Monday, January 27, 2014

အိုးဘိုဂူ ၀ါဆိုပန်းခူးထွက်ရာ တောရကျောင်း(ပျဉ်းမနား) နေပြည်တော်

အိုးဘိုဂူတောရကျောင်းတောင်ပေါ်ရှိ ၄ မျက်နှာ မြတ်ဗုဒ္ဓ ဆင်းတုတော်
အိုးဘိုဂူဆရာတော်ဘုရားကြီး ကျင့်ကြံအားထုတ်သွားသော တောင်နံရံမှ ဂူအ၀င်ဝ

ဂူအတွင်းရှိ ဘုရားဆင်းတုကို အပေါက်ဝိုင်းလေးထဲမှ ချောင်းကြည့်လျင် မြင်ရသည့်မြင်ကွင်း
လွန်ခဲ့သော(၈)လ လောက်မှ ပျံလွန်တော်မူသွားသော အိုးဘိုဂူဆရာတော်ကြီး ဦးက္ကုသရ၏ မှန်ခေါင်းသွားထားသော ဂူ
အိုးဘိုဂူကျောင်းမှ တံတားလေးအတိုင်းသွားလျင်မြင်ရသော နဂါးရုံဘုရား နဂါးမင်းမှာဘုရားဘက်သို့ ပါးပျဉ်းလှည့်ထားသည်

နဂါးရုံဘုရားအပေါ်တွင် ဘုရားအိုရှိရာ ထိုဘုရားသို့သွားသော လမ်းဟောင်း

ရပ်တော်မူဆင်းတုအား ကြည်ညိုဖွယ် ဖူးမျှော်ရစဉ်

နေပြည်တော်နယ်မြေတွင် ရှားရှားပါးပါးတွေ့ရသောာ တောရကျောင်းလေး

အိုးဘိုဂူတောရမှ လှမ်းဖူးမြင်ရသော ဥပ္ပန္တသတိ စေတီတော်
အိုးဘိုဂူတောရဆိုလျင် သူမပါလျင်မပြီးသော ဖိုးသက်ရှည်မျောက်ကြီး
ဒီတပတ်တနင်္ဂနွေတွင် သွားဖြစ်သောအိုးဘိုဂူတောရကျောင်းဖြစ်ပါတယ်။ ကျမအဓိကသွားခြင်တာက မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ကိုယ်ရေးရာဇ၀င်ထဲမှ လွမ်းတောင်ဖြစ်ပါတယ်။ အဲဒီလွမ်းတောင်ကအပြန် ပျဉ်းမနားမြို့သူမြို့သားတွေ ၀ါဆိုလကျလျင် တောပန်းလေးတွေအခူးထွက်တဲ့ အိုးဘိုဂူတောရကျောင်းကိုဝင်ခဲ့ပါတယ်။ အိုးဘိုဂူတောရ မူလဆရာတော်ဘုရားဦးက္ကုသရ ဆရာတော်ကြီးဟာ တောင်ပုလုဆရာတော်ဘုရားကိုယ်တော်တိုင်က ၀ိနည်းထိုရ်ဆရာတော်ကြီးလို့သတ်မှတ်ထားတဲ့ ဘ၀နတ်ထံပျံလွန်တော်မူသွားတဲ့ ရမည်းသင်းမြို့နယ်၊ ရန်ကင်းတောရ နဗူးကျင်းဆရာတော်ဘုရားရယ်လို့အမည်တွင်ခဲ့တဲ့ ဆရာတော် ဦးဇောတိက၏ ဆရာတော်ကြီး၊ ပျဉ်းမနား ထန်းတပင်တောရတွင် ၀ါဆို/။ ၀ါကပ်တောမူခဲ့တဲ့ ဆရာတော်ဘုရားကြီး ဦးတိသရ ရဲ့ ညီတော်အရင်းဖြစ်ပါတယ်။ မကြာခဏ ထန်းတပင်ရောက်ရင် ဆရာတော်ဘုရားကြီးရဲ့ ညီတော် လို့ ကြားခဲ့ရပေမဲ့ တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ ဆရာတော်ကြီးနဲ့ ညီတော်ဟာ လျှောက်တဲ့ လမ်းလည်း မတူဘူးလို့ သိရပါတယ်။ ဆရာတော်ကြီး ဦးတိသရကတော့ ၀ိနည်းကို အင်မတန်လေးစားပြီး ၀ိနည်းကိုထိပါးမယ်ဆိုရင် ဘယ်ဒကာ ဒကာမကိုမှ အားမနာတဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။
ဒီအိုးဘိုဂူတောရရောက်တော့ ဆရာတော်ဦးက္ကုသရဟာ လွန်ခဲ့တဲ့ (၈)လခန့်ကပျံလွန်သွားပြီလို့ သိရပါတယ်။ ယခင်က တောနက်ကြီးဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဥပါတသန္တိဘုရားသွားရာ လမ်းဘေးမှာရှိပေမဲ့ မုဒ်ဦးလမ်းကြားလေးကနေ အထဲကိုတော်တော်ဝင်ခဲ့ရပါတယ်။
ထူးထူးခြားခြား တောရကျောင်းလေးတွေကို တောနက်ကြီးထဲမှာ တွေ့သလိုတွေ့မြင်ရပါတယ်။ ဆရာတော်ကြီး ကျင့်ကြံအားထုတ်သွားတဲ့ ဂူကိုလည်း တွေ့ရပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်ကို မှန်ခေါင်းနဲ့ ပူဇော်ထားပေမဲ့ မှန်ခေါင်းကို ပြန်ငုံထားတဲ့ ဂူက နိမ့်လည်းနိမ့် မှန်ခေါင်းကို ပြန်ငုံထားတဲ့ ဂူက မှန်ခေါင်းနဲ့ သိပ်ကပ်နေတဲ့အတွက် အထဲကို ဘာမှ မမြင်ရအောင်ဖြစ်နေပါတယ်။
ရုပ်ကလပ်တော်ကို နဂိုပဂတိမပျက် ပူဇော်ထားတယ်လို့ ယူဆရပါတယ်။ ဆရာတော်ဘုရားကြီး ဦးတိသရက တော့ ပြန်လွန်တော်မူတာ (၇)နှစ်ခန့်ရှိပါပြီ။
အဲဒီမှာ အဆိုတော်မေဆွီ ရဲ့ မိခင် ဖခင်တို့လှူထားတဲ့ တံခွန်တိုင်ကိုလည်းတွေ့ရပါတယ်။ ထူးခြားတာတခုက မျောက်ကြီးပါဘဲ။ အိုးဘိုဂူရောက်လျင် ဒီမျောက်ကြီးက တော်တော်ဆိုးတယ်ဆိုတဲ့ သတင်းကိုကြားဖူးကြတော့ မျောက်ကြီးကိုကြည့်ဖြစ်အောင်သွားကြည့်ကြတယ်တဲ့လေ။ ကျမကြည့်လိုက်တော့ သူကြည့်ရတာ သခင်မရှိတော့ စိတ်ပျက်နေပုံပါဘဲ။ သခင်ဖြစ်တဲ့ ဆရာတော်စကား ကိုသာနားထောင်တယ်လို့လည်းသိရပါတယ်။
အိုးဘိုဂူဘုရားရဲ့ ၄ဖက် ၄တန်မှာတည်ရှိကိုးကွယ်ထားတဲ့ ရပ်တော်မူဘုရားရှင်၏ ရုပ်ပွားတော်များက တော့ အင်မတန်မှ ကြည်ညိုဘွယ်ဖြစ်ပါတယ်။
ကျမတို့ (၃)ယောက်လည်း ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်းများလုပ်ရင်း ကုသိုလ်ယူပြီး ပြန်လာခဲ့ကြပါတယ်ရှင်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts