Wednesday, May 1, 2013

စိတ်မှာစူးတဲ့ ငြောင့်ငါးချောင်း(ယောဂီများသိမှတ်ဖွယ်)




www.facebook.com/booksforus မှဖော်ပြခြင်းဖြစ်ပါသည်

တရားအားထုတ်နေတဲ့ တချိန်လုံးယောဂီရဲ့ စိတ်ကို ဖြူစင် ကြည်လင်နေအောင်ထားရမယ်ဆိုတာ အင်မတန် သဘာဝကျပါတယ်။ ပြီးတော့ အထူးဂရုပြုဖို့ မြတ်စွာဘုရား မိန့်ကြားတဲ့အ ချက်ထဲမှာ စိတ်ကို ငြောင့်မစူးစေနဲ့တဲ့။ ခရီးသွားတဲ့ ပုဂ္ဂိုလ်များ ဆူးစူးတယ်၊ ငြောင့်စူးတယ်ဆိုရင် ခြေထောက်စူးရင် မသွားနိုင်တော့ဘူး၊ သွားနိုင်တောင်မှပဲ ထော့နဲထော့နဲ့ ကောင်းကောင်းမသွားနိုင် တော့ဘူး၊ ဒါကြောင့် ခရီးမတွင်ဘူးတဲ့၊ ပုဂ္ဂိုလ်စိတ်ထဲမှာ ငြောင့်စူးရင် ရှုမှတ်ပွားများ အားထုတ်မှုကို  သူအားတက်သရော မပြုတော့ဘူး၊ အားတက်သရော မရှုမှတ်ဘူး၊ အားတက်သရော မပွားများဘူး၊ စိတ်ဝင်တစားမရှိဘူး၊ အဲဒီတော့ သူရဲ့ ၀ိပသနာခရီးနှောင့်နှေးတယ်။ ဒါမှမဟုတ် ပျက်စီးတယ်ပေါ့လေ။ ဒါကြောင့် ငြောင့်မစူးစေနဲ့တဲ့။
စိတ်ကိုစူးတဲ့ ငြောင့် ငါးချောင်းရှိတယ်။ စေတောခိလ လို့ခေါ်တယ်။ စိတ်ကိုစူးတဲ့ ငြောင့် ငါးချောင်းက ဘာလဲလို့ဆိုတော့
ဗုဒ္ဓေ ကင်္ခတိ ၀ိစိကိစ္ဆတိ၊ ဓမ္မ ကင်္ခတိ ၀ိစိကိစ္ဆတိ၊ သံဃေ ကင်္ခတိ ၀ိစိကိစ္ဆတိ၊
သိက္ခာယ ကင်္ခတိ ၀ိစိကိစ္ဆတိ၊သဗြဟ္မစရိယာနံ ကုပိတော ဟောတိ။ တဲ့
မြတ်စွာဘုရားကို ယုံမှားသံသယ ဖြစ်နေရင် အဲဒါငြောင့်စူးတာဘဲတဲ့၊ ဘယ်လိုလဲဆိုတော့ ဘုရားစစ် ဘုရားမှန် ဟုတ်ရဲ့လား၊ ဒီဘုရားဟောတဲ့ တရားတွေ မှန်ရဲ့လား၊ သံသရာဝဋ်က လွတ်စေနိုင် ဆင်းရဲ ငြိမ်းစေနိုင်တယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ အဲဒီလို မြတ်စွာဘုရားအပေါ်မှာ ယုံမှားသံသယ ဖြစ်နေရင် ၀ိစိကိစ္ဆာပေါ့။ အဲဒီလိုဆိုရင် ဒီပုဂ္ဂိုလ်တရားကို ကြိုးကြိုးစားစား အားမထုတ်တော့ဘူးတဲ့။ စိတ်ဝင်တစား အားမထုတ်တော့ဘူး၊ ထို့အတူပဲ မြတ်စွာဘုရားဆုံးမထားတဲ့ တရားတော်တွေကို ယုံမှားသံသယဖြစ်တယ်၊ ဒီတရား အတိုင်းကျင့်လို့ ဆင်းရဲငြိမ်းပါ့မလား၊ ချမ်းသာရပါ့မလား၊ ဟုတ်မှ ဟုတ်ရဲ့လား၊ ဒီတရားတွေက မြတ်စွာဘုရားဟောခဲ့တာကော ဟုတ်ရဲ့လား အစရှိသည်ဖြင့် တရားအပေါ်မှာ ယုံမှားသံသယ ၀ိစိကိစ္ဆာဖြစ်နေရင် အဲဒါလဲ စိတ်မှာ ငြောင့်စူးတာပဲ။ သူလဲပဲ ကြိုးကြိုးစားစား အားမထုတ်တော့ဘူး၊ စိတ်ပါဝင်စားစွာ အားမထုတ်တော့ဘူး။ အဲဒီတော့ တရားမရဘူးပေါ့။
ထို့အတူပဲ သံဃာတော်အပေါ်မှာ ယုံမှားသံသယ ဖြစ်နေရင်၊ ဒီသံဃာတော်တွေဟာ သံဃာစစ်၊ သံဃာမှန်တွေ ဟုတ်ကော ဟုတ်ရဲ့လား၊ မြတ်စွာဘုရားရဲ့တရားတော်တွေကို ကိုယ်တိုင် ကျင့်ကြံပြီး တော့ အများကျင့်ကြံနိုင်အောင် တရားတော်တွေကို စောင့်ရှောက်ထိန်းသိမ်း ဟောပြောနေတဲ့ သံဃာစစ် သံဃာမှန်တွေ ဟုတ်ကော ဟုတ်ရဲ့လား အစရှိသည်ဖြင့် သံဃာအပေါ်မှာ သံသယ ၀ိစိကိစ္ဆာဖြစ်နေရင် စိတ်မှာငြောင့်စူးတာပဲ။ သူလဲ ကြိုးကြိုးစားစား အားမထုတ်တော့ဘူးတဲ့။
သီလသိက္ခာ သီလအကျင့်၊ သမာဓိသိက္ခာ သမာဓိအကျင့်၊ ပညာသိက္ခာ ပညာအကျင့်၊ အဲဒီအကျင့် သုံးဖြာ ဒီအကျင့်တွေ ကျင့်လို့ ဆင်းရဲငြိမ်းပါ့မလား သံသရာဝဋ်က လွတ်တယ်ဆိုတာ ဟုတ်ပါ့မလား၊ ပင်ပန်းရုံမျှသာ ဖြစ်နေမလားလို့ အစရှိသည်ဖြင့် သံသယ ၀ိစိကိစ္ဆာတွေ ဖြစ်နေရင် သူ့စိတ်မှာ ငြောင့် စူးနေလို့၊ မကြည်လင်တော့ ကြိုးကြိုးစားစား အားမထုတ်တော့ဘူး၊ ပြီးတော့ နောက်ငြောင့် တချောင်းက အားထုတ်ဖော် အားထုတ်ဖက် ယောဂီတွေ အပေါ်မှာ အပြစ်မြင်နေ စိတ်ဆိုးနေ စိတ်ခုနေတယ် ဆိုရင်လဲ ငြောင့်စူး ပြန်တာပဲ။ သူလဲ ကြိုးကြိုးစားစား အားမထုတ်တော့ဘူးတဲ့၊ ဒါကြောင့် သူလဲ တရားမရနိုင်ဘူးတဲ့။
ဒါကြောင့် အားထုတ်ဖော် အားထုတ်ဖော် အပေါ်လဲ စိတ်မဆိုးရဘူး။ အားထုတ်ဖော် အားထုတ်ဖက်ဆိုတာ ဒီလိုပဲ တခါတရံ အဆင်မပြေတာလေးတွေ ရှိတတ်ဖြစ်တတ်တယ်။ ဖြစ်တတ်တော့ အဲဒီအဆင်မပြေတာကို ကိုယ်က အဆင်ပြေအောင် နှလုံးသွင်းရတယ်။ ဥပမာ- ကိုယ်က ဒီမှာ စင်္ကြံကို ကြွတယ် လှမ်းတယ် ချတယ်လို့ရှုမှတ်လို့ ကောင်းနေလို့ သမာဓိဖြစ်နေ တယ်။ အဲဒီအချိန်မှာ ယောဂီတယောက်က လာပြီး တို့ပြီးတော့ တစုံတရာ မေးတယ်ဆိုရင် သမာဓိ ပျက်သွားပြီ။ အဲဒီတော့ ဒီယောဂီ သူ့သမာဓိပျက်သွားလို့ စိတ်ဆိုးတယ်။ ဒေါသထွက်တယ် ယောဂီနှယ် အလိုက်မသိလိုက်တာနော်။ သူများ ကျကျနန အားထုတ်နေတာ လာနှောင့်ယှက်တယ်။ အဲဒီလိုစိတ်နဲ့ပြစ်မှားမိတတ်တယ်။ အခုအခံဖြစ်တတ်တယ်။ အဲဒီတော့ အဲဒီလို ဖြစ်ရင်လဲ စိတ်ငြောင့်စူး သွားပြီ၊ ယောဂီတရားအဆင်မပြေတော့ဘူး။ အဲဒီလို တွေ့တတ် ဖြစ်တတ်တာ ရှိတော့ အဲဒီလိုဖြစ်လာရင် ယောနိသော မနသိကာရ သင့်တင့်အောင် အဆင်ပြေအောင် နှလုံးသွင်းပြီးတော့ မိမိစိတ် ကြည်လင်အောင်ထားပါ။
ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနက ဘိဝံသ၏ (၂၅၊၈၊၂၀၁၂)- ၈၅ ကြိမ်မြောက်မွေးနေ့ ပူဇော်ပွဲတွင် ဆရာတော်ဘုရားကြီး မိန့်ကြားသော သြ၀ါဒ ဒေသနာတော်ကို ထုတ်ဝေထားသော နံနက်ချိန်ခါ သြ၀ါဒဒေသနာမှ တရားအားထုတ် နေတဲ့ ယောဂီများ စူးတတ်သော ငြောင့် ငါးချောင်းကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts