Sunday, August 11, 2013

ငါးဆူကျောင်းဆရာတော်ဘုရားကြီးထူးခြားချက်နှင့် ၀ိဇ္ဇာမျက်လုံးဘုရားတို့၏ကောက်ကြောင်း



ရံဖာရံခါ ကျမတို့ အပေါင်းအသင်းတစုစကားပြောဖြစ်ကြပါတယ်။ ကျမနဲ့တခန်းထဲမှာ အလုပ်လုပ်သူက သာစည်သူပါ။ ဒါကြောင့် ကျမလည်း ငါးဆူကျောင်းဆရာတော်ဘုရားကြီး အကြောင်းကိုပြောမိပါတယ်။ ကျမဆရာတော်ကြီးထံမရောက်တာကြာလို့ သွားကန်တော့ခြင် တာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အဘိဥာဏ်အကြောင်းများ၊ ယောဂီများကို ထိန်းနေ စရာမလို ကျောင်းပေါ်မှ ရီမုကွန်ထရိုး အဘိဥာဏ်ဖြင့် ထိန်းနေကြောင်းများကို ပြောဖြစ်ပါတယ်။ ကျမဘော်ဒါရဲ့ အဖွားက ဆရာတော်ဘုရားကြီးရဲ့သူငယ်ချင်းဖြစ်ပါတယ်။ သူတို့ကငယ်သူငယ်ချင်းတွေဆိုတော့ တစ်ဦးနဲ့တစ်ဦးပွင့်ပွင့်လင်းလင်းပြောကြတယ်တဲ့။ ဘယ်က ဘယ်လိုသိလာတယ်မသိ- ဆရာတော် ဘုရားကြီးရဲ့ အံသွားတွေပြန်ပေါက်တယ်ဆိုတဲ့အကြောင်းပါ။ သူတို့ကျမကိုပြောပြခဲ့တာကြာပါပြီး။ သွားအေ၇အတွက်ကတော့ (၃-၆)ချောင်းကြားမှာ တခုခုပါဘဲ။ အတိအကျမသိတော့ပေမဲ့ သေချာပေါက် အံသွားတွေပြန်ပေါက်လာတဲ့အတွက် ဆရာတော်ဘုရားကြီးက သွားကျိုးတဲ့သူတွေလို ပါးကြီးချိုင့်မနေဘဲ နုပျိုနေတယ်လို့ ကျမကို သာစည်ရောက်တော့ပြောပြခဲ့တာ- သူအစဖော်ပေးမှဘဲ ကျမလည်းပြန်သတိရမိပါတော့တယ်။သာစည်မြို့၊ ငါးဆူကျောင်းဆရာတော်ဘုရားကြီး ဦးပဏ္ဍိတသည် လယ်တီဝိပသနာရိပ်သာတည်ထောင်ထားပြီး သမထနှင့်ဝိပသနာ(၂)လမ်းတွဲ လျောက်သော ဆရာတော်ဘုရားကြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ယခင်က ဖိုလည်းထိုးခဲ့သော်လည်း ယခုအခါ ဖိုထိုးခြင်းအလုပ် မလုပ်တော့ဟုလည်းသိရပါသည်။ သာစည်မြို့သူမြို့သားများသည် ဆရာတော် ဘုရားကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်အား အထူးကြည်ညိုလေးစားကြသူများဖြစ်ပါသည်။ အလားတူ ဘာသာကွဲများမှလည်း ဆရာတော်ဘုရားကြီးအား ကြည်ညိုကြသဖြင့် ကထိန်များတွင်လည်းကောင်း။ ဆွမ်းကျိုင့်များအားလည်းကောင်း အမည်မဖော်ဘဲ ပို့ကျ လှူကြ တန်းကြခြင်းသည် ထူးခြားချက်တစ်ရပ်ဟု ဆိုနိုင်ပါသည်။
          ပြီးခဲ့သောအပတ်မှ ညောင်ဦးအပူပိုင်းဒေသခြံမှ လူကြုံလာရာ ကျမလည်းသူ့ထံသွား၍ ပစ္စည်းသွားယူခဲ့ရပါသည်။ သူနှင့်တွေ့ဆုံရာတွင် ကျမက မြင်းခြံက ညီမတို့စုပေါင်းလှူထားတဲ့ ခုနှစ်ရာခိုင်မှာ ဘုန်းကြီး ဦးသုဇာတ ရုပ်ကလပ် မပုတ်မသိုးဘဲရှိတာသိသလားဟု မေးကြည့်မိပါသည်။ သူတို့သည် ခုနှစ်ရာခိုင်ကျောင်းတွင် စုပေါင်း၍ လှူဒါန်းထားကြသည်။ ထိုကျောင်းတွင်လည်း ညအိပ်သွားဘူးကြသည်။ သို့သော် သူတို့မသိဟုဆိုသည်။ ဒါဆိုလျင် ဓမ္မရုံတည့်တည့် ဘုရားပေါက် ဘုရားတွင် ၀ိဇ္ဇာမျက်လုံးလှူထားသည်ကိုကောသိလားဟုဆိုရာ မသိဟုပြောပါသည်။ အော် - ယခုမိုးကုတ်ရိပ်သာအဖြစ်ဖွင့်ထားရာ မြေထုံ၊ မီးထုံကူးသည်ဆိုသော သမထ၏ အစွယ်အပွား များ အား လူမသိစေလိုသည်လား။ သို့မဟုတ် ကျမသူငယ်ချင်းက သမထဟုဆိုကာ မပြောပြတာလား။ သူနှင့်ခုနှစ်ရာခိုင်မှ ဘုန်းဘုန်းဦးသုဇာတ ရုပ်ကလပ်အကြောင်းပြောရင်းနှင့် ကျမစိတ်ထဲတွင် ဖြတ်ခနဲ တခုခုကိုပြန်သတိရသည်။ ကျမကို အာရုံတွင် နင်ငါ့ကိုမကြောက်ဖူးလားဟု မေးစဉ်က ဘုန်းဘုန်း ဦးသုဇာတ၏ ဘယ်ဘက်မျက်လုံးသည် ပတ်ကြားအက်သကဲ့သို့ အက်နေသည်။ ညာဖက်ကိုကား သိပ်သတိမထားမိလိုက်။ အက်ကြောင်းများမှ မျက်လုံးခွက်တစ်ခုလုံးပြန့်နှံ့နေ၏။ ထိုကြောင့် ကျမသည် ဘုန်းဘုန်းတပည့် (ယခုဦးဇင်း ဦးပေါကြည်)အားမေးမိသည်။ မျက်လုံးတွေက အကြီးကြီးတွေလားဟု ။ သို့သော် ကျမသည် မျက်လုံးမှာအက်ကြောင်းတွေနဲ့ဟုကားမပြောခဲ့မိ။ ဦးဇင်းကား သူ၏ ဆရာ၏ မျက်လုံးများပတ်ကြားအက်လိုက်ကြီး သရဲမျက်လုံးကြီးကြ နေတာဘဲဟုပြောလျင် ကြိုက်နှစ်သက်မည် မဟုတ်သည်ကို သိသဖြင့် မျက်လုံးအကြီးကြီး လားဟုမေးခဲ့မိပါသည်။ ထိုအခါ ဦးဇင်းမှ မျက်မှန် အ၀ိုင်းကြီးတပ်တယ်။ ဒါကြောင့်မျက်လုံးအကြီးကြီးပြတာဖြစ်မှာဟုဖြေကြားခဲ့ပေသည်။ တကယ်လည်း မျက်မှန်အ၀ိုင်းကြီးတပ်ထားသည်ကို ဘုန်းဘုန်း၏ မူလရုပ်သွင်ဓာတ်ပုံတွင် မြင်ခဲ့ရပေသည်။
          တကယ်တော့ ၀ိဇ္ဇာမျက်လုံးတွင် မျက်လုံးများကိုလာလှူသော အဘိုးကြီးသည် မျက်စေ့ကန်း နေသည်ဟု ဦးဇင်းသည် ကျမကိုပြောပြခဲ့သည်။ စကားပြောနေရင်း ဆက်စပ်တွေးမိလာသည်မှာ ဒီမျက်လုံးတွေက ဘုန်းဘုန်းဦးသုဇာတ မျက်လုံးတွေကော မဖြစ်နိုင်ဘူးလား။ ၀ိဇ္ဇာတို့မည်သည် ထုံကူးအောင်မြင်မှတော့ ကိုယ်ပွားကောမခွဲနိုင်ပေးဘူးလား။ ထိုမျက်လုံးတို့သည်ကော ဘုန်းဘုန်း ဦးသုဇာတ၏ မျက်လုံးတစုံမဟုတ်တောင် တလုံးကတော့ သေချာသည်။ ဘယ်ဘက်။ ဘယ်ဘက်မျက်လုံးကို ထုတ်လျင် မျက်ခွံရိုးအထိတော့ ဒဏ်ရာပါနိုင်သည်မဟုတ်ပါလား။ အခုလည်း မျက်လုံးကြီးကား အက်ကြောင်းကြီးများအထင်အရှား။ ကျမ စိတ်တွင်ပေါ်လာသော အသိဥာဏ်ကား အမှန်ဟုပင် ဒက်ထိယူဆလိုက်ပါသည်။(၀ိဇ္ဇာမျက်လုံးဘုရား ပို့စ်တွင် အထက်ပါအကြောင်းများ ရေးထားခဲ့ပါသည်)
          ထိုကျောင်းတွင် ကျမသည် တရားဖြုတ်သောအချိန်တွင် ငန်းများ၊ တောကြက်အုပ်များ၊ ကြောင်များကို ဓာတ်ပုံလိုက်ရိုက်သည်။ မြို့တွင် မြင်ရခဲသော တိရစ္ဆာန်များဖြစ်သည့်အတွက်ပါ။ တခုထူးခြားတာက ဦးဇင်းနေသော ကျောင်းတွင် ကြောင်အနက်(၃)ကောင်ရှိသည်။ နက်တာမှ မှောင်လို့။ ကျမတွင်လည်း လွန်ခဲ့သော နှစ်(၃၀)ခန့်ကနက်မှောင်ပြီး မျက်လုံးအ၀ါကြောင်တကောင် ရှိခဲ့ဘူးရာ Blackie ဟုနာမည်ပေးထားသည်။ သူကအလွန်စွမ်းသည် ခိုးစားသောအတတ်တွင် တဖက်ကမ်းခတ်။ တကယ်တော့ ဥာဏ်ပြေးသည်ပြောရမည်ပင်။ ထမင်းစားပွဲပေါ်အုပ်ဆောင်း အုပ်ထားလျင် အုပ်ဆောင်းကို နှာသီးဖြင့် တွန်းချသည်။ အုပ်ဆောင်းစားပွဲစွန်းပေါ်မှ ပြုတ်ကျသော် ရှိသမျှ ပုဂံတွေမှောက်ပြီး အောက်ကိုပြုတ်ကျသော် သူကအကုန်စားပစ်တော့သည်။ ထိုကြောင်တွေ မြင်တော့ ကျမဓာတ်ပုံရိုက်သည်။ ဦးဇင်းအား ခရီးနီးလျင် သယ်သွားခြင်လိုက်တာ တစ်ကောင်လောက်ဟု။ ခရီးကဝေးနေလို့ဟုပြောမိရာ- ဦးဇင်းက သူကကြောင်ကို ချစ်လို့မွေးထားတာ မဟုတ်ဖူး။ သူ့အလိုလိုရောက်ပြီး ပေါက်နေတာဟုပြောပါသည်။ ပါးစပ်ဆော့ခဲ့သောကျမ။ ဇူလိုင်လတွင် ဆရာတော်ဘုရားကြီးမွေးနေ့ပွဲသွားပြီးသော် ကြောင်မတစ်ကောင်မွေးပါသည်။ သူမွေးသည်ကြောင်လေး နှစ်ကောင်မှာ အနက်၊ နက်သမှ မျက်လုံးတောင်နက်သည်။ သူတို့ကိုမြင်သော် စိတ်ပျက်မိသည်။ လှလည်းမလှဘူး။ အမဲတွေချည်း။ ပြီးတော့အမတွေကလည်းဖြစ်ပြန်။ အိမ်တွင်ကြောင်တွေများနေပြီ။ ကျမသူငယ်ချင်းက ကြောင် အကောင်(၄၀)ရှိသည်။ သနားသည်ဆိုကာ မွေးထားကျွေးထားခြင်းပင်။ သူကားတရားလည်း ထူးချွန်တော့ ဘ၀တွေကိုသနားခြင်း စာနာခြင်း မေတ္တာထားခြင်းသာ။
စိတ်ထဲဘ၀င်မကျတော်တော်ဖြစ်နေမိသည်။ အမဲတွေ မျိုးရိုးလည်းမရှိ အိမ်အနားတွင်လည်း ကြောင်အမဲတစ်ကောင်မှမရှိ။ သို့သော် အမဲ။ သို့သော် ယခုတစ်လခန့်ကြာသော် သဘော ပေါက်သွားပါပြီ။ ဆော့ခြင်ဦးဟဲ့ ပါးစပ်ဟုကိုယ့်ကိုကိုယ် ပြောမိပါသည်။ ဘုန်းဘုန်းဦးသုဇာတ က ကျမကို ပညာပေးလိုက်ပါပြီကော။
          ပါးစပ်မဆော့နဲ့။ ပါးစပ်မဆော့နဲ့ဟု။ ကျမကိုမကြာခဏ ဘိုးတော်အောင်မင်းခေါင်တို့ ကလည်း ဆုံးမလေ့ရှိသည်။ ယခုတော့ ပညာပေးလိုက်ပါပြီ။ ကျမလည်း ၀ိဇ္ဇာတို့မည်သည် ဘုန်းဘုန်း ဦးသုဇာတ- တပည့်တော်ကို ပညာပေးလိုက်တာလားဘုရားဟု။
          သီလ သမာဓိ ပညာတို့မှ ဖြစ်ပေါ်လာသော ဥာဏ်တော်၊ တန်ခိုးတော်တို့ကား ထူးဆန်းလှပေစွ။ ဆန်းကျယ်လှပေစွ။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts