မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးသည် ၄င်း၏ ဥပစ္ဇျယ်ဆရာတော်ကြီးဖြစ်သော အဘ၀ိမလအကြောင်းကို မကြာခဏထည့်သွင်းဟောကြားလေ့ရှိပါသည်။ အဘ၀ိမလအကြောင်းကို ကျမကြားနာရသောအခါ သင်္ခန်းစာ ယူဘွယ်ရာတို့ကိုလည်းကောင်း၊ အဘဘိုးမင်းခေါင်ပြောသောစကားကိုလည်းကောင်း မှတ်သားဘွယ်ကြားနာ ရပါသည်။ အဘ၀ိမလသည် သမထအားကောင်းခဲ့သော ၀ိပသနာတရားပြဆရာတော်ဖြစ်ပါသည်။ ဆရာတော် ဘုရားကြီး၏ ဥပစ္ဇျယ်ဆရာတော်လည်းဖြစ်ပါသည်။ တခါသော် အကြောင်းကြောင်းကြောင့် အဘ၀ိမလသည် ဘုရားတည်ရသည်ဟုဆိုပါသည်။ အဘ၀ိမလဘုရားတည်သောအခါ အဘ၀ိမလသည် ခေါင်းရိုက်ခံရမတတ် ပြသနာပေါင်းစုံကြုံသည်ဟုဆိုပါသည်။ ပြသနာပေါင်းစုံကိုလည်းကြုံသည်။ ထိုအခါ ခပ်အေးအေးနေလိုသော အဘ၀ိမလသည် စိတ်အကြီးအကျယ်ပျက်လျက်ရှိသည်။ အဘကား မန္တလေးဖားသားလဖုန်းကျောင်းတွင် လည်းတက်ခဲ့ဘူးသော သူတဦးဖြစ်သည်။
ထိုသို့ ဘုရားတည်လာရသောအခါ အဘဘိုးမင်းခေါင်းတို့နှင့် ပတ်သက်ရသည်ဟုဆိုပါသည်။ ထိုအခါ အဘသည် ဘုရားတည်ရတာ လူတောင်မသတ်ခံရယုံတမယ် ခေါင်းရိုက်ခွဲခံရမလိုဖြစ်သဖြင့် ညီးညူပြော ဆိုခဲ့သည်ဟုဆိုပါသည်။ ထိုအခါ တရားထိုင်နေရာမှ အဘဘိုးမင်းခေါင်သည် မျက်လုံးဖွင့်ကြည့်ပြီး၊ အခုသာသနာ ဘယ်သူ့သာသနာလည်းဟု အဘ၀ိမလကိုမေးပါသည်။ ထိုအခါအဘ၀ိမလမှ ဂေါတမသာသနာ ပါဟုလျှောက်ထားလိုက်သည်။ ဘိုးမင်းခေါင်မှ နင့်အဖေတောင်မတွေ့ဘူးလား သူ့ရှေ့လာပြီး ဗိုက်ကြီးတပြပြနဲ့ လာအရှက်ခွဲတာ။ မင်းကဘာမို့လို့လဲ ဟု။ ထိုအခါအဘ၀ိမလသည် ဘာမှ မပြောတော့ဟုဆိုပါသည်။
မှတ်ချက် ။ ။ ဗိုက်ကြီးတပြပြဆိုသည်မှာ စိဉ္စမာဏ၀ိကာ ပရိဗ္ဗိုဇ်ကို ဆိုလိုခြင်းဖြစ်ပါသည်ကို စာဖတ်သူတို့ သိကြမယ် ဖြစ်ပါသည်။ အဘ၀ိမလကား မိုးကုတ်ရိပ်သာ၏ တရားပြဆရာတော် တပါးဖြစ်သည့်အပြင် သကဒါဂါမ်အဆင့်ဖြင့် ဘ၀နတ်ထံပျံလွန်သွားဖြစ်ကြောင်း မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ ရတနာစစ်တမ်းစာအုပ်တွင် ရေးသားထားပါသည်။
ဆရာတော်ဘုရားကြီးသည် ၄င်းကိုယ်တိုင်ငယ်စဉ်ဘ၀တွင် ပုတီးကိုဆွဲကိုင်လျက် ဘုရားများတွင် အဓိဌာန်ဝင် ခဲ့ကြောင်းကို ပရိတ်သတ်များအား ဟောပြောပြလေ့ရှိပါသည်။ ပုတီးကိုလည်း တစ်လုံးချတိုင်း တစ်လုံးပျက် စိတ်ကသိရန်လိုပါသည်။ဂုဏ်တော်ကိုကားစိတ်က ရွတ်နေယုံဟု ကျမတို့အားရွှေဘိုတွင်မိန့်ခဲ့ဘူးပါ သည်။ နောင်တွင်ဆရာတော်ဘုရားကြီး၏ တရားများကိုနာလာရသောအခါတွင် အတွေးများမ၀င်ရန် ပုတီးသည် လည်းအထောက်အပံ့ပေး၏။ အချိန်တိုင်းလိုလို တွေးနေသော အတွေးများကို ပုတီးဖြင့်ထိမ်းထားနိုင်သည်။ ပုတီးစိပ်ပါများသောအခါ ၁၀၈ လုံးတွင် တလုံးမှ စိတ်မထွက်သောအခါ စိတ်သည်ကောင်းစွာ တည်ငြိမ် လာသည်။ ပုတီးစိပ်သောအခါတည်သော သမာဓိသည် ၀ိပသနာတရားအားထုတ်သောအခါတွင် အထောက် အပံ့ဖြစ်စေပါသည်ကို သိလာရပါသည်။ စိတ်မထွက်ခြင်း စိတ်တည်ငြိမ်ခြင်းသည် အထောက်အပံ့ကောင်း တခု ဖြစ်သည်ကို သိရှိနားလည်လာရပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး