Sunday, July 22, 2012

ကိုးကွယ်သူတို့အကျိုး သည်ပိုးပေးနေသော ဘုရားဂုဏ်တော်များပွားများခြင်း

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များဖြင့် ထုံမွှမ်းနေခြင်းကို ကိုးကွယ်သူတို့အကျိုး သည်ပိုးပေးနေသော ထိုဂုဏ်တော်များဟု တင်စားပုံဖော်ရေးသားထားခဲ့ပေသည်။

· ရှင်ဂေါတမကား ပရိနိဗ္ဗာန်ဝင်စံ ကြွသွားတော်မူချေပြီ။

· သို့သော် ဘုရားကားပွင့်တုန်းပွင့်ဆဲသာရှိချေသေးသည်။

· ဘုရားဟူသည် သစ္စာတို့ဖြင့် ထုံးမွှမ်းထားသော ဓမ္မဓာတ်သက်သက်မျှသာဖြစ်သည်။

ထိုဓမ္မဓာတ်အားသည် အကြောင်းခံအဖြစ်ဖြင့် ဂုဏ်တော်ဝယ် ယုံကြည်သက်ဝင်နေသူတို့ ရှိနေသမျှကာလပတ်လုံး ဆိတ်သုဉ်းလေဦးမည် မဟုတ်ချေ။

ဘုရားရှင်၏ ဂုဏ်သတ္တိသည်လည်း အကျိုးမရှာ။ ယုံကြည်သူတို့အား အကျိုးထူးပေးရာ၏ အကြောင်းခံသက်သက်မျှသာ တည်ရှိ၏။ ထိုဓမ္မဓာတ်အား ဂုဏ်သတ္တိအကြောင်းတရားကို -

ယုံကြည်သူတို့၏ မနောဓာတ်အကြာင်းခံဖြင့် ဖမ်းယူရာ၏။

ထိုအခါ ယုံကြည်သူတို့၏မနောဝိညာဉ်ဝယ် ဗုဒ္ဓဂုဏ်ဟိတ် ပုံရိပ်ထင်လာစေ၏။

ဆိုလိုသည်မှာ ဗုဒ္ဓဘက်ရှိ ဂုဏ်သတ္တိအကြောင်းခံ ဓမ္မဓာတ်အားကို မိမိ၏ ဘုရားအပေါ် မမှိတ်မသုံ ယုံကြည်သော မနောစိတ်အကြောင်းခံဖြင့် အာရုံယူ ပုံဖော်ကြည့်လိုက်လေသောအခါ မိမိ၏ စိတ်အာရုံဝယ် အကျိုးပေးအဖြစ် ဗုဒ္ဓပုံရိပ်ပေါ်လာချေတော့မည်။ ထိုပုံရိပ်ကိုလျှင် ဘုရားအဖြစ်အာရုံတင် တစ်ဖန်ပြန်လည်ကာ သြကာသဖြင့် ဂါရ၀ပြုခြင်း၊ သီလတောင်းခံခြင်း၊ ဆွမ်း ရေချမ်း ပန်း ဆီမီး ကပ်လှူခြင်း၊ ပြီးသော် ဆုတောင်းခြင်း အမှုပြုသော် ထိုပြုသော အတိုင်း အကျိုးပေးကား ပြုသူမှာသာ မုချရယူခွင့်ရှိ၏။

· ဘုရားကား ဆွမ်းတော်ခွက် ဆင်းစားသည်ဟူ မရှိပြီ။

· ဘုရားကားသောက်တော်ရေခွက် ဆင်းသောက်နေသည်မရှိပြီ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရတနာ့စစ်တမ်း စာ-၂၄၇၊ ၂၄၈ မှ)

ဆရာတော်ဘုရားကြီးသည် ဘုရားကို သောက်တော်ရေ ကပ်ခြင်း၊ ဆွမ်းကပ်ခြင်းနှင့်ပတ်သက်လို့လည်း အလျင်းသင့်သလို ဟောပြောခဲ့ပါသည်။ ရန်ကုန်သားတို့ ဆွမ်းကပ်ခြင်းအကြောင်းဖြစ်ပါတယ်။ ဆရာတော်ကြီးက ရန်ကုန်ကလူတွေဆွမ်းကပ်လျင် ဘုရားကို ပုဂံကြီးနဲ့ အပြည့်ကပ်တယ်လို့ဆိုပါတယ်။ သောက်တော်ရေခွက်ကိုလည်း ရဟန်းတပါးသောက်နိုင်လောက်တဲ့ ဖန်ခွက်မျိုးနဲ့ သက်ရှိထင်ရှားရှိသလို ကပ်တာဖြစ်ပါတယ်တဲ့။ ဘုရားကို သောက်တော်ရေခွက် သေးသေးလေးနဲ့ကပ်ကြသလားလို့လည်း ပရိတ်သတ်ကြီးကို မေးလေ့ရှိပါတယ်။ ရန်ကုန်သားတွေက ဆွမ်းကပ်ပြီး ဆွမ်းတော်ချပြီးရင် အဲဒီဆွမ်းတော်ကျကို အားရပါးရစားလေ့ရှိပါသတဲ့။ အတုယူစေခြင်လို့ ဟောပြောတာဖြစ်ပါတယ်။ သို့သော် ရန်ကုန်သားတိုင်းတော့ ဖြစ်မယ်မထင်ပါဘူးနော်။

ကျမကတော့ သာစည်မြို့ နားဘဲရွှေထီးကျောင်းကရွှေကုန်သည်တဦးအိမ်မှာတကဲ့ကို အဲဒီလို ဆွမ်းတော် ကပ်တာမြင်ခဲ့ဘူးပါတယ်။ ဆွမ်းတင်မကဘူး ကော်ဖီမှုန့်တို့ကို ကျကျနန စားပွဲဝိုင်းလေးနဲ့ ကပ်တာ ဖြစ်ပါတယ်။အဲဒီအမကြီးကို ကျမ သာစည် ငါးဆူကျောင်း ဆရာတော်ဘုရားကြီး မေတ္တာရိပ်မှာ တရားထိုင် ရင်းတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ယခု ဆရာတော်ဘုရားကြီးရဲ့တရားတွေကို ရေးရခြင်းက ကျမတို့ခေတ်က အလုပ်များ အလုပ်ရှုတ်တဲ့ ခေတ်ပါ။ မအားဘူးမအားဘူးနဲ့ တနေ့ထက်တနေ့ သေမင်းခေါ်ရာနဲ့နီးနီးလာတာလည်း မလွဲမသွေပါ။ ရိပ်သာသွားမှ တရားလုပ်ဖြစ်မှာကို စောင့်နေရင် ဒီကြားထဲမှာ ရိပ်သာမသွားခင် ကျမတို့လုပ်နိုင်တာကို လုပ်မှဖြစ်မှာပါ။ ဒါကြောင့် ဘုရားဂုဏ်ကို အာရုံပြုပြီး လုပ်ဆောင်တာတွေဟာလည်း သူ့ဟာလေးနဲ့သူ အကျိုးပေးပါတယ်ဆိုတာလေးကို မအားလပ်တဲ့သူများ ရသလောက်လုပ်နိုင်စေဘို့ တရားမထိုင်ဖြစ်တောင် ပုတီးနဲ့ ဂုဏ်တော်တွေပွားရင်လည်း အကျိုးများပါတယ်ဆိုတာလေးကို သိစေခြင်လို့ ဆရာတော်ဘုရားကြီးရဲ့ တရားတွေထဲက ပို့စ်တင်လိုက်တာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဟာ နောက်ထပ်အများကြီးရှင်းလင်းထားပါသေးတယ်။ သို့သော် အကုန်တော့ မတင်နိုင်တာကို နားလည်ခွင့်လွတ်စေလိုပါတယ်။ ကျမတို့ဘက်မှာ ပို့စ်တင်တဲ့အခါမှာ သိပ်ခက်ခဲပါတယ်။ နက်ဆိုင်မှာ တနာရီခွဲလောက်ထိုင်တာတောင်မှာ ပို့စ်က တစ်ခုလောက်ဖဲတင်လို့ရတဲ့နေ့တွေကများပါတယ်။ တခါတရံ ပုံလေးတွေထည့်ပေးခြင်လည်း ထည့်မရတာမျိုးတွေဖြစ်နေပါတယ်။ ကျမပို့စ် ၂ ခုတင်ဘို့ဆိုတာ ၂ ရက်ရှိပြီ ပြန်လှန်ကျပါတယ်။

ဒီပို့စ်လေးတွေဟာ ကျမကတင်ပေးတာကလည်း ကျမ နိုင်ငံခြားမှာ တနှစ်နေခဲ့ရတဲ့အချိန်မှာ ကျမနေခဲ့ရတဲ့ ဒါရာဒွန်းမြို့လေးမှာ ဗမာဘုန်းကြီးကျောင်းနဲ့ ဗမာလုံးဝမရှိပါဘူး။ ဒီတော့ ကျမတို့က ဈေးထဲမှာ လားမားတွေကို မြင်တော့ မိတ်ဆက်ပြီး မွန်ဂိုလီးယားတွေနဲ့ပေါင်းပြီး လားမားကျောင်းကို သွားပြီး ၀ပ်ပြုလှူတန်းရပါတယ်။ အင်တာနက်တွေကလည်း စပေါ်ခါစအချိန်ဖြစ်ပါတယ်။ ကျမခံယူချက်အတိုင်း ဘာမှမလုပ်ရင် ဘာမှ မဖြစ်လာဘူး။ တခုခုလုပ်တော့ တခုခုတော့ ကုသိုလ်ရမှာပါဘဲရှင်။

ဆရာတော်ဘုရားကြီး ရွှေဘိုမှာ ဗိုလ်မှူးလွင်ကိုကို မိန့်ခဲ့သလိုပါဘဲ။ ခန္တာကိုယ်ထဲမှာကို ပိုးအမျိုးပေါင်း က(၈၀)ရှိတာ။ ဒါတစ်ဦးထဲမှာဘဲ ရှိသေးတယ်။အရေအတွက်မဟုတ်သေးဘူးနော်။ ငါးဥတတွဲကိုဘဲ ကြည့်ပါ။ ငါးဥလေးပေါင်း ဘယ်လောက်ရှိမလဲ။ တိရစ္ဆာန်အရေအတွက်က အဲဒီလောက်များတာဗျ တဲ့။ စာအရဆိုရင်လည်း တိရစ္ဆာန်ဘ၀ကိုအဖြစ်များတယ်လို့ ဆိုပါတယ်တဲ့ ရှင်။

ဒါကြောင့်ကျမတို့လည်း ဆရာတော်ဘုရားကြီးအောက်သွားမလား အထက်တက်မလားလို့ ခဏခဏ မေးသလို အဖြေကိုလည်း ပေးနိုင်ဘို့အတွက် စဉ်းစားပြီး ပြင်ဆင်သင့်ကြပါပြီလို့ ၀ါတွင်းလက်ဆောင် တင်ပေးလိုက်ရပါတယ်ရှင်။ အားလုံးကျန်းမာချမ်းသာကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts