၁၉၇၅ ကျမတို့စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ်က
အင်မတန်ထူးဆန်းတဲ့ တဘောင်တခုကို ပျဉ်းမနားသူဖြစ်တဲ့ ကျမသူငယ်ချင်းဆီက ကြားခဲ့ရဘူးပါတယ်။
ဒါကတော့ နေရောင်ပြအင်းနေရာတွင် ကြက်ပျံမကျ စည်ကားမည် ဆိုတဲ့ တဘောင်တခုဖြစ်ပါတယ်။ ဒီလိုနဲ့
မေ့မေ့ပျောက်ပျောက်နေလိုက်မိပါတယ်။
၁၉၉၈ ခုနှစ်မှာ ကျမဟာ e-government သင်တန်းကို ရန်ကုန်၊
ဆက်သွယ်ရေးသင်တန်းကျောင်း လင်းစတောင်း၊ ဗိုလ်တစ်ထောင်မှာ အရပ်ဖက် ၊ တပ်မတော်ဖက်မှ နိုင်ငံတော်ဝန်ထမ်းများနှင့်တက်ခွင့်ရတဲ့အခါ
ပျဉ်းမနားမြို့နယ်ကို Centeral Command (အလယ်ပိုင်း စစ်ဌာနချုပ်) အဖြစ်တည်ဘို့ လုပ်ဆောင်နေတဲ့
တည်ဆောက်ရေးဘက်မှာ လုပ်ကိုင်ဆောင်ရွက်နေတာကို သင်တန်းလာတက်တဲ့ တပ်မတော်အရာရှိများက ပြောလာပါတယ်။
ဒီတည်းကနေပြီး
နေပြည်တော်ဆိုတာ တနေ့တခြား မျက်စေ့ရှေ့တင် အဆောက်အဦ တွေက မှိုလိုပေါက်လာကြသလို ရန်ုကုန်က
ရုံးတွေကလည်း တဖြေးဖြေးနဲ့ရွေ့လာလိုက်တာ ယခုဆိုရင် မြို့တော်ရဲ့ ဂုဏ်အင်္ဂါအပြည့်ဖြစ်လာပါတော့တယ်။
တဘောင်က
ဘယ်တုံးကစပေါ်လို့ ဘယ်တုံးက စခဲ့မှန်းမသိပေးမဲ့ ကျမတို့ စိုက်ပျိုးရေးတက္ကသိုလ်ပထမနှစ်မှာ
စတင်ကြားခဲ့ဘူးတဲ့တဘောင်ဟာ အနှစ်(၃၀)ကျော်လာတဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ နေရောင်ပြအင်းဘုရားကြီး
ဘေးပတ်ဝန်းကျင်တွေဟာ တနေ့ထက်တနေ့ ကြက်ပျံမကျစည်ကားလာပြီး နိုင်ငံတကာအဆင့်မှီအဆောက်အဦများနဲ့စည်ကားပြီး
(၂၇)ကြိမ်မြောက် ကျွန်းဆွယ်အားကစားပွဲကိုတောင် ကျင်းပပြီးသွားပြီဖြစ်ပါတယ်။
ကျမဟာ
နေရောင်ပြအင်းဘုရားကြီးကို (ခရစ်စမတ်နေ့ ၂၅-၁၂-၂၀၁၃)နေ့မှာ ဖူးမျှော်ဘို့ရောက်သွားပါတယ်။
ရောက်ရချင်းအကြောင်းကလည်း ကျမရဲ့ဆရာမ ဒေါ်ရင်မေကနေပြီး ထိုဘုရားကြီးတွင် မနက်(၂)နာရီလောက်
ပျဉ်းမနားက သွားပြီးအလုပ်လုပ်ပေးခဲ့ရကြောင်း၊ ထိုစဉ်အခါက ဆရာတော် ဦးခေမိန္ဒ(လက်ရှိ
ကျောင်းထိုင် ဆရာတော်)သည် ဖူးခွင့်မပေးကြောင်း၊ မနောဖြင့်လျှောက်ထားရာ မနောရနေသည့်
ဆရာတော်ဖြစ် ကြောင်းပြောပြထားသဖြင့် အနည်းငယ်စိတ်ဝင်စားကာ ရောက်အောင်သွားခဲ့ခြင်းဖြစ်ပါသည်၊
တကယ်တော့
နေရောင်ပြအင်းစတည်ဆောက်စဉ် လွန်ခဲ့သော အနှစ်(၁၅)နှစ်ခန့်က စိုက်ပျိုးရေး တက္ကသိုလ်ရုက္ခဗေဒဌာနမှ
ဆရာမဒေါ်မြရွှေသည် မကြာခဏ ကျမအား ဘုရားလုပ်အားပေးခေါ်သော်လည်း ကျမသည် တကြိမ်တခါမှ မလိုက်သွားမိ။
နေပြည်တော်သို့ ရေဆင်းမှ တာဝန်အရ သွားခဲ့သောအခါ လမ်းဘေးမှ နေရောင်ပြအင်း ဘုရားအဝေးမှ
ဖူးမျှော်ရပါသည်၊ ယခုကား ဘုရားကြီးပင် ပြိးသလောက်ဖြစ်နေပြီ။
လက်ရှိကျောင်းထိုင်ဆရာတော်မှာ
ဦးခေမိန္ဒဖြစ်ပြီး၊ ဆရာတော်သည်ပျော်ဘွယ်ဘက်မှ ဖြစ်သည်ဟုသိရပါသည်။ ဆရာတော်သည် ပျော်ဘွယ်မှ
နာမည်ကြီး(သွားတစ်ချောင်းဆရာတော်)၏ တပည့်ဖြစ်သည်ဟုသိရပါသည်။ ဆရာတော်သည် အပ်ချည်ကြိုးနှင့်
ထီးတင်သည်ဟုလည်း သိရှိရပါသည်။ ကျမကိုပြောပြသော ဒေါ်မြ၀င်းသည် အပ်ချီကြိုးကို နှစ်တန်းပြုလုပ်လျက်
ထီးတော်ကို အပ်ချည်ကြိုး နှစ်တန်းတွင် ခွလျက် တင်သွားသည်ဟု မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့ဝင်
သူမက မိမိ ထီးတင်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ရသဖြင့် မျက်မြင်ကိုယ်တွေ့တခုကို ဖောက်သည်ချပါတော့သည်။ဆရာတော်နှင့်
အတူတကွ လိုက်ပါလာသော အဘမှာ ဦးတင်အောင်ဖြစ်ပါသည်။ အဘဘိုးမင်းခေါင်မှ ဓါတ်ချသဖြင့်
၁၃၆၁ ခုနှစ်မှစတင် (လွန်ခဲ့သော ၁၅ နှစ်မှ စတင်ပြီး)ရောက်လာခဲ့ခြင်းဖြစ်ပါသည်။ ဆရာတော်နှင့်
အဘဦးတင်အောင်တို့သည် ဂန္ဓရီလိုင်းမှဖြစ်သည်ဟု အဘဦးတင်အောင်မှ ရှင်းပြပါသည်။
မြတ်စွာဘုရားသည်
ကောသမ္ဘီပြည်တွင် သံဃာများ ၀ိဝါဒဓိကရုဏ်းဘေးကြီးဖြင့်
နှိပ်စက်လေရာ ပလလဲတောမှာ ၀ါဆိုတော်မူသည်။ ထိုစဉ် အလုပ်အကျွေးမထားဘဲ ပလလဲဆင်မင်း၏ လုပ်ကျွေးခြင်းကို
ခံတော်မူခြင်းဖြစ်ပါသည်။ တနေ့သောအခါ ဟိမ၀န္တာတောမှစတင်ပြီး တောတောင်အရပ်များကို ၀နစာရီကြွချီတော်မူရာ
တမ္ဓဒီပမည်သော မြန်မာပြည်ကြီးကို ဆိုက်ရောက်တော်မူလာပါသည်။
ပထမရှေးဦးစွာ
တောင်ငူမြို့တော်၏ အရှေ့မြတ်စောညီနောင်တောင်တွင် ခေတ္တရပ်တန့်မူပြီးလျှင် ပလဲဆင်မင်းနှင့်
အတူ၊ နေရောင်ပြ အရပ်တွင်ဆိုက်ရောက်တော်မူရာ ကုန်းအပြန့်နှင့် ကြာအင်းကြီးတစ်ခုကို တွေ့တော်မူပါသည်။
ပလလဲဆင်မင်းသည်
ကြာမျိုးငါးပါးနှင့်ပြည့်စုံသော နေရောင်ပြအင်းကို မြင်ရာ ၀မ်းမြောက်လျက် နေသန့်တော်မူပါရန်
လျှောက်ထားသောအခါ မြတ်စွာဘုရားသည် နေကထိုင်ကိုခင်းလျက် ထိုင်သီတင်းသုံးတော်မူသောနေရာဟု
ရာဇ၀င်အလာရှိခဲ့ပါသည်။
တချို့သည်နေရောင်ပြအင်းဘုရားထီးတင်ပြီးလျင်
ဘာဖြစ်မည် ညာဖြစ်မည်စသည် ကောလဟာလများကို လွင့်လျက်ရှိသည်ကိုလည်း ကြားနေရပါသည်။ လွန်ခဲ့သော
နှစ်(၃၀)ကျော်တဘောင်နှင့် စာအုပ်အလာ နမိတ်ဖတ်ချက်များမှာ အားလုံးအကောင်းချည်းသာဖြစ်ပြီး
အဆိုးတခုမျှမပါပေ။ ထန်းတပင် ၊ လယ်ဝေးနယ်စပ်တွင် ၀ါလာဆိုလေ့ရှိသော မယ်အောင်ကန်အနီး နဘူးကျင်းဆရာတော်ဘုရားကြီးသည်
မပျံလွန်မှီက မကြာခဏ တနေ့တွင် ဒီနေရာတွေက တိုက်တွေဖြစ်လာမယ် မြို့ကြီးဖြစ်လာမယ်ဟု မိန့်ဘူးရာ
မိန့်သည့်အတိုင်း တောရကျောင်းများသည် ဟော်တယ်ဇုံများအလယ်တွင် ဖြစ်ကုန်ကြသလို ပတ်ပတ်လည်
တွင် တနေ့တခြား တိုက်တာများဝိုင်းပတ်လာချေပြီ။
တဘောင်တို့ဖြင့်ထူးခြားလှသော
နေရောင်ပြအင်းကြီးသည် ယခုအခါကောစပြနေပြီ။ ဘုရားကြီးကား နှစ်ကြာမြင့်စွာတည်ထားရပေသည်။
ထီးတော်ကားမတင်လှူရသေး။ ဆရာတော်ကား လူတွေ့သိပ်မခံ၊ အဖူးခံသောအချိန်ကား မနက် ၁၀း၃၀ တွင်ဖြစ်သည်။
ကျမတို့သွားသည့်နေ့က အဘကြီး ဦးတင်အောင်က တခုပြောပြပါသည်- ဒီနေ့ဆရာတော်ဘယ်လိုဖြစ်သည်မသိ
အဖူးခံတာ(၄)ကြိမ်ရှိသွားပြီ ထူးထူးဆန်းဆန်းဟု ပြောပြပါသည်။ ကျမကား ဆရာတော့်ပုံကို မနောဖြင့်သာ
ခွင့်ပြုချက်တောင်းပြီးရိုက်ဖြစ်ခဲ့ပါသည်။
(၄)
ပုံတွင် တပုံသာ ပုံပေါ်ပါသည်။ သို့သော် ဆံပင်ရှည်နေသည့်အတွက် သူတော်ကောင်းကို ကဲ့ရဲ့မိသော်
အပစ်ဖြစ်မည်စိုးသဖြင့် မတင်လိုက်ခြင်းဖြစ်ပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး