြန်မာလူမျိုးတွေတော်တော်များများက လက်ခံထားကြတာဖြစ်ပါတယ်။ ဥစ္စာစောင့်တကယ်ရှိလား မရှိလားဆိုတဲ့ပြသနာကိုတော့ ကိုယ်တိုင်ကိုယ်ကျသေချာမမြင်ဘူးပေမဲ့ ၀ိဥာဉ်တွေရှိတာကိုတော့ မကြာခဏဆို သလိုထိတွေ့ကြုံဆုံခံစားဖူးခဲ့ပါတယ်။ ဥစ္စာစောင့်တွေကို တကယ်မြင်ဘူးတာကတော့ ကျမအဖိုးနဲ့ ကျမ ကြီးကြီး(အဖိုးရဲ့သမီး)တို့ဖြစ်ပါတယ်။ကျမတို့နေခဲ့တဲ့အိမ်ဟာ ဗန်းမော်မြို့ရွှေကျောင်းကုန်း၊ ရွှေကျောင်းရဲ့ မျက်နှာချင်းဆိုင်တည့်တည့်ဖြစ်နေပါတယ်။ ကျောင်းပရ၀ုဏ်နဲ့ ကျမနေခဲ့တဲ့အိမ်ဟာ လမ်းဘဲခြားပါတယ်။ အိမ်ရဲ့မျက်စောင်းထိုးမှာတော့ ဟိန္ဒူဘုန်းကြီးကျောင်း၊ ရှိပြီး အ၀ိုင်းကြီးက လမ်းသုံးခွဆုံရဲ့ ဆုံမှတ်ဖြစ်နေပါတယ်။ အဲဒီအ၀ိုင်းကြီးထဲမှာလည်း ဂျပန်ခေတ်က ပစ္စည်းတွေမြုတ်ထားခဲ့တဲ့အတွက် ဂျပန်တွေလာရောက်ဖော်ကြတာ ငယ်စဉ်က ကြုံဖူးခဲ့ပါတယ်။
ကျမအဖိုးကြုံတဲ့ ဥစ္စာစောင့်အကြောင်းက ဒီလိုပါ။ ဟိုပဝေသဏီ ၊ မြေ၀ိုင်းဇတ်တွေခေတ်က ကျမအဖိုးဟာ မြေ၀ိုင်းဇတ်တွေကို လက်ပန်တန်းဆိုတဲ့ရပ်ကွက်မှာသွားကြည့်ပါတယ်။ သွားကြည့်တဲ့အခါမှာ ရွှေကျောင်းကုန်း ဘေးက လမ်းအတိုင်းသွားခဲ့ရပါတယ်။ အဲဒီလိုဖြတ်သွားခိုက်မှာ မထင်မှတ်ဖဲနဲ့ အမျိုးသမီးအုပ်တစုက အဘ ဆေးလိပ်မီးနဲနဲတို့ပါရစေလို့ ပြောတယ်တဲ့။ မှောင်ကလည်းမှောင် လရောင်ကလည်းပြပြမို့ အမျိုးသမီးတွေကို သဲသဲကွဲကွဲ မမြင်ရဘဲ အသံကြောင့်သာ အမျိုးသမီ်းလို့သိလိုက်ရတာပါတဲ့။ အဲဒီအမျိုးသမီးက ဆေးလိပ်မီးညှိလိုက်တဲ့အခါမှာ မီးရောင်အောက်မှာ အမျိုးသမီးတွေဟာ ရွှေတွေတကိုယ်လုံး ညွတ်နေအောင် ဆင်ထားတာကို မြင်လိုက်ရပါတယ်တဲ့။ ကျမတို့အဖိုးဟာ ပွဲဇောကပ်နေတဲ့အတွက် မီးညှိပြီးတာနဲ့ ချက်ခြင်း ပွဲခင်းရှိရာကို ဦးတည်ထွက်ခဲ့ပါတယ်။ ပွဲပြီးလို့အပြန် အဲဒီအနားကိုရောက်တော့မှ အမျိုးသမီးတွေဟာ ဘုရားကုန်းပေါ်ကဆင်းလာတာကို ပြန်တွေးမိပါတယ်။ ဒီအချိန်ကြီးဘုရားကုန်းပေါ်ဘာလုပ်နေကြသလဲဆို တာကိုတွေးမိပါတယ်တဲ့။ ၀တ်ထားတဲ့လက်ဝတ်လက်စားတွေကို ပြန်မြင်ယောင်ပြီး စဉ်းစာကြည့်လိုက်တော့မှ ဥစ္စာစောင့်တွေဘဲဆိုပြီး လန့်ဖြတ်သွားလို့ (၃)ရက်လောက်ဆက်တိုက် လန့်ဖျားဖျားသွားတယ်လို့ ကျမအဖွား က ပြန်ပြောပြခဲ့ဘူးပါတယ်။ ကျမအဖွားက အဲဒီဘုန်းကြီးကျောင်းထဲက ဘုရားအဖြူနား သွားမဆော့ဘို့ ခဏခဏ သတိပေးပါတယ်။ ဥစ္စာစောင့်တွေ ရှိတယ်လို့ လည်း ပြောတဲ့အတွက် ကျမတို့ဟာ မျက်နှာချင်းဆိုင် ကျောင်းကိုသွားဘို့အတွက် ကြောက်ကြပါတယ်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး