ယခုတလော ရုံးအလုပ်တွေနဲ့ရှုတ်ထွေးလို့နေပါတယ်။
တနေ့တာ ဖြတ်သန်းရတာဟာ အကုသိုလ်ဖြစ်မှု နည်းပေမဲ့ စိတ်ပင်ပန်းမှုလေးတွေတော့ အနည်းငယ်ရှိလို့နေပါတယ်။
ဒီနေ့လည်း ကျမတို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုအတွက် ၀န်ကြီးဌာနတွေကို သွားခဲ့ရတာ အပြန်တော့တော်တော်လေး
အချိန်လင့်သွားပါတယ်။ လမ်းမှာ စိတ်မှ စိတ်ကို ပြန်ရှုနိုင်သလောက်ရှုလိုက်၊ ဘုရားစာရွတ်လိုက်နဲ့ပါဘဲ။
အပြန်တနေရာကို
ထပ်ဝင်လိုက်တော့ အချိန်ကထပ်လင့်သွားပြန်တယ်။ နေပြည်တော်ကိုသွားတိုင်း နေပြည်တော်၏ ရွှေတိဂုံ(ဥပန္တသန္တိ)ဘုရားကို
ဖြတ်သွားပြီးရင် လက်လုပ်တောင်ဆိုတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးသွားတဲ့
ရွှေနန်းသွင်းစေတီတော်ဘေးက ဖြတ်သွားရပါတယ်။ အဲဒါလေးဟာတော့ အမြတ်ပါဘဲ။ အဲဒီနားရောက်ရင်
အလိုလိုလက်အုပ်ချီပြီး စိတ်နဲ့ကန်တော့မိပါတယ်။
အပြန်မှာအတွေးလေးတချက်ပေါ်လာပါတယ်။
သူများပါးစပ်မှာလမ်းဆုံးတယ်ဆိုတာလေးပါ။ မဟာမြိုင်ဆရာတော်ဦးဇောတိက ပျဉ်းမနားမှာ သီတင်းသုံးစဉ်
ကျမတို့ဘွဲ့ရခါစလောက်က အလုပ်ထဲမှာ အတိုက်အခံတွေ မနာလိုတာတွေနဲ့ကြုံရင် ကျမက ဆရာတော်ကိုလျှောက်တတ်ပါတယ်။
လုပ်ဖော်ကိုင်ဖက် တွေ တစ်ဦးနဲ့တဦးမေတ္တာမထားနိုင်ဘဲ၊ အတို့အထောင်တွေလုပ်နေကြတယ်ဆိုတာလေးကို
ပြောဖြစ်မိပါတယ်။ အဲဒီတုံးက ဆရာတော်ဦးဇောတိက မိန့်တာလေးကို သတိရမိလို့ပါ။ သူများတွေပြောတိုင်း
ကိုယ်က ဂရုစိုက်နေမယ်။ ခံစားနေမယ်ဆိုရင် မဆုံးတော့ဘူးတဲ့။ ပြောတဲ့သူက ပြောပြီးရင် ပြီးသွားမယ်။
သူက ပြောခြင်တာကိုး။ သူများထိခိုက်အောင် ခံစားအောင်ပြောလိုက်မယ်။ ပြောပြီးရင် သူကပြီးသွားပြီ။
ကိုယ်က သူများပြောတိုင်းလိုက်ခံစားနေရင် မပြီးတော့ဘူးတဲ့။ မပြီးတာက ကိုယ်ဖြစ်သွားတယ်။
အများအားဖြင့် စိတ်ရဲ့ သဘာဝက ကောင်းတာနဲ့မကောင်းတာမှာ မကောင်းတာတွေအပေါ်တ၀ဲလည်လည်ပိုဖြစ်တတ်လေ့ရှိပါတယ်။
ဒါကြောင့် မကောင်းတာဆိုရင် ထပ်ခါတလဲလဲတွေးမယ်။ နောက်တရက်လည်း ဒီအကြောင်းဘဲ နောက်တပတ်လည်း
ဒီအကြောင်းဘဲဆိုရင် ဘယ်တော့မှ မပြီးတော့ဘူး။ ဟောနောက်တနှစ်ကြာတယ်- ပြန်တိုက်ဆိုင်ရင်
ပြန်သတိရလာတယ်။ တွေးတယ် ပြောတယ်။ ဒီလိုဖြစ်နေတာတဲ့ သူတွေဟာ သူများပါးစပ်မှာ လမ်းဆုံးနေတာ။
ဒါတွေကို သတိလေးနဲ့သိလိုက်ရင် ကိုယ်က မခံယူဖြစ်တော့ဘူး။ ကိုယ်က ဥာဏ်ကြီးတဲ့သူ ဖြစ်သွားပြီတဲ့။ပေးတာကိုလက်မခံတဲ့အတွက်
နောက်ဆက်တွဲအကုသိုလ်တွေလည်းကင်းသွားပါတယ်တဲ့ရှင်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့
တရားတွေတော့ နာပါတယ်။ တရားတွေနာပြီး တကယ့်အနှစ်သာရရှိတဲ့ အကျင့်ကိုတော့ ကျင့်နိုင်အောင်မကြိုးစားတော့ဘဲ၊
တရားနာတာနဲ့တင် တင်းတိမ်ပြီး နေတဲ့သူတွေဟာ သူများ ပါးစပ်မှာလမ်းဆုံးနေတာပါတဲ့ရှင်။
ကျမကတော့
ဝါတွင်းမို့လို့ စိတ်ကိုဗျာများစေတဲ့ တီဗွီကို ပိတ်ထားလိုက်ပါတယ်။ နောက်မို့ရင် ကိုရီးယား
ကားတွေရဲ့ဆွဲဆောင်မှုတွေနောက်ကို စိတ်ကပါသွားစေတယ်မဟုတ်ပါလား။ အပျင်းပြေ အပျင်းပြေ
စိတ်အပန်း ဖြေရာကနေ မကြည့်ရမနေနိုင်အောင် စွဲစွဲသွားတတ်သလို ဒါလေးပြီးရင် ဟိုအစီအစဉ်လေးကကောင်းတယ်။
အိမ်မက်ဆုံရာက အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ အားပေးဦးမှ ဆိုပြီး တန်ဘိုးရှိတဲ့အချိန်တွေကို
ဖဲ့ပေးနေရ တာတွေ တီဗီကို ခဏသပိတ်မှောက်ထားမှ တော်တော်လေး အချိန်ပိုလာပါတယ်။ တီဗွီရဲ့
စေစားမှုအောက်မှာ တီဗွီကျွန်ဖြစ်မှန်းမသိဖြစ်လိုက် ဖေ့ဘုတ်ခေါ်တဲ့ အင်တာနက်ပေါ်က အွန်လိုင်းရဲ့
ကျေးကျွန် ဖြစ်မှန်းမသိဖြစ်လိုက်၊ လုံးလည်လိုက်နေတဲ့ ဘ၀လေးကနေ ခဏတာ ခွာလိုက်တဲ့အခါမှာ
ဖေ့ဘုတ်လေးတော့ ခဏတဖြုတ်ကြည့်မိပေမဲ့ အရင်ထက်စာရင် အများကြီးလျော့နည်းလာတဲ့ ကိလေသာနွံ့ကြားမှာ
ခဏ ရုန်းထွက် ထားရပါတယ်။
ဆရာတော် ဦးဇောတိက
ပြောတာလေးကိုလည်း အမှတ်ရမိပါသေးတယ်ရှင်။ အပေါစားဖျော်ဖြေမှုတွေ (အကုန်လုံးကို မဆိုလိုဘူးနော်)
တန်ဘိုးရှိတဲ့အချိန်တွေကို မဖြုန်းပစ်သင့်ဘူးတဲ့ရှင်။
စိတ်ကိုနိုင်အောင်
ကြိုးစားကြည့်ရင်းကနေ အမှတ်မထင်ပေါ်လာတဲ့ မှတ်သားဘွယ်ရာစာစုလေးကို တင်လိုက်ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။
နောက်တွင်
မဟာဗောဓြိမိုင်ဆရာတော်ဘုရားကြီး၏ ရွှေနန်းသွင်းစေတီတော်ကြီးမှ တောင်ပိုင်ဘိုးဘိုးကြီးက
သူ၏ဘ၀တစ်ခုတွင်တော်စပ်ခဲ့သော ညီမအား ၀င်ပြီး ဆေးကုသည့် ယခုလည်းဆေးကုနေဆဲဖြစ်သည့် ဒေါ်နီ
အကြောင်းကို ကျမစပ်စုခဲ့တာလေး ရေးတင်ပေးပါမယ်။
အခုလို ဂြိုလ်တုခေတ်
ဒုံးကျည်ခေတ်တွေမှာ ထူးဆန်းဘွယ်ရာဖြစ်ရပ်လေး တစ်ခုပါဘဲ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး