အခုတလော အငြင်းအခုံဖြစ်နေကြတာက သမထနဲ့ ၀ိပသနာပါ။ သမထဆိုတာနဲ့ အကြားလိုင်း အမြင်လိုင်း ဓာတ်လိုင်း နတ်လိုင်း သိုက်လိုင်းတွေ အစုံအလင်ပေါ့။ အဆက်တွေ အဆက်တွေက ပုံမဆုံး သေခဲ့ဘူးတဲ့ အရိုးတွေ တောင်လိုပုံဆိုတဲ့အတိုင်းပါဘဲ။ သို့သော် သမထအခြေမခံဘဲနဲ့တော့ ၀ိပသနာကို မရောက်နိုင်ပါဘူး။ ဒါလေးကတော့ လူတော်တော်များများတရားအားထုတ်ဖူးရင်လက်ခံကြမယ်ထင်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမွေးနေ့မှာ ဗောဓိရိပ်ငြိမ်ဆရာတော်နဲ့ ခဏတာ စကားပြောခွင့်လေး ရတော့ ဆရာတော်လေးက ပုတီးသမားတဦးက ဘာသာရေးလည်းလုပ်သေးတယ်။ ဒေါသကလဲ ကြီးသေးတယ်လို့မိန့်ပါတယ်။ အဲဒါနဲ့ဆရာတော်က ပုတီးစိပ်တာက အပေါက်ကျယ်တယ်လို့ ပြောလိုက်သတဲ့။ အဲဒါလည်းကြားရော ပုတီးသမားက ဆရာတော့်ကို စိတ်တွေ ဆိုးတော်မူပါတော့တယ်။ ဒီတော့ ဆရာတော်လေးကလည်း တဖက်သားစိတ်ဆိုးလာပြီဆိုတာ သိတာနဲ့ အဲဗျာ အပေါက်ကျယ်တယ်ဆိုတာ အပါယ်ကြောက်လို့ဗျ လို့ပြောလိုက်တော့မှ ပုတီးသမားကလည်း ပြန်ပြီး ပြုံးလာသတဲ့။
ကျမကိုလည်း သမထသမားတွေက အညိုရောင်ကို ကြိုက်တယ်လို့။ ကျမက အညိုရောင်ချည်းဝတ်တာများ တယ်လေ။ အမှန်တော့ ဟိုးကတည်းက တနေ့မှာ ဘုရားတည်ရမယ်။ ယောဂီဝတ်မယ်လို့ ပြောကြလို့ ကျမကလည်း အညိုဝတ်ဝတ်ပြီးဘုရားခန်းထဲ ပုတီးစိပ်တရားထိုင်ရာက အညိုကို တော်တော်ကြိုက်သွားတာ။ ဆရာတော်လေးကိုလျှောက်ထားမိတယ်။ ရွှေဘိုမှာ ဆရာတော်ဘုရားကြီးဆီရောက်တုံးက တရားထိုင်ရာက နေ ပုတီးပြောင်းစိပ်နေရတော့ စိတ်တွေကပျက်လာ။ ဒီတော့မနောနဲ့လျှောက်မိတယ်။ တပည့်တော် တရားထိုင်ရာက ပုတီးဘက်မစိပ်လို့မရအောင် ပုခုံးတွေကနာ၊ အာရုံကြောတွေကနာ ဖြစ်လာတယ်။ ပုတီးကို မစိပ်ခြင်ဘဲ မဖြစ်လို့စိပ်နေရတယ်လို့ပါ။
ဒီတော့ ဆရာတော်လေး ဦးဗောဓိက ဆရာတော်ကြီးက ပုတီးမစိပ်နဲ့လို့မပြောဘူးလားလို့ မေးပါတယ်။ တပည့်တော်ကို မပြောခဲ့ဘူးဘုရား။ အတိတ်ဘ၀က ဘာတွေဆုတောင်းခဲ့မှန်းမသိလို့ပြောခဲ့ပါတယ်ဘုရားလို့။
ဆရာတော်လေးက သူလိုခြင်တဲ့အဖြေကို ကျမထံကမရခဲ့ဘူး။ ငြိမ်သွားပါတယ်။ အခုလည်း ဖေ့ဘုတ်ပေါ်မှာ ဂါထာရွတ်တာနဲ့ပတ်သက်ပြီး ငြင်းခုံနေကြပါတယ်။ ဂါထာရွတ်တိုင်း အဆင်ပြေမယ်ဆို ဂါထာဘဲ ထိုင်ရွတ်မယ်။ ဘာမှမလုပ်တော့ဘူးတို့။
တယောက်ကလည်း ဂါထာတွေရွတ်ပြီးစွမ်းတယ်ဆိုရင် ဂါထာရွတ်ပြီး သမထလမ်းကနေ နိဗ္ဗာန်ကို မမြင်နိုင်ဘူး။ ဒါလည်း ဟုတ်တာပါဘဲ။ သမထစွဲသွားရင် ၀ိပသနာနဲ့ ဝေးသွားတတ်တာလဲ အမှန်။ တကဲ့ ကိုစိတ်ပိုင်းဆိုင်ရာတည်ငြိမ်လာမယ်။ ဂုဏ်တော်တွေပွားမယ်ဆိုရင် ကိလေသာဝေးတဲ့အတွက် နတ်တွေက ချစ်တယ်။ ကူညီတယ် ဆောင်မတယ်။ ဒီအတွက် အဆင်ပြေကြတယ်။
အဲဒီအပိုင်းမှာ သာယာတတ်တယ်။ နောက် သမထလိုင်းတွေမှာ အကြားဓာတ် အမြင်ဓာတ် ပေါင်းစုံကို ပေးတတ်တယ်။ ဒီမှာလည်း တချီအလဲထိုးခံရတတ်တယ်။ မူလရည်ရွယ်ချက်ကိုက နိဗ္ဗာန်ကို မရည်ရွယ်သူတွေအတွက်ကတော့ အကြောင်းမဟုတ်ပေမဲ့ နိဗ္ဗာန်ကို ရည်ရွယ်အားထုတ်သူတွေက ဒီလိုကြားအာရုံတွေအပေါ်မှာ ဖြတ်နိုင်ဘို့တော့ အရေးကြီးပါတယ်။
ရွတ်ဖတ်နေရင် ကိလေသာတွေလည်းမပေါ်၊ မြတ်စွာဘုရားမှာ အာရုံရှိနေတဲ့အတွက် အဲဒီစိတ်တွေဟာ တန်ဘိုးကြီးပါတယ်။ အဓိကက ကိလေသာဝင်ခွင့်မပေးတာပါဘဲ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ကလည်း လမ်းညွှန်ချက်ပေးခဲ့ပါတယ်။
ရွတ်ဖတ်ရင် လောဘစိတ်(ဘာကိုလိုခြင်လို့ ဘာဖြစ်ခြင်လို့)ဆိုတဲ့စိတ်တွေကပ်ပါလာရင်တော့ ကိလေသာက မသေ မရှင်ဖြစ်နေမှာပါဘဲ။ ဆရာတော်လေးက ကိလေသာတွေထူပြောတဲ့ လူသဘော လူ့မနောကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆုတောင်းတခုနဲ့ပေးခဲ့ပုံလေးကို ဟောပြောသွားတာလေးကို လည်းရေးခြင်ပါသေးတယ်ရှင်။
တခါက ဆရာတော်ဘုရားကြီးသီတင်းသုံးနေတဲ့ မဟာမြိုင်တောကြီးထဲကို ရန်ကုန်က အဖွဲ့တွေက သွားဖူးကြပါတယ်တဲ့။ အဲ ရန်ကုန်ကလည်း ဆရာတော်ဘုရားကြီးကလည်း ရန်ကုန်နေဖူးတော့ ရန်ကုန်က အဖွဲ့တွေအကြောင်းကောင်းကောင်းသိတာပေါ့။ ဆရာတော်ဘုရားကြီးက တရားလည်းဟောပြီးရော ကုလားထိုင်က ထလိုက်တော့ ပြန်ကြွခါနီး ဆုပေးမှာကို မျှော်လင့်နေကြပါသတဲ့။ ဒါကြောင့် ဆရာတော်ဘုရားကြီးက ပြန်ကြွခါနီးမှာ သူ့ရန်ကုန်ပရိသတ်ကို (မြန်မြန်သေကြပါစေဗျား) လို့ ဆုပေးလိုက်တယ်တဲ့။ အဲဒီအချိန်မှာ ပရိသတ်ကလည်း မြန်မြန်သေကြပါစေဗျားဆိုတော့ မသေခြင်ကြတဲ့ အတွက် အံ့သြတကြီးနဲ့ ကြောင်ပြီး ဆရာတော်ကြီးကိုလက်အုပ်ချီမော့ကြည့်နေကြသတဲ့။
သေရမှာကြောက်တာပေါ့နော်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက (ကိလေသာတွေ မြန်မြန်သေကြပါစေဗျား လို့ ဆုတောင်းပေးလိုက်တော့မှ ရန်ကုန်ပရိတ်သတ်ကလည်း (သာဓု သာဓု သာဓု)တွေ လှိုင်နေအောင် ခေါ်ကြတယ်တဲ့။
တကယ်တော့ ဆရာတော်ဘုရားကြီးတို့လို သူတော်ကောင်းကြီးတွေက မြန်မြန်သေစေဆိုတဲ့ မကောင်းတဲ့ ဆုတောင်းကို ဘယ်ပေးပါ့မလဲ။ ကိုယ့်ဆရာတော်ဘုရားကြီးအကြောင်းကို ကိုယ်သိနေတာဘဲလို့ဟောသွား ပါတယ်။
အပေါက်ကျယ် အပယ်ကြောက်ဆိုတာလည်း ဆရာတော်လေးပြောသလိုပါဘဲ။ သမထကတော့ စိတ်ကို ကြည့်ရှုတဲ့နေရာမှာ အနုသိပ်မစိပ်ပါဘူး။ ၀ိပသနာက အင်မတန်မှ အနုစိပ်ပါတယ်။ ဒီတော့ အပေါက်ကျယ်တယ်လို့ စကားစုလေးနဲ့ အလွန်သင့်တော်တယ်လို့ဘဲ ကျမမြင်ပါတယ်။
ဖေ့ဘုတ်ပေါ် ငြင်းခုန်တဲ့အထဲမှာ ကျမလည်း ပါလိုက်ပါသေးတယ်။ သို့သော် ကျမကတော့ စိတ်တိုစရာ ငြင်းခုန်စရာတခုလို အပြန်အလှန်ဆော်ကြတာမဟုတ်ဖဲ။ ကျမသိသလောက်ကလေး တော့ ရေးပေးလိုက်တာပါဘဲရှင်။
ဆရာတော်ဦးဇောတိက မဟာမြိုင်မှာရှိနေစဉ်က ရန်ကုန်သွားဖို့ ပျဉ်းမနားမြို့ပေါ်ကြွလာရင် မထွေးတို့ မိဘများအိမ်ကို ဆွမ်းတထပ်တော့ ဘုန်းပေးပြီးမှ ကြွလေ့ရှိပါတယ်။ အဲဒီအခါ ဆရာ့တော်ကို လျှောက်ခြင်တာ သိခြင်တာ လျောက်ထားလို့ရပါတယ်။
တခါတော့ ဆရာတော်က မထွေးရဲ့အဖေကို တကာကြီးဘာတွေလုပ်နေသလဲလို့မေးပါတယ်။ မထွေးတို့ အဖေက ညဆိုရင် ဘုရားပေါ်တက်ပြီး ဂေါပကတွေ တရားဆွေးနွေးကြတယ်လို့ လျှောက်လိုက်ပါတယ်။
ဆရာတော်ဥိးဇောတိက ကလေသံအေးအေးလေးနဲ့ ဒကာကြီးတော့တို့တော့ မသိဘူး။ အထူးသဖြင့် မြန်မာတွေ တရားဆွေးနွေးရင်းနဲ့ နောက်တော့ ဆွေးနွေးတာမဟုတ်ဖဲ ရန်ဖြစ်သွား ငြင်းခုံသွားကြပြီး အမုန်းပွားကုန်ကြတာတွေဘဲ ကြားနေရတာများတယ်လို့မိန့်ပါတယ်။
ကျမကအဲဒီစကားကို ခေါင်းထဲကမထွက်ဖူး။ ငြင်းနေခုံနေကြရင် ဒို့တော့ မပါဘူးဟေ့လို့ ရှောင်ထွက် သွားပါတယ်။ ဘာသာရေးနဲ့ပတ်သက်ရင် မငြင်းခုံဘူး။ ကျင့်ဆိုရင် ကျင့်ဘဲကျင့်မယ် ကိုယ်နိုင်သလောက်လို့ ဘဲပြောမိပါတယ်။
သီလစင်ကြယ်လျင် မှတ်ပါများရင် ကိလေသာစင်ကြယ်လာရင် တရားဟာ သူ့အလိုလိုပေါ်လာတာ လုပ်ယူစရာမလိုဘူးလို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက မိန့်ပါတယ်။ မှတ်ရင်းမှတ်ရင်းနဲ့ အမှတ်က အစက ကိုယ့်ဖက်မပါရာကနေ ကိုယ့်ဖက်ပါလာမယ်။ တွေ့သမျှ မြင်သမျှ ကြား စားထိတွေ့ ရသမျှအကုန်မှတ် လို့မိန့်ပါတယ်။
ကဲ ဒီတော့ သမထဘဲဖြစ်ဖြစ် ၀ိပသနာဘဲဖြစ်ဖြစ် ကိလေသာသေရင်တော့ အကျိုးထူးမှာအမှန်ဘဲဖြစ်ပါတယ်။ ပုတီးလည်း ကိလေသာသေနိုင်သလို တရားထိုင်တာလည်း ကိလေသာသတ်တာပါဘဲ။ ၀ိပသနာ ဥာဏ်သည် သင်္ခါရုပက္ခာနှင့်အထက်ဥာဏ်ရောက်မှ မြင်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အတိအလင်းမိန့်ထားခဲ့ပါတယ်။
အဲဒီဥာဏ်မရောက်မချင်း ၀ိပသနာဖြစ်ဖို့သမထနဲ့ထူထောင်တက်နေကြရတာပါ။ ဒီတော့ ငြင်းနေ ခုန်နေ မဲ့ အစားဘယ်နည်းနဲ့သေသေ ကိလေသာသေဖို့သာ လိုရင်းပါ။ ငြင်းနေခုန်နေမဲ့အစား ကျင့်လိုက်တာမှ ကိုယ့်ဖက်တမှတ်ပါတမှတ် အကျိုးရှိနိုင်ပါတယ်။
သို့သော် သမထလမ်းက အပေါက်ကျယ် အပယ်ကြောက်လို့ပေါ့လို့ဘဲ ဗောဓိရိပ်ငြိမ်ဆ၇ာတော်ရဲ့ စကားလုံး နဲ့ ဘဲ ရေးသားလိုက်ရပါတယ်။
အားလုံးဘဲ ဆရာတော်ကြီးပေးတဲ့ဆုထူးဆုမြတ်ဖြစ်တဲ့ ကိလေသာတွေ မြန်မြန်သေကြပါစေဗျားကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပေးသောဆုနဲ့ပြည့်ရပါစေသားဟု သာဓု သာဓု သာဓုခေါ်လျက် ၀ါတွင်းတွင် သိက္ခာသုံးရပ်ဖြင့် အမြတ်ထုတ်လိုက်ကြပါစို့လားရှင်။
Saturday, August 24, 2013
အပေါက်ကျယ်တဲ့ သမထလမ်းသွယ်၊ မြန်မြန်သေကြပါစေဗျား
12:05 AM
No comments
Subscribe to:
Post Comments (Atom)
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts
-
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ချီးမြှင့်တော်မူသော မေတ္တာမြိုင် -မေတ္တာပို့ နှင့် အနက်အဓိပ္ပါယ် (၁) ဘေရီသဒေ...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနောက်က ဦးသောမ(ထားဝယ်) ဘေးက ဦးသန်းလှ(တိံကြား)တို့ ဆွမ်းခံရာနောက် ကောက်ကောက်ပါလျက် အမှန်တော့ ဒီပုံက ဦ...
-
အိုးဘိုဂူတောရကျောင်းတောင်ပေါ်ရှိ ၄ မျက်နှာ မြတ်ဗုဒ္ဓ ဆင်းတုတော် အိုးဘိုဂူဆရာတော်ဘုရားကြီး ကျင့်ကြံအားထုတ်သွားသော တောင်နံရံမှ ဂူအ၀င်ဝ ...
-
ဖားအောက်ဆရာတော်ဘုရားကြီး ဦးဆောင်ကာ ဆွမ်းခံကြွနေပုံ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဆွမ်းခံကြွနေစဉ် ဤသို့တရားအားထုတ်နိုင်ရန်...
-
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (၇၂)နှစ်မြောက် မွေးနေ့အား ပူဇော်သောအားဖြင့် နေပြည်တော် ပုဗ်ဗသီရိမြို့နယ် လက်လုပ်တောင် သာသနာ့ ဟိတကာရီဂေါပက...
-
ဗိုလ်တစ်ထောင်ဘုရားမှ ဆံတော်တွင်း ဘုရားအားကြည်ညိုဖွယ်ရာဖူးမြင်ရစဉ် ဗိုလ်တစ်ထောင် အမတော်မြနန်းနွယ်နန်းဆောင်တွင် ချိတ်ဆွဲထားသော အမတော်မြ...
-
မုံရွာမြို့နယ်မှ ရင်သွေးလိမ္မာအဖွဲ့အားဟောကြားသောတရား ယခုတရားမှာ ယခင်က တချို့အပိုင်းများကို ကျမဘလော့ပေါ်တွင် တင်ခဲ့ဘူးပါသည်။ အခွေထဲမှ တ...
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး