မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ရန်ကုန်ကနေ ပျဉ်းမနားကို ကြွမယ်ဆိုတုံးက၊ ဆရာတော်ဘုရားကြီးလည်း ကြွရော ငိုလိုက်ကြတာဗျာ။
ရန်ကုန်ကအဖွဲ့တွေ အင်းဒီလောက်တောင်ဘဲလားလို့ စိတ်ထဲမှာဖြစ်မိတယ်။ အဲဆရာတော်ဘုရားကြီး
ပျဉ်းမနားကနေ သာစည်ရွှေကျောင်းကုန်းတောင်ကြွမယ်ဆို တော့ ကျနော့်တမိသားစုလုံးက ငိုလိုက်ကြတာ
အိမ်ကို မသာအိမ်ကျနေတာဘဲဗျာလို့ ဒီတော့ ကျနော်တော့ ၀ဋ်လည်တာဘဲလို့ တွေးမိလိုက်တယ်လို့
ဆရာဦးထွန်းဝေက ဆိုပါတယ်။ အဲ သာစည်ရောက်တော့လည်း မနက်ကြွမယ်ဆိုတာသိတော့ မနက်အာရုံဆွမ်းကပ်မဲ့သူတွေကို
အရိပ်အမွက်ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ ကမရိပ်မိဘူး။ စွတ်ကြီးမနက်အာရုံကပ်ဖို့ပြောနေတယ်။
ဒီတော့ ကျနော်လည်း ဂျပန်ကလာတဲ့ ဖျော်ရည်အကောင်းစားကို ထည့်ကပ်လိုက်ဆိုပြီး ပေးထားလိုက်တယ်။
နောက်ရက် ဆရာတော်ဘုရားကြီး မိုင်းဖုန်း သုဝဏ္ဏသျှံတောင်ကို ကြွရော ငိုလိုက်ကြတာဗျာတဲ့။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ပျဉ်းမနားကနေ သာစည်ကိုကြွတုန်းက ကျမတို့လည်း ရွှေကျောင်းကုန်း တောင်အထိလိုက်ပို့ကြတယ်။
တကယ်တော့ ဆရာဒေါက်တာမြသွင်နဲ့ မမဆွေနဲ့ခေါ်သွားလို့ပါသွားတာပါ။ ဒါပေမဲ့ ကျမတို့က ပျော်တာဘဲသိတယ်။
ဆရာတော်ကြီးရဲ့လက်လုပ်တောင်ကျောင်းရောက်ရင် ဆွမ်းလောင်းရင်လည်း မမဆွေနဲ့ ဦးလိုက်ရတာ
နောက်ဆုံးက ၊ နောက်ဆုံးလောင်းတဲ့ ဆွမ်းမှ သပိတ်ထဲပါမှာကိုး။ ဘာတွေညာတွေ အာရုံတောင်မပြုမိပါဘူး။ စိတ်ကလည်း ဆွမ်းလောင်းနေတုံးလေးဘဲ ငြိမ်တယ်ထင်တာဘဲ။ တောင်ပြေးလိုက်မြောက်ပြေးလိုက်။ အသက်ကလည်းငယ်သေးတော့ ဖြတ်လတ်တက်ကြွနေကြတယ်။ ဆရာတော်ဘုရားကြိး ဆွမ်းခံတဲ့နောက် ဘေးကနေ အပြေးအလွှားလိုက်ဖူးလိုက်ရနဲ့။
ပျော်နေတာဘဲ။ ဆရာတော်ဘုရားကြီးက ၀ိဇ္ဇောဓါရ ဓမ္မရုံပေါ်မှာတရားဟောရင်လည်း ဒီကအပြန်ရွာရောက်လို့
အိမ်မှာမြေးလေးက သူများနဲ့ရန်ဖြစ်နေရင် မြေးဘက်ကပါမှာမဟုတ်လား အဖွားဆိုရင် ၊ ပရိတ်သတ်က
တသောသောရီကြ။ ၀က်သားစားပြီး ၀က်စွဲစွဲရင် ၀က်ဖြစ်မယ်ဗျ။ ကြက်စွဲစွဲက ကြက်ဖြစ်မယ်ဗျ။
တကယ်တော့ ချိုတာလေးနဲ့ပြီးသွားတာမဟုတ်လားဗျာ ဆိုရင် ရီကြ။
လမ်းဖို့ဆိုပြီးမြေသယ်လိုက်တဲ့အခါ
ဆရာတော်ဘုရားကြီးရဲ့ သွန်ဆွမ်းတွေစားပြီး ပျော်ကြ။ ငိုရကောင်းမှန်း မသိခဲ့ဘူး။ ရွှေကျောင်းကုန်းတောင်ကိုလိုက်သွားပြန်တော့လည်း
ကွန်ယက်တွေလိုဖြစ်နေတဲ့ မုန်တိုင်းဆည်က ကားလမ်းတွေကို တောင်ပေါ်ကနေကြည့်၊ မမဆွေရယ်၊
ဒေါ်ဖြူဖွေးရယ် ချက်ပြုတ်လာတဲ့ ငပိကျော်တွေ၊ ချဉ်ပေါင်ကျော်တွေနဲ့စားလိုက်သောက်လိုက်ကြ။
ဆရာတော်ဘုရားကြီးကို မမဆွေတို့မနက်ဆန်ပြုတ်ပြုတ် ကပ်တဲ့အခါ အိပ်ခြင်မူးတူးနဲ့ မမဆွေကို
ကူလုပ်ပေးကြရတယ်။ တောင်ပေါ်က ကျောက်တွေက ညနေဆို အပူပြန်လို့။ တောင်ပတ်လမ်းတွေက အတက်တုန်းက
ဘေးက သစ်ပင်တွေကို ဆွဲကိုင်တက်ခဲ့ရတယ်။ ဒါတွေကိုလည်း ပျော်နေတာပါဘဲ။ တကယ်တော့ ဆရာတော်ဘုရားကြီးရဲ့
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တွေကို သိပ်ပြီးနားမလည်သေးတာတွေအများကြီးပါနိုင်ပါတယ်။
အခုချိန်မှာ
အများကြီးနားလည်းသိရှိလာတဲ့အခါမှာ ဖူးခွင့်တောင်မရတဲ့အဖြစ်ပါ။ အဲဒီလို ဆရာတော်ဘုရားကြီး
တနေရာက တနေရာကြွသွားတာကို မငိုဖြစ်ပေမဲ့ ၊ ကျမငိုဖြစ်တဲ့အခါလည်းရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ကျမရဲ့ဆရာ ဒေါက်တာမြသွင်က နင်(ကျမကိုဆိုလိုသည်)နဲ့ ငါသမီးမဝေ(ဆရာ့သမီး ပျဉ်းမနားတွင်အိမ်ထောင်ကျနေသော ဝေသွင်ချို)နဲ့ ဆရာတော်ကြီးကို မဖူးရသေးဘူးနော်။ နင်တို့
၂ယောက်တော့ နာတော့မယ်။ အခုနှစ်မှာ ဆရာတော်ကြီးက တရားလည်းမဟောတော့ဘူး။ နောက်ပြီး သင်္ကန်းတွေ
ပစ္စည်းတွေလည်း အလှူမခံတော့ဘူး။ ဖယောင်းတိုင်နဲ့ အမွေးတိုင်လောက်ဖဲ အလှူခံတော့တယ်။ အလှူမခံတာကတော့
လှူဘွယ်ပစ္စည်းတွေကများလွန်းအားကြီးတော့ ကျောင်းတွေကို ပြန်လှူဘို့ မဟာမြိုင်တောကြီးထဲက
နေ သယ်ဖို့မလွယ်လို့ဘဲ။ နောက်ဆိုရင် ငါတော့ အဖူးတောင်မခံတော့ဘူး လို့ထင်တယ်လို့ပြောပါတယ်။
နင် ငါတို့ရန်ကုန်အဖွဲ့နဲ့လိုက်ခြင်လိုက် မလိုက်ခြင်ရင် ပျဉ်းမနားအဖွဲ့နဲ့ လိုက်သွား
အဲဒါကပိုအဆင်ပြေလိမ့်မယ်လို့ဖြစ်ပါတယ်။ ဆရာက အမာကြူတို့နဲ့ဆက်သွယ်ဆိုပြီး ပြောလို့
ကျမလည်း ဒေါ်အမာကြူကို စာရင်းစစ်ရုံးမှာသွားရှာခဲ့ရပါတယ်။
မဟာမြိုင်မသွားခင်မှာ
မသွားဖြစ်မှာစိုးလို့ ငိုလိုက်ရတာ နေ့ရှိသလောက်ပါဘဲ။ တနေ့ တနေ့ဘုရားခန်းထဲ ၀င်ဘုရားရှေ့မှာထိုင်ပြီး
ဆရာတော်ဘုရားကြီးကို တိုင်တည်ပြီး ငိုဖြစ်ပါတယ်။ ရွှေဘိုတုန်းက ဆရာတော်ဘုရားကြီးက အတိတ်ဘ၀က
ဆွေမျိုးတော်ခဲ့တဲ့ သူတွေက ရွှေဘို နတ်တလူတောရကို ရောက်လာ ကြတာလို့ မိန့်ဘူးခဲ့တဲ့အတွက်-
မဟာမြိုင်တောကြီးမှ ဒီတခါမှ မရောက်ရ မလှူရရင် ဒီဘ၀အတွက်တော့ နောင်ကို ဖူးမျှော်ခွင့်ရမှာမဟုတ်ဖူး
ဇတ်သိမ်းပြီလို့ စိတ်ထဲမှာခံစားရတဲ့အတွက် နေ့တိုင်းလိုလို ငိုဖြစ်ပါတယ်။ ဒါကြောင့်
ဆရာဦးထွန်းဝေပြောတဲ့ ကျနော့်တမိသားစုလုံးငိုလိုက်ကြတာဗျာဆိုတာ- ကိုယ်လည်း တနည်းနည်း
နဲ့တော့ ငိုခဲ့ရတာပါဘဲ။ သူများတကာတွေ မိုးမိတ်လိုက်သွားနိုင်ပေမဲ့ ကျမတို့မှာ မသွားနိုင်ခဲ့ဘူး။
လစာကလွဲ ပြီး ဘာမှဝင်ငွေမရှိတဲ့ ၀န်ထမ်းတစ်ဦးအနေနဲ့ ရှိသမျှအချိန်တွေကို အလုပ်ထဲမြုတ်နှံထားခဲ့ရတဲ့အတွက်
ခရီး တခါတခါထွက်ဖို့ကအစ မလွယ်အောင်ဖြစ်ပါတယ်။
ဆရာတို့မိသားစုကတော့
မပါဒါန်ကိုရောက်ဖြစ်အောင်ရောက်သွားပါတယ်။ မိုးမိတ်ကလူတွေအရမ်းကံကောင်း ပါတယ်။ ဒီလို
လွတ်လွတ်လပ်လပ်ဖွင့်ပေးတာ အင်မတန်ကြီးမားတဲ့ အခွင့်အရေးကြီးပါဘဲ။ ဆရာတော် ဘုရားကြီးဟာ
မိမိရဲ့ စရဏကိုထိခိုက်လာမယ်ဆိုရင် အင်မတန်ပြတ်သားတဲ့ ဆရာတော်ကြီးဖြစ်ပါ တယ်။ ဒါကြောင့်
ဒီလို လုံးဝအဖွင့်ဓါတ်ပေးပြီး မိုင်အဝေးကြီးကို ဆွမ်းခံပေးတဲ့ ချီးမြှင့်မှုများဟာ
မလွယ်ကူတဲ့ ရှားပါးအခွင့်အရေးတစ်ရပ်ဖြစ်လို့ မိုးမိတ်ကလူနတ်တွေ မမြင်ရတဲ့နာမ်လောကတွေဟာ
ရတနာထုပ်ကြီး အထုပ်လိုက်ကောက်ရတာပါဘဲလို့ တင်စားခြင်ပါတယ်။
ဒေါက်တာမြသွင်ကြိုတင်ခန့်မှန်းခဲ့သလိုပါဘဲ၊
မိုးမိတ်ပြီးတော့ ဆရာတော်ဘုရားကြီးဟာ ရွှေဘိုလည်း ရောက်ရော (ဒကာ ဒကာမတွေကို ငါ့ကျောင်းကို
မျက်စောင်းတောင်ထိုးမကြည့်နဲ့လို့)မှာလိုက်ပါတယ်တဲ့။ ဆရာတော်ဘုရားကြီးရဲ့ကျောင်းဝန်းတော်ဟာ
ဧက(၁၀၀)ကျယ်တယ်လို့ ဆရာဦးထွန်းဝေကပြောပြပါတယ်။ မိုးမိတ်မှာတုံးကလည်း မပါဒါန်ကျောင်းကိုဆောက်လှူတဲ့
ဒကာမကို ဆရာဦးထွန်းဝေက ဆရာတော်ဘုရားကြီး ဟာ ကြာကြာသီတင်းသုံးလေ့မရှိတတ်ကြောင်း၊ စိတ်ကိုအသင့်ပြင်နိုင်အောင်လို့
ကြိုတင်ပြီး ပြောပြထားပါ တယ်တဲ့။ ဒါပေမဲ့ ကျောင်းဒကာမက သမီးတို့ဆီမှာဆရာတော်ဘုရားကြီးနောက်ဆုံးဖြစ်မှာ။
သမီးတို့ ဆီမှာသီတင်းသုံးမှာနဲ့ ပြောတယ်တဲ့။ ဒါပေမဲ့ တကယ်လည်း ဆရာတော်ဘုရားကြီး ရွှေဘိုကို
ပြန်ကြွသွားရော၊ ရှေ့က ဒကာမတွေအတိုင်း ချုံးပွဲချငိုပါလေရောတဲ့။ တကယ်တော့ သူ့ကျောင်းစွန့်သွားလို့
မဟုတ်ပါဘူး။ ဆရာတော်ဘုရားကြီးကို အမှီပြုပြီး ရနိုင်တဲ့ ထူးမြတ်တဲ့ ကုသိုလ်ကိုပြုခွင့်မရလို့
ငိုကြွေးတာဖြစ်မှာ သေချာပါတယ်။ ရတနာထုပ်ကြီး ပိုင်ပြီ ဆိုပြီ ပျော်နေရက ရတနာထုပ်ကြီး
ရုတ်တရက်ပျောက်သွားတဲ့ ခံစားမှုမျိုးဖြစ်မှာသေချာပါတယ်။
ဆရာတော်ဘုရားကြီးကမိန့်ဘူးပါတယ်။
ခင်ဗျားတို့တကယ်ကျင့်မယ်ဆိုရင် မဟာမြိုင်ထဲလာစရာမလိုပါဘူး ။ အခွေတစ်ခွေထဲနဲ့လုံလောက်ပါတယ်တဲ့။(ဆရာတော်ဘုရားကြီးဟောထားတဲ့အခွေတစ်ခွေနားထောင်ပြိး
ကျင့်စေခြင်လို့ပြောတာဖြစ်ပါတယ်)။ သွားဖူးယုံဖူးပြီး ကျင့်ဖြစ်ကြရဲ့လားတော့မသိပါဘူး။ သူများတွေကိုလည်း မေးခြင်တယ်။ ကိုယ့်ကိုကိုယ်လဲ ဒီမေးခွန်းကိုပြန်မေးမိတယ်။
မပါဒါန်မှာ အခွေထဲမြင်လိုက်ရတာ မနည်းမနော လူထုကြီးပါဘဲ။ ဆရာတော်ဘုရားကြီးပြောသလို ဘုရား ဘုရားနဲ့ အုတ်ပုံတွင် လမ်းဆုံနေသလား။ တရား တရားနဲ့ ဆရာတော်ဘုရားကြီးထံတွင် လမ်းဆုံးနေရော့ သလားလို့။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး