Saturday, July 28, 2012

အစ-မ ကုသိုလ်ကို စိတ်အားစိုက်ပြီး အဆုံး-မ ကုသိုလ်ကိုကား ပါးစပ်နှင့်တောင်း ကိုယ်ပေါင်းစိတ်ခွာ။

လူသာမန်၊ နတ်သာမန်တို့ကား ကောင်းမှန်းလည်း သိကြ၏။ ဆုံးမှာဘာဆိုတာလည်းရိပ်မိကြသည်။ သို့တစေလည်း ဆုံးလျင်ကောင်းမည့် ထိုနိဗ္ဗာန်ကို လက်ရှိခံစားလက်စ သွေးထွက်မျှ ကောင်းခွင့်ရသော သွေးပျက်ကောင်းနှင့် မလဲဝံကျသဖြင့် ဆန္ဒသာပေးပြီး လူရွေးမခံလိုကြချေ။

သို့ကြောင့် ဓမ္မနိဗ္ဗာန်အစား ကာမနိဗ္ဗာန်သာ ဦးခိုက်နေကြလေကုန်၏။ စွန့်စွန့်စားစား အသက်ကိုလည်း မငဲ့၊ ရမ္မက်ကိုလည်းဖျက်ချိုး၊ ဈာန်ယာဉ်ကို တဟုန်ထိုးနှိုး နိဗ္ဗာန်၏ကျည်းကုန်းထက် တက်မိကြလေကုန်သော အာဇာနည်ကောင်းကြီးများနှင့် ပက်ပင်းတွေ့ တွေ့သော်ကား-

ဘုရားတပည့်တော် မြင့်မြတ်သော အမျိုးတို့ လူဖြစ်ရပြီး ကောင်းကျိုးသာပွား ကောင်းမှုမျိုးစေ့များကိုသာ စိုက်ပျိုးကျဲချနိုင်သည့် ကိုယ်ဖြစ်ရပါလို၏ ဘုရား။

သို့လျင် အစ-မ ကုသိုလ်မျိုးကိုသာ စိတ်အားစိုက်ကြလေကုန်၏။ အဆုံး-မ ကုသိုလ်မျိုးကိုကား မတောင့်တကြလေ။ ပါးစပ်တောင်း တောင်းသော်မှလည်း ကိုယ်ပေါင်းစိတ်ခွာမျှသာတည်း။

ထိုတွင် ကာမအကျိုးကိုသာ ပေးစေတတ်သော ဒါနစသည့် ကံကုသိုလ်ကား အစ-မသာ လမ်းကုန်၏။ ဗြဟ္မာ့ဘုံသို့သာ ပို့လွှတ်တတ်သော အာရုံတည်ဈာန်ကုသိုလ်ကား တစ်ဝက်-မ သာ လမ်းဆုံး၏။ နိဗ္ဗာန်သို့ ခိုလှုံခွင့်ရစေသော ဖြစ်ပျက်မြင် ဥာဏ်ကုသိုလ်သည်သာ အဆုံး-မ မည်၏။ သို့ကြောင့် လူသာမန်တို့သည် အရိယာအစားစားတို့၏ အဆုံးမခံယူကြပါသည် ဆိုသော်လည်း စင်စစ် ထိုအဆုံးမထိ မခံသူဖြစ်ကြလေပြီ။

သြကာသချီဆိုရိုးကို နှုတ်ကျိုးသဖြင့် ဖားအော်သလိုဆိုနေယုံမျှ

ထိုကာမကြောဖွား ကာမတောသားများသည် ဗုဒ္ဓဘာသာတို့၏ မူဝါဒလမ်းစဉ် ကြွေးကြော်ချက်ဖြစ်သော သြကာသချီဆိုရိုးကို နှုတ်ကျိုးသဖြင့်သာဆိုနေကြကုန်၏။ ဆိုကျင့်ပါနေသဖြင့်သာ မိုးဦးကျရာသီချိန် ဖားအော်နည်းပမာ ဆိုနေကြလေကုန်၏။ ထိုသြကာသ တပုဒ်လုံးဆုံးသော်မှ ဘုရားနားစိတ်မရောက်။ တရားနောက်စိတ်မပါ။ သံဃာမှ စိတ်မထားမိကြလေရကား နိဗ္ဗာန်၏ အငြိမ်းဓာတ်ကြား သွားဖူးယုံမျှပင် မရှိကြတော့ပြီ။

ရှင်တော်မြတ်ဘုရားမှာမူကား ကောင်းသောနိဗ္ဗာန်၏ ၀ိမုတ္တိရသ(ကာမအာရုံနှင့် ခန္တာ့ဒုက္ခတို့မှ အလွတ်ရ သဖြင့် အလွန်အေးမြ ကြည်သာသော အရသာ)ကို ကိုယ်တော်တိုင် ထိုးထွင်းသိဖြင့် အသိကြီးသိ အရှိကြီးရှိ တော်မူပြီး ဖြစ်သည့်အားလျော်စွာ အချိန်စက္ကန့်မခြား မနားတန်းလျှင်လို ထို နိဗ္ဗာန်မြို့တော်ဆီသို့သာ စိတ်တော်ကို ပို့လွှတ်ထား၏။ လူသာမန်တို့အား အချိန်စက္ကန့်မခြား နည်းနည်းလေးမျှပင် မနားဘဲ သေမင်းငင်ရာ သင်္ချိုင်းဆီသို့သာ သွားနေကြပါ၏။

အိပ်မောကျရင်းက ဘယ်သွားနေကြပါသလဲမေး။ (သချုင်္ိင်းကုန်းသို့ဘဲ)

နိုးထရင်းက ဘယ်သွားနေကြပါသလဲမေး။(သချုင်္ိင်းကုန်းသို့ဘဲ)

စားရင်းက ဘယ်သွားနေကြပါသလဲမေး။ (သချုင်္ိင်းကုန်းသို့ဘဲ)

နားရင်းကဘယ်သွားနေကြပါသလဲမေး။ (သချုင်္ိင်းကုန်းသို့ဘဲ)

မည်သည့်အချိန် မည်သို့နေနေ လူကသာနားမည်။ သချုင်္ိင်းသွားကား မနားလေ။

ရှင်တော်မြတ်ဘုရားမှာမူကား မည်သည့်အချိန် မည်သို့နေနေ နိဗ္ဗာန်အသွားကား မရပ်နားလေ။ ကိုယ်တော်ဆောင်မြဲ ဗုဒ္ဓကိစ္စတို့ကို ပြုကျင့်တော်မူ စိတ်တော်ကား ၄င်း၏ ရပိုင်ခွင့်ဖြစ်သော နိဗ္ဗာန်၏ ၀ိမုတ္တိရသခံယူရန်အတွက် နိဗ္ဗာန်သို့သာ စေလွှတ်ထားရချေ၏။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရတနာစစ်တမ်း(စာ-၂၇၄-၂၇၅)မှ ကောက်နှုတ်ဖော်ပြပါသည်။

bamawkhemarsiri@gmail.com

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts