Wednesday, July 4, 2012

ထူးခြားသော စိတ်စွမ်းအင်-၁ (ရေဆင်း)

၁၉၉၇ ခုနှစ်၊ ဧပြီလထဲတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သုဝဏဏ်လျံတောင်မှ လားဟူ လီရှောများ နှင့်အတူ ဆရာတော်ဘုရားကြီး ပျဉ်းမနားသို့ကြွလာ သည့်နေ့ဖြစ်ပါသည်။ပျဉ်းမနားနှင့် ရေဆင်းသည် (၁၃)မိုင်ခန့်ဝေးပါသည်။ ပျဉ်းမနားမရောက်မှီ ဆရာတော် ဘုရားကြီးနှင့် အဖွဲ့သည် ရေဆင်းသို့ ၀င်ပါသည်။ ကျမ၏ ဆရာဖြစ်သူ ဒေါက်တာမြသွင်နှင့်ဇနီး ဒေါ်ခင်ခင်ဆွေ တို့သည်ကား ဆရာတော်ဘုရားကြီး၏ သင်္ကန်းကျွန်းမှ ဒကာ ဒကာမအရင်းအခြာများဖြစ်ရာ ၄င်းတို့မှ ရေဆင်းတွင် တရားချီးမြှင့်ရန်လျောက်ထား သဖြင့် တရားချီးမြှင့်ရန်ကြွလာခြင်းဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး တရားမဟောမှီ ကျမတို့ စုဝေးခန်းမအနီးမှ အခန်းတွင် ဆရာတော်ဘုရားကြီးခဏ နားနေပါသည်။ ထိုအခါ ဖွားဖွားကြီး (ဒေါ်ခင်ခင်ဆွေ၏မိခင်)၊ မမဆွေတို့သည် သင်္ကန်းကပ်လှူပါသည်။ ကျမသည်လည်း ဖွားဖွားကြီးပြီးလျင် ကျမကပ်လှူမည်ဟူပြီးစောင့်နေပါသည်။ ဖွားဖွားကြီးနှင့် ဘုန်းဘုန်းကြီးတို့စကားပြောနေကြပါသည်။ ကျမသည်လည်း စိတ်ထဲမှ (ဘုန်းဘုန်းတို့ရအပ်သောတရားအား ရရပါလို၏ အရှင်ဘုရား)လို့ အကြိမ်ကြိမ်ဆုတောင်းနေမိပါသည်။ ဆန္ဒဗလေန -ဆန္ဒသည်အားဟုကြားဖူးထား သည်က တကြောင်း အကြိမ်ကြိမ်ဆုတောင်းလျင် အခုဘ၀မရလျင် နောက်ဘ၀တွင်ရလိမ့်မည် ဟုခံယူထားသည်ကတကြောင်း စိတ်ထဲမှ ထပ်ခါထပ်ခါတောင်းမိပါသည်။ ထိုစဉ်ကမိမိအသိသည် ယခုတော့ ကွာခြားသွားလေပြီ ဆုတောင်းတိုင်းမရ ကိုယ်တိုင်ကျင့်ကြံမှသာ ရနိုင်သည် ယခုဘ၀မရသော် ပါရမီဖြစ်သည် ကို သိသွားသောကြောင့် ဖြစ်ပါသည်။

ထိုအခါ ဆရာတော်ဘုရားကြီးမှ ဘာမပြော ညမပြော (တောင်းတဲ့ဆုကတော့ အမြင့်ကြီးဘဲ။ ဟုတ်တိပတ်တိ သေသေချာချာ မလုပ်ဖဲနဲ့) ဟု ကောက်ခါငင်ခါ မိန့်လာသည်။ ကျမသည် လန့်ဖြတ်သွားပါသည်။ အမှန်တကယ် ကျမလှူမည့်အလှည့်သို့ရောက်သော် ကျမသည် ဘာကိုမှဆုမတောင်းမိတော့။ ကျမစိတ်ထဲဘာဖြစ်နေသည်ကို သိနေသော ဆရာတော်ဘုရားကြီးအား ကြည်လည်းကြည်ညို အားလည်းကျ အကုန်ုသိနေတာဘဲဟုဆိုကာ လန့်သွားမိပါသည်မှာအမှန်ဖြစ်ပါသည်။

သို့သော် ကျမကံကောင်းပါသည်။ ဆရာတော်ဘုရားကြီး ဆွမ်းဘုန်းပေးပြီးသော် တစုံတဦးသည် ကျမအား ဆရာတော်ဘုရားကြီး သပိတ်အားလက်ထဲထိုးပေးပြီး၊ ကဲသပိတ်ဆေးပြီး ကုသိုလ်ယူဟု ပြောလေသတည်း။ ကျမ၏ ပီတိကား တစိမ့်စိမ့်သာတည်း။ ကျမဘ၀မှာ ဘယ်သောအခါမှမေ့နိုင်မည် မဟုတ်ပါသော စိတ်ကိုနိုင် သော် မနောပိုင်သည်ဟူသော သက်သေပေတည်း။ ၂၀၁၂ မတ်လထဲတွင် မဟာမြိုင်ရောက်ခဲ့ပြီး ဆရာတော့် အခွေများကို နာယူရသောအခါ အမှတ်သတိကြောင့် အတွေးမရှိခြင်း၏တန်ဘိုးကားကြီးမားဘိခြင်း။ နိဗ္ဗာန်တိုင်အောင်ပါတကားဟု။ စိတ်ဖြူစင်လေ အရောင်ထွက်လေလေ စွမ်းအားကြီးလေလေပါလားဟု။

======================

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts