Monday, August 12, 2013
မဟာဗောဓိမြိုင်ဆရာတော်ကြီးဆင့်ပွားပေးတဲ့ (အနန္တရေ)ရေသောက်နည်း
ဆရာတော်ဘုရားကြီးဟာ ၁၃၄၈ ခုနှစ်မှာ သံသုမာတောင်မှ ဖူးကြီး၊ ဖူးကြီးမှ ပြည်၊ ပြည်မှ မြေထဲ(အောင်လံ)သို့သွားရောက်ကျသည်။ အောင်လံမှအထွက်တွင် ကားမသွားတော့ကြောင်း၊ စစ်ဆေးရာတွင် အဖြေမတွေ့သို့နှင့်နေ၀င်ခါနီးမှ တောင်တွင်းကြီးရောက်ရှိ သွားတော့သည်။  တောင်တွင်းကြီးမှ မကွေးသို့အရောက်မောင်းနှင်ပြီးမှ ကျောက်ပန်းတောင်းကူးရသည်။ ကျောက်ပန်းတောင်းမှ ပုပ္ပါးသို့တက်ရာ ပုပ္ပါးအ၀င် အတက်တွင်ပင် ၀ပ်ရှော့ဆရာအဖြေရှာမရသော ညပ်နေသော ဂီယာဘောကား အလိုလိုနေရာမှန်ပြန်ဖြစ်သွားတော့သည်ဆို၏။
လဆန်း(၇)ရက်နေ့တွင် ကျောက်ပန်းတောင်းမှ မိတ္ထီလာအကူး မုံတိုင်ဆည်အလွန် ကြက်ပစ်ဆိုသောရွာအနီးတွင် ကားစစ်ဆေးရင်း မန်ကျည်းပင်ငယ်အရိပ်တွင်နားရင်းရပ်နားကြသည်။
ထိုစဉ်ရွာဘက်မှ အရွယ်အားဖြင့်(၄၀)ခန့်မျှရှိပြီး ၀ါးခမောက်ဆောင်းထားပြီး ပေါက်ပြားကိုင်ထားသောသူသည်  ဆရာတော်အနီးသို့ရောက်သော် ဂါရ၀ပြုဦးချပြီး တဖန် မတ်တပ်ရပ်ကာ
(အရှင်ဘုရား- မြေတို့မည်သည် ရေနှင့်မကင်းရပါဘုရား။ အရှင်ဘုရား၏ကိုယ်မှာလည်းပဲ မြေဓာတ်(၂၀)တို့ကို အမာခံထားပြီး တည်ဆောက်ထားတာ ဖြစ်လေတော့ ရေကိုများများ သောက်ပေးပါဘုရား။
စ. ဓ. ဗ. ၀ လေးမျိုးတို့တွင်-
စ- ဆိုသည်မှာ စကြာဝဠာတစ်တိုက်လုံးကို ပိုင်ကျုးံအစိုးရတော်မူသော မြတ်စွာဘုရားပါ ဘုရား။
ဓ- ဆိုသည်မှာ ဓမ္မစကြ်ာကို တရားဦးအဖြစ် ဟောကြားတော်မူသော မြတ်စွာဘုရားပါ ဘုရား။
ဗ- ဆိုသည်မှာ ဗောဓိပင်နှင့်ရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရားပါဘုရား။
ဝ- ဆိုသည်မှာ ၀သုနြေ္ဒနတ်သမီး၏ သက်သေပြုခြင်းကို ခံယူရရှိတော်မူသော မြတ်စွာဘုရားပါ ဘုရား။
သို့ကြောင့် အရှင်ဘုရားသောက်သုံးမည့်ရေအိုး၏ ဖင်မှာ ၀ အက္ခရာ ကွင်းပေးထားပါဘုရား။
၎င်းရေကိုသောက်သုံးသည့်အခါ-
-      ပထမတစ်ကျိုက်သောက် -(ဗုဒ္ဓဂုဏော အနန္တော စိတ်ကပွား၊ အရဟံဂုဏ်ကို အာရုံထုံထားပေးပါဘုရား)
-      ဒုတိယ တစ်ကျိုက်သောက်-(ဓမ္မဂုဏော အနန္တော စိတ်ကပွား၊ သွက္ခာတောဂုဏ်ကို
 အာရုံထုံထားပေးပါဘုရား)
-      တတိယ တစ်ကျိုက်သောက်-(သံဃဂုဏော အနန္တော စိတ်ကပွား၊ သုပ္ပရိပ္ပန္ဓဂုဏ်ကို
 အာရုံထုံထားပေးပါဘုရား)
ရှေ့ဆုံးမှတင်သော ဂုဏ်တော်မှန်သမျှ အထွဋ်ဆုံး၊ အမြတ်ဆုံးမို့လို့ တင်ထားခြင်းပါ ဘုရား။
-  စတုတ္ထ တစ်ကျိုက်သောက်-(မိဘနှစ်ပါးကွယ်လွန်သွားပြီးသော်မှ ၄င်းတို့မျက်နှာကို မြင်အောင်ကြည့်ပြီး သောက်ပါဘုရား)
-      -ပဉ္စမမှာလည်း မိမိအား အကျိုးများစေသော ဆရာသမား ကွယ်လွန်သော်မှ သူ့မျက်နှာ မြင်အောင်ကြည့်၍ သောက်ပါဘုရား။
o   တစ်နေ့၊ တစ်နေ့ ၀င်သလောက် သောက်၊ ဆန့်သလောက်သောက်ပါဘုရား။ ရေကို သောက်သဖြင့် ဒုက္ခမရောက်ပါ။ တပည့်တော်-နေ့ဆို ရွက်အိုး နှစ်လုံးကုန်သည်အထိ သောက်သုံးနေပသည်။ တပည့်တော်မျက်နှာကို သေသေချာချာကြည့်ပါ ခိုင်းသဖြင့် ကြည့်မိရာ မျက်နှာသည် လန်းဆန်းခြင်း၊ သွေးတို့ဖြင့် အနီသန်းခြင်းများကို တွေ့ရ၏။ ပြီးသော်-
o   အရှင်ဘုရားလိုသာသနာပြုပုဂ္ဂိုလ်တစ်ဦးသည်နည်းဆက်သွားလျှင် သည်ရေသောက်နည်းကား ကမ္ဘာအထိ ပျံ့နှံ့သွားနိုင်ပါသည်ဘုရား ဟူ၍လည်း ရုတ်တရက်တွေ့ ငါတို့ကို သာသနာပြု ပုဂ္ဂိုလ်ကြီးဟူ၍ တပ်အပ်စွဲနေချေသည်ကော။
     ထိုစဉ်က ငါတို့သည်လည်း ရဟန်းဘ၀(၁၃၄၁ ခု၊ ၀ါတွင်းဝါကို ပယ်နှုတ်ထားသော်) (၆)၀ါ မျှသာရသေး၏။ မဟာစည်၏ ရင်ငွေ့တော် မခိုလှုံရမီ ယခင်က သမထဆို သမထမှ တဇွတ်ထိုးကျင့်ဆဲမျှသာ။
     ဆက်လက်၍လည်း ရေအကျိုးကိုညွှန်သေး၏။
(အရှင်ဘုရားက သက်တမ်းတိုကာလ လူလာဖြစ်ရတာ အရှင်ဘုရားရဲ့ သက်တမ်းနဲ့အင်းဝိဇ္ဇာနှစ်သောင်းကစားသွားတဲ့ အင်းပညာကိုလည်း လိုက်မမီနိုင်ပါ။ ဓါတ်ဝိဇ္ဇာတွေ မြောက်များစွာ ကစားသွားတဲ့ ဓါတ်ပညာတို့ကိုလည်း လိုက်မမီနိုင်ပါ။ ဆေး ၀ိဇ္ဇာများ စီရင်သွားတဲ့ ဆေးအတတ်ကိုလည်း လိုက်မမီနိုင်ပါ။
     သည်ရေကို သည်လိုသာ အမြဲအစွဲ သောက်သုံး နေပါလျှင် ဆေးမလို၊ အင်းမလို၊ ဓာတ်မလို၊ ရှေးပုဂ္ဂိုလ်တို့၏ အရည်အသွေး အလိုလိုပင်ပြည့်မီလာပါလိမ့်မည် ဘုရား။ သည်နည်းဟာ ဆေးပေါင်းချုပ်၊ အင်းပေါင်းချုပ်ပါဘုရား) လျှောက်ထားသွား၏။
     ထို့နောက် ၄င်းလည်း ခမောက်နှင့်ပေါက်တူး (ပေါက်ပြား)ကိုင်၍ (ခမောက်ကား ၄င်းအတွက် လုံခြုံဖို့ ပေါက်တူးကာ ၄င်းစားဖို့ စိုက်ပျိုးရန် မြေကိုတူးဆွပေးဖို့) ထွက်သွား လေတော့၏။
     ငါတို့သည်လည်း မိတ္ထီလာသို့ခရီးဆက်ခဲ့၏။ ကားစက်လည်းမှန်ပြီ။ ၁၃၄၈ ခုနှစ်၊ နယုန်လဆန်း(၈)ရက်၊ တနင်္ဂနွေနေ့၊ နေ့(၃)နာရီခန့်တွင် စစ်ကိုင်းတောင်ရိုး မြန်အောင်ချောင်သို့ ချောမောစွာရောက်ရှိကြတော့၏။
ရေသည် အေးမြခြင်းကိုဆောင်လျက် အန္တရာယ်ကို ပယ်ဖျက်၏။
ကန်က ရေနှင့် အနန္တရေကိုတွဲဖက်သောက်ခြင်း။
     စစ်ကိုင်း၊ မြန်အောင်ချောင်သည် မြစ်ရေများကို စက်ဖြင့်တင်ကာ ရေကန်ကြီးများဖြင့် လှောင်ထားပြီး စစ်ကိုင်းတောင်ရိုးရှိ ချောင်ပေါင်း(၄၀)ကျော်မျှကို ဥဒကဒါနပြုပေးနေသော သူ့အကျိုးပြုချောင်တစ်ချောင်ဖြစ်ဘိ၏။
     ထိုချောင်အရောက် ထိုရေကိုသောက်မိချေသောအခါ (၅)နှစ်မျှစွဲကပ်နေသော ရောဂါမှာ (၅)ရက်တည်းဖြင့် မှုတ်လွင့်ပစ်လိုက်သို့ ပျောက်ကင်းသွားတော့၏။ မသိမသာမဟုတ်။ သိသိသာသာပင်။ ရောဂါလက်ကျန်မကြွင်း၊ ကင်းကင်းရှင်းရှင်းပင်။ မထင်စရာကောင်းသော မျက်မြင်တည်း။
-      အနန္တတန်ခိုးရှင် ငါးဦးတို့၏ မေတ္တာဓါတ်ရည်ကား ငါ့စိတ်ကို အေးမြစေ၏။
-      မြေမှ ထွက်၍ မြေသို့ပြန်လည်သက်ကျလာသော ပကတိ ဓါတ်ရည်ကား ငါ့ကိုယ်ကို အေးမြစေ၏။
ရေများများသောက်လျှင် ကျင်ငယ်များများသွားရ၏။ အသွားမပျင်းနှင့်။ ထိုကျင်ငယ်ရည်နောက်သို့ သင့်ခန္တာကိုယ်အတွင်းရှိ အပူဓါတ်များလည်း လိုက်ပါရကား ခန္ဓာဘုံ အပူကုန်စေလိမ့်မည်။
       ရေများများသောက်လျှင် ၀မ်းသွားလာရ၏။များသလောက် ၀မ်းပျော့ပြောင်းခြင်း၊ အချိန်စောစီးစွာ ထုတ်ပေးရခြင်းများ ပြုလုပ်ပေးရ၏။ အပူစဲသဖြင့် အအေးဓါတ်ကဲလာခြင်း၏ သင်္ကေတပေကလား။ ထိုအခါ သင့်ခန္ဓာကိုယ်ရှိ သင့်အသား၊ သင့်အရေများကိုကိုင်ကြည့်လျှင် အချိန်မရွေးအေးမြနေသည်ကို တွေ့ရပေလိမ့်မည်။
       ဤကား အတွေ့ရေက အတွေ့မြေကို လက်တွေ့ကုစားပြခြင်းတည်း။
       တစ်ဖန် ဘုရားနှင့်သံဃာ၏ စေတနာသည်ဝေနေယျတို့အပေါ်ထားရှိတင်ပို့ပေးရာ၌
တစ်ဦးတည်းသော သားအပေါ်ထားရှိသော မိခင်၏ စေတနာနှင့်အတူတူပင်ရှိချေသည်။
     သည့်အတူ မိဘနှင့်ဆရာတို့က မိမိတို့၏ သား၊ တပည့်များအပေါ် တင်ပို့ထားရှိသော စေတနာသည်လည်း ဘုရားစေတနာနှင့်အတူတူသာ ရှိချေသည်။
     ဘုရားနှင့်သံဃာတို့ လက်သုံးဖြစ်သော ဓမ္မဓာတ်အား၏ အေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်ရှင်းခြင်း ဂုဏ်သတ္တိများကလည်း မိခင်ထံရှိ မေတ္တာဓာတ်နှင့်ဘာမျှမခြား တစ်သား တည်းသာရှိချေသည်။
     သည့်အတူ မိဘဆရာတို့ထံရှိ မေတ္တာဓာသည်လည်း ၄င်းတို့ သား၊ တပည့်များနှင့် ပတ်သက်လာလျှင် ဘုရားစိတ်နှင့်တကျိတ်တည်း တစ်ဥာဏ်တည်းသာ နားသက်ချေ၏။
     တစ်ဖန် ထိုမေတ္တာ၊ စေတနာ အပြည့် ကိုယ့်ဘက်ကိုယ် မလှည့်သော စိတ်ထားမျိုးကား ဓမ္မဓာတ်အား ပင်းလျက်က သွင်းထားကြပြီးသော ဘုရားနှင့် သံဃာသည်သာ တစ်လောကလုံးအပေါ် ထားရှိနိုင်စွမ်းရှိ၏။ ထိုတစ်လောကလုံး သတ္တ၀ါ အနန္တတို့အပေါ်ဝယ် ဆွေမရှိ မျိုးမရှိ၊ အရင်းလည်းမထား-အဖျားလည်းမရှိ၊ သူ့သဘော ငါ့ဘာသာမရှိ၊ သူ့အမျိုး ငါ့အမျိုးလည်းမသိ ပကတိသော သဘောထားမျိုးသာ ရှိချေ၏။
     မိဘနှင့်ဆရာတို့မှာ မူကား သူ့သားနှင့်ကိုယ့်သားဟူသော ခွဲခြားမှု၊ သူ့တပည့် ကိုယ့်တပည့်ခွဲခြားမှု မကင်းနိုင်ကြသဖြင့် သူ့တစ်ဖက်သား ကိုယ့်ဘက်သား အကျိုးတူ တစ်ခုမျိုးကို ကို ပေးစားမည့်ကြံသော် ကိုယ့်ဘက်သားသာ သာစေ့ချင်တတ်သဖြင့် ရတနာမထိုက်။
       ဆရာသည်လည်း သူ့တပည့်၊ ကိုယ့်တပည့် အရည်ချင်းပြည့် အပြိုင်ပေါ်သော် ထုံးစံအတိုင်းသာ ဘက်လိုက်တတ်ချေရကား ရတနာမထိုက်ပြီ။ သားတပည့်အတွက် သက်သက်သာတည်း။
       ရတနာစစ် (ရွှေ၊ မြ၊ ပတ္တမြား၊ စိန်စသည်) တို့မည်သည် အများလက္ခံရသော (အများ အသုံးတည့်သဖြင့် မြတ်နိုးသော) အမျိုးအစားတည်း။ စက္ကူပေါ်မှင်နှိပ်ထားသော ငွေမျိုးကား မဟုတ်ပြီ။ ဤကား ရတနာနှင့် အနန္တရေတို့၏ သတ်မှတ်ချက် ခြားနားချက် သဘာဝသာတည်း။
       ထိုတိုင်းမရ၊ ဆ၍မရသော အနန္တစွမ်းအားရှင်များ၏ မေတ္တာဓာတ်အား၊ စေတနာ ဓာတ်အားများကို အယုံကိုးလျက်က အကိုးပိုလေသူ ဝေနေယျတို့၏ စိတ်ဝယ် ထိုဓါတ်အားများ နားသက်စိမ့်ဝင်နေရကား ရှိသမျှ စိတ်သည် အေးငြိမ်းနေတတ်လှချေ၏။ သို့ကြောင့်အပူမကပ်သာ။ တစ်ဖက်၏ အာရုံအတိုက် မိမိစိတ် မခိုက်တော့သဖြင့် အာရုံနောက်ထပ် ကိလေသာရန် မီးဓာတ်လည်း မဟပ်သာပြီ။
       ထိုသူ့ပြောစကား အမှားလည်းမပါ။ မတရားလည်းမပါ။ အေးဆေးငြိမ်သက်လျက်ပါ။ ထို သူ့အလုပ် အရှုပ်လည်းကင်း မဟုတ်လည်းကင်း၊ ရှင်းလင်းတိကျလျက်ပါ။
       ထိုကံတို့မှ ပေါက်ဖွားသော ကြာပန်းခေါ်အကျိုးပေးကား ရေမှ ၀ပ်သော်မှ ရေမစွပ်တော့ပြီ။
       ထိုအခါ အကြွေးမတင်သော အကျိုးပေးသည် ဘယ်မျှအထိ၊ ဘယ်ဘ၀အထိ ခန့်မှန်းခြင်းငှာ မတတ်သာတော့ပြီ။
       ဤကား အငွေ့ရေက အငွေ့မြေကို မျက်မြင်ပြုစုပေးလိုက်ခြင်းတည်း။
       ထိုရေသောက်နည်းကို ကြာကြာသောက်လာသော် ရေသောက်ရာ၌ ကုသိုလ်စိတ် သက်သက်ချည်း တည်ချေပြီ။ ငြိမ်သောစိတ်၊ ငြိမ်းသောစိတ်ချည်း နားသက်၍နေချပြီ။
       မိမိစိတ်ကို ထိုအနန္တတို့၏ ဓါတ်ရိပ်များက လွှမ်းမိုးလျက်က ပံ့ပိုးပေးဝေနေပါသည်ကို ကိုယ်တွေ့အကျိုးခံစားရလေ သူ၏ယုံစိတ်သည် ထိုအနန္တတို့အပေါ်ဝယ် အထွဋ်အထိပ်သို့ ရောက်လာစေ၏။ အနန္တဓါတ်ရည်၏ အစွမ်းသတ္တိများကို မျက်မြင်ခံစားရလေသူ၏ ယုံစိတ်သည်လည်း မိမိ၏ အပေါ်၌ အချင့်ဥာဏ် သန်လာစေတော့၏။ ထို အနန္တငါးပါး
၏ ဓါတ်အားကို နှုတ်ပယ်ထားလိုက်လျှင် ငါဆိုသည်ကား အလကားတည်း။
      မိဘနှစ်ပါး၏ ကျွေးမွေးစောင့်ရှောက်မှု၊ ဆရာ၏ပြုပြင်ပေးမှု၊ သံဃာ၏ ဟောညွှန် လမ်းပြပေးမှု၊ ဘုရားပွင့်သဖြင့် အမှန်တရား သိခွင့်ရခြင်းဟူသောတရားပေါ်မှု၊ ဤငါးခုတို့၏ စွမ်းအားသတ္တိနှင့် ထိုသတ္တိတို့ကြောင့် အကျိုးပေးမှုကို နှုတ်ပယ်ထားလိုက် လျှင် ငါဆိုသည်ကား ဖိုးသုညပါကလားဟူ၍။
မှတ်ချက်။     ။ ဤစာစုသည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ကိုယ်တိုင်ရေး အထ္ထုပ္ပတိတွင် ပါဝင်သောအကြောင်းအရာတစ်စုဖြစ်ပါသည်။ ယခုအခါ ဆရာတော်ဘုရား ကြီး၏ စာအုပ်များကိုသာ ထုတ်ဝေသော ဥေယျဓမ်စာပေတိုက်မှ ထိုစာစုတို့အား အနန္တရေ ဟူသောစာအုပ်ငယ်လေးများအဖြစ် ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။ ထိုစာအုပ်ငယ်လေး အား ဆရာတော်ဘုရားကြီး၏ (၇၂)နှစ်မြောက်မွေးနေ့မင်္ဂလာတွင် ဓမ္မဒါနဝေငှပေးသည်ကို တွေ့ရပါသဖြင့် ကျမလည်း ဓမ္မဒါနအလှူရှင်ထံမှ တိုက်ရိုက်တောင်းယူခဲ့ပါသည်။
     အထက်ပါစာစုတွင် ဆရာတော်ဘုရားကြီး ခရီးသွားသော ခရီးစဉ်အား အတိုချုပ်ထည့် သွင်းထားပါသည်။ အရေးကြီးသောစာစုများအား မူရင်းအတိုင်းတင်ပြထားခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် ဤရေသောက်နည်း မည်မျှအကျိုးရှိကြောင်းကို စိတ်နှလုံး အေးချမ်းစေကြောင်း၊ အနန္တ(၅)ပါး၏ ဂုဏ်ရည်မပါလျှင် ငါဆိုသည်မှာအလကားဟုပင် မိန့်ထားပေရာ အနန္တ(၅)ပါး၏ ဂုဏ်သည်မည်မျှကြီးမားသည်ကို မှန်းဆနိုင်ပေသည်။
     အနန္တရေသောက်နည်းကား ဆရာတော်ဘုရားကြီးထောက်ခံထားသော ရေသောက်နည်း တည်း။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး
သိတာလေးတွေ ပြောခဲ့ပါဦး
Popular Posts