Friday, July 27, 2012

ရာထူးအာဏာကြီးသူများ ထားရှိသင့်သည့်သတိနဲ့အသိ















ဆရာတဦး၏မွေးနေ့တွင်ဟောကြားသောတရား။
ဝန်ထမ်းတွေဟာ မိမိမှာရာထူးအာဏာဆိုတာ ရှိတဲ့အခိုက်တော့ ပတ်ဝန်းကျင်ကပံ့ပိုးမှုများတယ်။ ကိုယ့်ရဲ့ ရာထူးအာဏာကို မြှောက်ပေးတဲ့သူများတယ်။ အခွင့်အရေးလိုခြင်လို့ လာကပ်တဲ့သူတွေများတယ်နော်။ အင်း ပင်စင်ယူသွားတော့ ကိုယ့်ဘေးကနေ ခွာသွားကြတော့မှာ။ ဒါကိုကြိုတင်ပြီးတွက်ဆထားဘို့လိုတယ်။ ကိုယ် ရာထူးအာဏာရှိတုံးကကိုယ့်ကိုအသိအမှတ်ပြုနိုင်တဲ့သူတွေကအာဏာလည်းမရှိရောအရင်လိုကိုယ့်ဆီ လာမယ် လို့ ကျိန်းသေပေါက်ပြောလို့ရသလား။ ကိုယ့်ရဲ့ ရာထူးအာဏာနဲ့လုပ်ပိုင်ခွင့်ကိုတန်ဘိုးထားတဲ့သူက အဲဒါတွေ မရှိရင်မလာတော့ဘူးနော်။ အဲဒီတကာကြီးကနောက်ဆုံးစိတ်ဝေဒနာဖြစ်သွားတယ်။ အရင်တုံးက သူ့အိမ်မှာ ကြိတ်ကြိတ်တိုးနော်။ဟိုကအဘ၊ဒီကအဘလို့ခေါ်ပြီး အိမ်ကိုဝင်ထွက်နေတဲ့သူတွေက အဲဒီပင်စင် ယူလိုက်တော့ မလာတော့ဘူးနော်။နောက်ဆုံးမှာသူကစိတ်ဝေဒနာဖြစ်သွားတယ်။ သူ့မှာအထီးကျန်ပြီး ကြောက်စိတ် သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေနဲ့ သူ့ဘ၀ဟာအထီးကျန်သွားတယ်။ ဒီလူမှဖြစ်တာလား၊ သတိမထား၊ ဥာဏ်မရှိတဲ့သူတိုင်းကောမဖြစ်နိုင်ဘူးလား။ဖြစ်နိုင်တယ်။ဒီလူကငါ့ကြောက်တာလား။ရာထူးအာဏာကိုလား။ အဲဒါစဉ်းစား။ ရာထူးအာဏာမရှိတော့။သူ့ကိုယ်သူမလေးစားတော့ဘူး။ပတ်ဝန်းကျင်က မယုံကြည် မလေးစား တော့ဘူး။ နောက်ဆုံးအားငယ်စိတ်၊ သိမ်ငယ်စိတ်တွေနဲ့ သနားစရာကောင်းတယ်နော်။ သတိမထား၊ ဥာဏ်မရှိတဲ့သူတိုင်းမဖြစ်နိုင်ဘူးလား။ ရာထူးမရှိခင်တုန်းကဒီလူဟာ ရိုးသားဖြောင့်မတ်မှုနဲ့ပုံမှန်။ နောက် ရာထူး တွေအများကြီးရတော့လည်းပုံမှန်။ ရာထူးမရှိပင်စင်ယူတော့လည်းပုံမှန်။ အဲဒီလူဟာ တော်တော့်ကို လေးစား လောက်တဲ့သူဘဲ။ ရာထူးတွေရလာရင် ဘေးလူတွေမြှောက်ပေးရင် ကိုယ့်ကိုကိုယ် မြှောက်သွားတတ်တယ်။ ကိုယ့်ဟာကိုယ်လေးစားဘို့အရေးကြီးတာ။ ဘုန်းကြီးပိုင်းဆိုရင်ကိုယ့်ကိုကိုယ်ကြည်ညိုနေဘို့ အရေးကြီးတယ်။ သူများကြည်ညိုတာ မကြည်ညိုတာကိုယ်နဲ့မဆိုင်ဘူး။ ဘယ်နေရာရောက်ရောက် ဘယ်သွားသွားအားငယ် စရာ သိမ်ငယ်စရာမရှိဘူး။ကိုယ့်ကိုကိုယ်ကြည်ညိုနေဘို့လိုတယ်။ကိုယ့်ကိုကိုယ် အကြည်ညိုပျက်စေတဲ့ အလုပ်တွေ လုပ်ရင် အဲဒီပုဂ္ဂိုလ်က ကြည်ညိုစရာမကောင်းတော့ဘူး။ ဘယ်သူမှကလည်းမကြည်ညိုတော့ဘူး။ ရာထူး အာဏာတွေရလာရင် ရှေးအတိတ်ကံတွေကောင်းလို့ ယခုကြိုးစားလို့ဒီလိုတွေဖြစ်လာတယ်။ ငါ့မှာ မွေးတုန်းက ဘာမှပါလာတာမဟုတ်ဖူး။ အတိတ်ကကံနဲ့ ပစ္စုပ္ပန်ကံ၊ ဥာဏ၊် ၀ိရိယနဲ့ကြိုးစားမှုကြောင့်ဒီလိုဖြစ်လာတယ်။ စိတ်ကောင်းစေတနာကောင်းတွေမွေးကြစမ်းထားကြစမ်းပါ။ ကိုယ်လည်းချမ်းသာ အောက်လူတွေလည်း ချမ်းသာအောင်။ အတိတ်က ကံတွေကလည်းကြောင့်ကောင်းနေရင် စေတနာကောင်းပါ။ တနေ့နေ့တချိန်ချိန်မှာ မိုးမော့ပြီးဆံတွေးထွေးရင် ကိုယ့်အပေါ်ပြန်ကျသလို။ လေညှာမှာ ဖုန်ပစ်သလို ကိုယ့်ဆီပြန်လာမယ်။ မိမိစိတ် စေတနာကောင်းရင် ကံကောင်းမယ်။ မိမိစေတနာညံ့ရင် ကံညံ့မယ် အကျိုးပေးညံ့မယ်။ မိမိစေတနာဟာ မိမိအတွက်ဘဲ။ ဒကာကြီးတို့အသက်တွေကြီးလာ၊ရာထူးတွေကြီးလာတဲ့အခါမှာကိုယ်လည်း ချမ်းသာအောင်၊ အများလည်းချမ်းသာအောင်ကိုယ့်လက်အောက်ကငယ်သားတွေလည်းညီိညီညွတ်ညွတ် သင့်တင့်မျှတအောင် ရာထူးကြီးလာလည်းကိုယ့်ဘက်ကဘယ်တော့မှအရောင်မပြောင်းဘူး။ရာထူးမရှိတော့လည်း အရောင်မပြောင်း ဘူး။ ကိုယ့်မှာအေးချမ်းမှုလည်းရှိတယ်။ နည်းနည်းရာထူးနည်းနည်းမြှင့်လာရင်အောက်ချေလွတ်လာတယ်။ မမောက်မာသင့်တာကိုမောက်မာမယ်။ မပြောသင့်တာပြောမယ်။ လင်မယားချင်းတောင် စကားပြောတာ မောက်မာလာမယ်။ သွေးမစည်းတော့ဘူး မိသားစုမှာလည်း ကွဲသလိုဖြစ်တာတယ်။ အဲဒါ ပမာဏကို မသိတာ ဘဲ။
ညွှန်ကြားရေးမှူးချုပ်ဆိုတာ အလုပ်လုပ်နေတဲ့အချိန်မှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ရမှာလေ။အိမ်မှာတော့ မိန်းမကို ညွှန်ကြားရေးမှူးချုပ်လုပ်လို့မရဘူးနော်။ သူ့ကဏ္ဍနဲ့သူခွဲထားရမှာနော်။ ဗိုလ်မှူးချုပ်တယောက်ဘုန်းဘုန်းဆီ လာကန်တော့တော့ ပြောလိုက်တယ်။ မင်းဗိုလ်မှူးချုပ်ကတပ်ထဲမှာဘဲလုပ်ရမှာလေ။ အိမ်မှာ ဗိုလ်မှူးချုပ်သွား မလုပ်နဲ့လို့။မိန်းမနဲ့တွေ့ရင်လင့်ဝတ္တရားကျေပြွန်တဲ့ယောကျာ်းကောင်းပီသတဲ့ လင်ကောင်းဖြစ်အောင်ကြိုးစားပါ။ သားသမီးနဲ့တွေ့ရင်မိဘ၀တ္တရားကျေပြွန်တဲ့မိဘကောင်းဖြစ်အောင်ကြိုးစားပါ။ဘုန်းဘုန်းတို့လို သံဃာတော်တွေ နဲ့ တွေ့တဲ့အခါ ဒကာကောင်း၊ ဥပသကာကောင်း၊ ဖြစ်အောင်လုပ်ပါ။ ဆရာမတွေကိုကြည့် ကျောင်းမှာဆရာမ အိမ်မှာဆရာမမဟုတ်ဖူး။ဒါပေမဲ့အိမ်မှာတွေလည်းဆရာမထင်တယ်နော်။ ဆရာမတွေ သူများသားသမီးတွေသာ နိုင်တာကိုယ့်သားသမီးတော့မနိုင်တာများတယ်။ ဘုန်းဘုန်းတော့ ဒီလိုတွေ့ဘူးတာဘဲ။ ဆရာဝန်ဆိုရင် လူနာနဲ့တွေ့ရင်ဆရာဝန်၊မိဘနဲ့တွေ့ရင်ငါဆရာဝန်လုပ်လို့မရဘူး။ အဲဒီခါသားသမီးဝတ္တရားကျေပြွန်ဘို့လိုတယ်။ သူု့အပိုင်းသု့ကဏ္ဍလေးတွေနဲ့ လုပ်ရမှာလေ။ အဲဒီလိုဆိုရင် သူ့ဟာနဲ့သူချမ်းသာမှာ။ ရာထူးတွေကြီးလာရင် အောက်လက်ငယ်သားတွေကိုစိတ်ဆင်းရဲတယ်။ အဲဒီလိုလုပ်တာမကောင်းဘူး။ တနေ့နေ့တချိန်ချိန်မှာ ကိုယ့်ကိုပြန်ခံရမှာလေ။
ဘုန်းဘုန်းဆွေမျိုးတယောက်ရှိတယ်။ ကိုလှရွှေ+မလှရွှေတဲ့ သားမီးကများတယ်။ အငယ်ဆုံးခလေးကို (၁၂)ယောက်မြောက်တော့ ဒါဇင်တဲ့၊ (၁၂)ကျော်တော့ ဒါဇင်ကျော်တဲ့။ သူစစ်ဆေးရေးတရားသူကြီးဖြစ်တော့ သမ၀ါယမတွေလိုက်စစ်တယ်။ငွေသွင်းနိုင်ရင်သွင်းမသွင်းနိုင်ရင်ဖမ်း။ထောင်ချပလိုက်တယ်။မိန်းမကသမ၀ါယမ စာရေး၊ စားအိုးကကြီးတော့ သမ၀ါယမငွေတွေသုံးတာဖြုန်းတာ လွန်သွားတော့ စစ်ဆေးခံရတယ်။ နောက်ဆုံး မလျော်နိုင်ဘူး။ သူတွေကတရားသူကြီး၊ တောင်သာနယ်မှာနာမည်ကြီးတယ်။ ပြတ်သားတယ် လုပ်ရဲကိုင်ရဲ ရှိတယ်ဆိုပြီး။ အဲနောက်တော့မလျော်နိုင်တော့ထောင်ထဲရောက်သွားတယ်။ မြင်းခြံထောင်ထဲမှာ သူစစ်ဆေးရေး ဖြစ်တုံးကထောင်ချခဲ့တဲ့သူတွေကမလွတ်သေးဘူး။ အဲဒီတော့ သူထောင်ထဲရောက်တော့ ဟိုသူထောင်ချထားတဲ့ သူတွေကသူ့ကိုပြန်ဗျင်းရော။အဲဒီတော့လူခွဲထားရတယ်။ ကိုယ့်ရဲ့ စေတနာတွေက တနေ့တဒေါင့်မှာ ကိုယ့်ဆီ ပြန်လာတယ်။ ရာထူးတွေကြီးလာရင် ပိုနူးညံ့ ပိုမေတ္တာ စိတ်ကောင်းစေတနာကောင်းထားရမှာနော်။ ဘုန်းဘုန်း ပြောနေတာဘယ်သူ့အတွက်လဲ။
ဘုန်းဘုန်းတို့တုန်းကဘုန်းကြီးကျောင်းနေတာ။ ဘုန်းကြီးကျောင်းကနေအတန်းကျောင်းတက်။ အတန်းကျောင်း ကနေ အဆင့်ဆင့်သွားတာ။ ဦးနေ၀င်းလက်ထက်က ဘုန်းကြီးကျောင်းနေတဲ့သူ့ ဆန်မပေးဘူး။ အဲဒီတုန်းက ဆန်တပြည်မှ ၂ိ/။ ဘုန်းကြီးကျောင်းမနေရဘူး။ အတန်းကျောင်းတွေနေရမယ်လို့လုပ်တယ်။ ဘုန်းကြီးကျောင်း မှာ ဆွမ်းခံကျွေးမဲ့သူတောင်နည်းသွားတယ်။ ဘုန်းကြီးကျောင်းသားတွေမရှိတော့ဘူး။ ဘုန်းကြီးကျောင်းမှာ နေတော့ညဆိုရင်သံဃာကြီးတွေက(၅၅၀)ဇတ်တော်တွေဖတ်ရတယ်။ဘုန်းကြီးကျောင်းသားတွေက စိတ်ကောင်း စေတနာကောင်းအကျိုး၊ စိတ်ဆိုးစေတနာဆိုးတွေရဲ့အကျိုးတွေကို သင်ရတယ်။ ကိုယ်ချင်းစာ တရားထားရမယ်။ လူကြီးတွေဘယ်လိုဆက်ဆံရမယ်။ လူကြီးရှေ့သွားရင် ခေါင်းငုံ့သွားရမယ်။ မိဘကျေးဇူး ဆရာသမားကျေးဇူးတွေ အကုန်သိတယ်။ လူကြီးတွေကိုဘယ်လိုရိုသေရမယ်။ ဘယ်လို ဆက်ဆံရမယ်။ စိတ်ကောင်းစေတနာကောင်းရှိရင် ဘယ်လိုအကုန်သိတယ် စိတ်ကောင်းစေတနာကောင်းရှိပြီးသား။ ဘုန်းဘုန်း တို့က ဘုန်းကြီးကျောင်းစာသင်တဲ့နှစ်မှာ- နောက်ဆုံး။ ဘုန်းဘုန်းတို့ထက်ငယ်တဲ့ခလေးတွေကအတန်းကျောင်း နေရတာ။ မိဘကျေးဇူးတွေ ဆရာသမားကျေးဇူးတွေ မိဘကျေးဇူးကန်းလို့ မြေမြိုတာတွေ ဘာမှမသိတော့ဘူး။ ဒီတော့ နောက်ကကောင်တွေက ဘာမှမသိတော့ဘူး။ ကံ-ကံ၏အကျိုးကို မသိတော့ဘူး။ ငါတို့ဒါလုပ်လိုက်ရင် သူတို့ကြိုက်ပါ့မလား။ ငါ့ဒီလိုလုပ်ရင် ငါကောကြိုက်ပါ့မလားဆိုတဲ့ ကိုယ်ချင်းစာနာစိတ်တွေလဲမသိတော့ဘူး။ တခုခုလုပ်မယ်လို့ဖြစ်ရင်တောင်လုပ်သင့်မလုပ်သင့်စဉ်းစားရမှာ။လုပ်သင့်သလား၊ မလုပ်သင့်ဘူးဆို စဉ်းစားပြီး ရင် လုပ်မှာမဟုတ်တော့ဘူး။ ဒါကကံ-ကံ၏အကျိုးအကြောင်းကိုသိတာ။ ဒါတွေမသိတော့ စာနာစိတ် ညှာတာစိတ်တွေကင်းတဲ့အတွက် အကောင်းအဆိုးကို မခွဲတတ်တော့ဘူး။ အရေးအခင်းတွေဖြစ်ကုန်တယ်။ အရေးအခင်းပြီးမှဘုန်းတော်ကြီးစာသင်ကျောင်းတွေပြန်ဖွင့်ခွင့်ပေးတာလေ။ စိတ်ကောင်းစေတနာ ကောင်းထား ပါ။
အချိုပင်စိုက်ရင် အချိုပင်သီးမှာ။ မန်ကျီးပင်စိုက်မှ မန်ကျီးသီးသီးတာ။ အခါးပင်စိုက်ရင် အခါးသီးမှာ။ ကြက်ဟင်းခါးပင်စိုက်ရင် ကြက်ဟင်းခါးသီးသီးမှာ၊ စိတ်လေးကြည်ကြည်လင်လင် နဲ့မိသားစု စိတ်ချမ်းသာအောင်နေပါ။ ဘယ်လောက်ရာထူးကြီးပါစေ၊ ကိုယ့်မိသားစုအပေါ် ကိုယ့်လက်အောက်ငယ်သား တွေကို စာနာမှု ညှာတာမှုမရှိရင် စိတ်ချမ်းသာမလား။ ရုံးထဲမှာနေတဲ့သူတွေ ကိုယ့်အောက်လက်ငယ်သား စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။ သီးခံခြင်း ခွင့်လွတ်ခြင်း သဘောထားကြီးခြင်း ၊စာနာခြင်းတွေနဲ့နေရင် ကောင်းတယ်။ အလမ်းကျယ်ရင် အလယ်လတ်တယ်တဲ့နော်။ ဘေးသာကောင်းတာ။ အထက်က လူကြီးတွေနဲ့သာတည့်တာ။ အထက်လူကြီးကအလုပ်လုပ်တုန်းသာအတူနေရမှာ။ အောက်ကလူတွေနဲ့ အဆင်မပြေဘူး။ မေတ္တာစေတနာတွေနဲ့ သီးခံခြင်း ခွင့်လွတ်ခြင်း သဘောထားကြီးခြင်းနဲ့ နေသွားရင် အတိတ်ကကံကြောင့် ကံကောင်းနေရင် ပစ္စုပ္ပာန်ကံမှာ တပ်ပြီးကံကောင်းအောင်လုပ်ရင် ပိုပြီးသံသရာမှာ ကံကောင်းဦးမှာနော်။ တချို့ကဘေးသာ ကောင်းတာ ကိုယ့်အိမ်သားအပေါ်မကောင်းဘူး။ ဘေးကလူတွေနဲ့ ကိုယ်နဲ့ကရေရှည်နေရမှာမဟုတ်ဖူး။ ရွာကလူတွေကိုလည်းပြောရတယ်။ မင်းတို့လူကြီးတွေက မင်းတို့ ရာထူး ရှိတုန်းသာ မင်းတို့ကိုဂရုစိုက်မှာ။ မင်းတို့ရာထူးပြုတ်သွားရင် ကိုယ့်ရွာကိုယ်လူ ကိုယ့်မိသားစုနဲ့ပြန်နေရမှာ။ ဟိုကခဏပန်းသာနေရတာ။ အမြဲနေရမှာကမိသားစုနဲ့ရွာကလူတွေနဲ့တည့်အောင်နေ။တသက်လုံးနေရမှာက သူတို့နဲ့နေရမှာ။ ကိုယ့်ရွာလူတွေက ဘယ်အချိန်ဘယ်အခါမဆိုအတူနေရမှာ။ အဆင်ပြေအောင်နေ။ ဘုန်းဘုန်းက ခဏခဏ ဆုံးမတယ်။ စာနာမှု ညာတာမှု တွေနဲ့ နေရတာ။ ပစ္စုပန်ကံကောင်းအောင်နေရင် နောင်သံသရာကောင်းဦးမှာဘဲ။
ကိုယ့်လက်အောက်ငယ်သားတွေကိုအနိုင်ကျင့်ရင် ကိုယ့်အပေါ်အနိုင်ကျင့်မဲ့သူလည်းပေါ်လာမှာဘဲ။ ဆရာတော် ဆရာတော်ကျောင်းက ကြွက်ကလေးတွေကို ကြောင်ကြီးကိုက်သွားပြီ ဘုရား။ (အေး ကြောင်ကြီးလဲ နိုင်တဲ့သူပေါ်ဦးမှာဘဲ။)
ကြောင်ကြီးကို ခွေးကိုက်သွားပြီဘုရား။(အဲဒီ ခွေးလဲနိုင်တဲ့သူပေါ်ဦးမှာဘဲကွာ။)
ဆရာတော် ခွေးကြီးကို သစ်ချီသွားပြီဘုရား။ (အဲဒီသစ်ကြီးလည်းနိုင်တဲ့သူပေါ်ဦးမှာဘဲ။)
ဆရာတော် သစ်ကြီးကို မုဆိုးကပစ်သတ်သွားပြီဘုရား။(အဲဒီမုဆိုးလည်းနိုင်တဲ့သူပေါ်ဦးမှာဘဲ။)
ဆရာတော် မုဆိုးက ဘုရင်ဘေးမဲ့ပေးထားတဲ့သားကောင်တကောင်ပစ်မိလို့ ဆရာတော် အဲဒီမုဆိုးတော့ မင်းပစ်မင်းဒဏ်သင့်သွားပြီဘုရား။ ဘုရင်ကဘယ်လိုဘယ်လိုအပစ်ဒဏ်ချလိုက်ပြီပေါ့။
(ဟဲ့ဟဲ့ ရှေ့ဆက်မပြောနဲ့…… မင်းနဲ့ငါနဲ့ ဘေးဖြစ်လိမ့်မယ်)
အဲဒီဥပမာလိုဘဲ။ ကိုယ့်နိုင်တဲ့သူပေါ်တတ်တယ်။
ဘုန်းဘုန်းတို့ အမေအဖေကစာမတတ်ဘူး။ တောသူတောသားတွေဆိုတော့သူတို့ကဘာမှသိပ်မသိဘူး။ ဘုန်းဘုန်းလည်း အရင်က မသိတော့ပြောတာပေါ့။ ပြောတော့ သူတို့စိတ်ဆင်းရဲတော့ ကိုယ့်ဆီပြန်လာတာဗျ။ မအေမိဘတွေစိတ်ညစ်အောင် ပြောမိရင် တန်ပြန်လာပြီး ကိုယ်လည်းအဆင်မပြေဖြစ်တာဘဲ။ ပြန်ပြောရင် ချက်ခြင်း အပစ်ဖြစ်တယ်။ နောက်တာ့ သူတို့ စိတ်ဆင်းရဲအောင် မလုပ်တော့ဘူး။ သူတို့ဘ၀လေးနဲ့သူတို့ဘဲ ဆိုပြီးထားရတယ်။ သူတို့ကို ပြန်မပြောနဲ့ သူတို့ကိုထောက်ပံ့နိုင်တာလေးထောက်ပံ့ရတယ်။ တကယ်တန်းတော့ သူ့အတွက်လည်း ကောင်းအောင်လုပ်၊ စိတ်ချမ်းချမ်းသာသာရှိတော့ လက်အောက်ငယ်သားတွေ အတွက် လည်း ကောင်းအောင်လုပ်၊ မိသားစုအတွက်လည်း ကောင်းအောင်လုပ၊် လက်အောက်ငယ်သား တွေအတွက် လည်း ကောင်းအောင်လုပ်။ နိုင်ငံအတွက်လည်းကောင်းအောင်လုပ်။ တစ်ဘို့တည်းလုပ်နေလို့ မကောင်းတာ။ မျှမျှတတနဲ့သင့်တင့်မျှတအောင်လုပ်ရင် ကောင်းလာတာဘဲ။ ကိုယ့်အတွက်လည်း ကောင်းအောင်လုပ် အများအတွက်လည်းကောင်းအောင်လုပ်။ အသက်တွေကြီးလာတယ်။ တရားတွေလည်းသိအောင်လုပ်ရမှာ။ မသိဘဲနဲ့ သိသယောင်မိန်းနေတတ်တယ်။ ဒါမျိုးမှာ သတိထားရမှာ။
မသိဘဲနဲ့ သိသလိုနေတတ်တယ်။ တကယ်တန်းသိထားရမှာ ဇနီးမယား၊ သားသမီး အားကိုးစရာမဟုတ်ဖူး၊ ကိုယ်တတ်တဲ့လောကီပညာတွေလည်း အားကိုးစရာမဟုတ်ဖူး။ကိုယ့်ရဲ့ ရုပ်နာမ်ခန္တာပေါ်မှာရှိတဲ့ သဘာဝကျတဲ့ သဘာဝဓမ္မကိုသိတဲ့ပညာကသာအားကိုးရာအစစ်ဘဲ။ သတိ၊ အသိဥာဏ်ပညာလေးကို သိအောင်လုပ်ပြီး နေသွားမယ်ဆိုရင် မိမိရော၊ တိုင်းပြည်ရော အေးချမ်းမယ်။ မသေခင်လေး နေရတဲ့ အချိန်လေးမှာ မွေးနေ့ အကြောင်းပြုပြီး ကောင်းမှုကုသိုလ်ပြုတဲ့ဒေါက်တာအောင်ကြည်နဲ့မိသားစုနဲ့အတူ ဆရာတော်နဲ့တွေ့သခိုက်မှာ မှားတာတွေရှိရင် ပြင်မယ်ဆိုပြီး။ ကိုယ့်ဘ၀လေး၊ မိသားစုလေး၊ အေးချမ်းအောင်။ မေတ္တာအကြောင်းတွေ အများကြီးပြောမဲ့အစား မိသားစုတွေမှာတည့်တည့်ရှုရှုအေးချမ်းအောင်နေစမ်းပါ။ရာထူးတွေကြီးရင် အသက်ကြီး လာရင် သီးခံအားတွေကြီးစမ်းပါ၊ မေတ္တာအားတွေကြီးစမ်းပါ။ ကိုယ့်ဘ၀အသိဥာဏ်လည်းကြီးမားလာအောင် မိသားစုလည်းစိတ်ချမ်းသာအောင်၊ တိုင်းပြည်အတွက်လည်းကောင်းအောင် တရားဓမ္မတွေ ကျင့်ကြံအားထုတ် အောင် မိမိခန္တာထဲမှာရှိတဲ့ ရုပ်နာမ်ခန္တာတွေဟာ အပြုသဘော၊ အပျက်သဘောတွေ၊ ခန္တာငါးပါး တပေါင်းတည်းဖြစ်၊ အချိန်နဲ့ တပြေးညီ တပေါင်းတည်း ကုန်ဆုံးပျက်ဆီးနေတာချုပ်ပျောက်ပျက်ဆီးနေတာကို သဘောအသိကိုသိရင် ဒကာကြီးတို့စိတ်ဆင်းရဲစရာရှိသေးလား။ ပစ္စည်းဥစ္စာတွေချမ်းသာတာထက် တရား အသိလေး သိလာရင် အေးချမ်းတယ် ငြိမ်းချမ်းတယ်။ အခု လူတွေက ခန္တာကိုရှုကြပါတယ်။ ဒါပေမဲ့ စာခန္တာ ၊ အပြောခန္တာ၊ ပညတ်ခန္တာ၊ သဘောခန္တာလား။ မကွဲဘူး။ ရုပ်နာမ်ကို ရှုတယ်။ ဘယ် ရုပ်နာမ်လည်းမကွဲဘူး။ အပြောရုပ်နာမ်လား ၊သဘောရုပ်နာမ်လား။ စာခန္တာလား၊ အပြောခန္တာလား ၊ သဘောခန္တာလား။ မကွဲဘူး။ အနိစ္စ၊ ဒုက္ခ၊ အနန္တမှာ ငါနဲပြုတဲ့ အတ္တအနိစ္စ၊ အတ္တဒုက္ခ၊ အတ္တအနတ္တ္တ၊ အတ္တနဲ့ရှုမှတ်တာ တရားမရနိုင်ဘူး။ ဥာဏ်နဲ့မရှုလို့ တရားမရနိုင်ဘူး။ ငါနဲ့ မပြုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္ထ တရားရနိုင်တယ်။ ဥာဏ်နဲ့ ရှုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှ တရားရနိုင်တယ်။ သဘောအသိ၊ဓမ္မအသိလေးနဲ့ ဥာဏ်သိလေးနဲ့နေသွားရင် အရင်က မှားတာတွေ ထားတော့ပြန်လုပ်လို့မရဘူး။ ဒီနေ့ကစပြီး ပစ္စုပန်တည့်တည့် အရှိလေးနဲ့အသိလေး လမ်းကြောင်းလေး တည့်အောင် ခန္တာရဲ့ သဘောအသိ၊ ဓမ္မအသိလေးနဲ့ ဥာဏ်သိလေးနဲ့ နေသွားရင် ကိုယ့်ဘ၀ဟာ အေးချမ်းပြီ။
ဒကာကြီးတို့ ရာထူးတွေကြီးလာလေလေ ပြောမဲ့ပုဂ္ဂိုလ် ဆုံးမမဲ့ ပုဂ္ဂိုလ်နည်းလေလေ တကယ်ချစ်ခင်လေးစား တန်ဘိုးထားပြီးပြောပေးမဲ့သူရှားလေလေ။ ရာထူးဆိုတာမြဲတာမှမဟုတ်ဖဲဆိုပြီး တရားအသိလေးနဲ့ နေမယ် ဆိုပြီးမှတ်ပါ။သတိလက်လွတ်လို့ဖြစ်မှာလား။ကိုယ့်ကိုမြှောက်ပြောနေတာလား။ ငါ့ရာထူးအာဏာကိုပေါင်း နေတာလား။ ရာထူးကြီးတာလည်းကြီးတာဘဲ။တိုင်းပြည်အတွက်လုပ်တာလည်းလုပ်တာဘဲ။ တရားအသိကို လက်လွတ်ခံလို့ဖြစ်ပါ့မလား။ ဆရာတော်ကသာပြောတာ တပည့်တော်တို့က အလုပ်များတယ်လို့ ပြောကြတယ် လေ။ အလုပ်ကများတာလား အစွဲများတာလား။ တချိန်မှာ အလုပ်ဘယ်နှစ်ခုလုပ်နိုင်လဲ။ တစ်ခုဘဲလုပ်နိုင်တယ်။ အလုပ်များနေတာထက် အစွဲကများနေတာ။ အစွဲကမသိလို့စွဲတာ။ သဘာဝအရှိတွေကို အသိလေးတွေနဲ့ အသိမှန် အမြင်မှန် နှလုံးသွင်းမှန်ဘို့အရေးကြီးတယ်။
ခန္တာ(၅)ပါး၊ ရုပ်နာမ်(၂)ပါးကို သဘောအရှိ၊ သဘာဝအသိ၊ ဓမ္မအရှိလေးတွေကို သဘာဝကျကျ အသိမှန်၊ အမြင်မှန်၊နှလုံးသွင်းမှန်ဆိုတဲ့(၃)ချက်နဲ့ နေမယ်ဆိုရင်၊ အရတော်စွ လူ့ဘ၀။ သာသာနာနဲ့ တွေ့ရကျိုး၊ ဆုံရကျိုးနပ်တဲ့သူတွေဖြစ်မှာပေါ့။ အသိမှန်တာကသမာဒိဌိ၊ အမြင်မှန်တာဝိဇ္ဇာဥာဏ်၊ နှလုံးသွင်းမှန်တာက ယောနိသော၊မနသိကာရဖြစ်နေတော့။ ကိုယ့်ကိုကိုယ်တိုက်လိုက် ငါဟာရာထူးကြီးလာတာနဲ့အမျှ မာနတွေကြီး လာသလားလို့။ ရာထူးကြီးလာတာနဲ့အမျှ မာနတွေကြီးတယ်။ အတ္တကြီးလာတယ်။ မောက်မာတယ်ဆိုရင် မဟုတ်သေးဘူးနော်။ ရာထူးကြီးတယ် အသက်ကြီးတယ် ခန္တီအားကြီးလာရမယ် မေတ္တာအားကြီးလာရမယ်၊ သီးခံအားကြီးလာရမယ်၊ ခင်ဗျားတို့က လူကြီးတွေဆိုတော့ သူများကလာပြောရင်ကြိုက်မှာမဟုတ်ဖူး။ ဘယ်သူကိုဘယ်သူကဆုံးမ။ ကိုယ့်ကိုကိုယ်ဆုံးမ။
အဲဒီလိုဆုံးမပြီးကောင်းသထက်ကောင်းအောင်မိမိတို့ဘ၀စိတ်လဲချမ်းသာ ကိုယ်နဲ့နီးစပ်တဲ့သူတွေလည်း စိတ် ချမ်းသာအောင် အဲဒီလိုနေသွားနိုင်ရင်မကောင်းဘူးလား။ မွေးနေ့ကိုအကြောင်းပြု ကောင်းမှုကုသိုလ်လုပ်ပြီး ငါတို့ကိုယ်ချမ်းသာ၊စိတ်ချမ်းသာသာနဲ့သာ၊သာသနာ့အကျိုးဆောင်ရွက်သွားရင်ပြောစရာရှိဦးမလား။ လိုလေသေးရှိဦးမလား။အဲဒီအတိုင်းနေသွားရင်အဆင်ပြေပြီပေါ့ မိမိတို့ပစ္စုပ္ပန်လည်းချမ်းသာ သံသရာလည်း ချမ်းသာအောင်၊ ယခုအချိန်ကစပြိး မဂ္ဂရောက်ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင်၊ ကိုယ်၏ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ယခုဘ၀ ယခုအခါမှ စပြီး နိဗ္ဗာန်ဝင်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေ။
(သာဓု သာဓု သာဓု)

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts