Wednesday, May 1, 2013

မသိသူကျော်သွား သိသူဖော်စား



ဧပြီ ၂၇-၂၈ သည် ကျမအတွက် အလုပ်ရှုတ်သလို ခြေတိုစေသောနေ့ဖြစ်ပါသည်။ အိမ်ရွေ့နေသည့် အတွက် ကပ်နေကြဆွမ်းများလည်းမကပ်မိ၊ ၂၉ ရက်နေ့ကလည်း မနက်စောစော မုန့်ဆွမ်းသာကပ် မိပါသည်။ ယနေ့ မေဒေး(၁ မေလ)ဖြစ်သဖြင့် ရုံးပိတ်သည့်အတွက်တကြောင်း၊ မနေ့က နန်းစိန်က မုန့်ကို မြို့ထဲသွားသည့် တပည့်လေးက မျှသဖြင့်လည်းကောင်း၊ မြတ်စွာဘုရားနှင့် ဆရာတော်ဘုရားကြီးအတွက် ဆွမ်းနှင့် ဘောဇဉ်ကိုပြင်ဆင်၍ကပ်လှူခဲ့ပါသည်။ အပတ်စဉ်ပိတ်ရက်တိုင်းအလှူခံပေးသည့် သံဃာတော်များအတွက်ပါ ငဖယ်ဆုပ်ဟင်းနှင့် ပီဇာများလောင်းလှူခဲ့ပါသည်။
ပြီးသော် ကျမသည် တလသားကြောင်လေး ၂ကောင်ကို ကုတင်ပေါ်တင်လိုက်ချလိုက် ဓါတ်ပုံရိုက်လိုက် အလုပ်ရှတ်ပါတော့သည်။ အိမ်ပြောင်းသည်ကို အကြောင်းပြ၍ ချမ်းမြေ့ဆရာ တော်ဘုရားကြီး၏ ရင်တွင်စူးသောညှောင့် ၅ ညှောင့်ကိုပြန်လည်ရေးသားရန်လည်းကောင်း၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ အိမ်မက်ဖြင့်ပြောသောစကားများမှ ထူးဆန်းသော အကြောင်း အရာအချို့ကိုပို့စ်တင်လိုပါသော်လည်း အမှန်အတိုင်းပြောလျင် ပျင်းရိနေမိပါသည်။
အိမ်ပြောင်းသည့်ညတွင် ကြောင်လေးတစ်ကောင်သည် ကျမရှေ့တွင် အသက်ငင်လျက်သေ သွားပါသည်။ ထိုစဉ်ကအတော်စိတ်မကောင်းဖြစ်မိပါသည်။ ကြက်ပေါင်းရေများကို ဆေးထိုးအပ်သုံး လျက် တိုက်သော်လည်းပြန်မလန်းလာတော့ဘဲ သေသွားပါသည်။ မသေမှီတွင် လူသံကြား၍ လူစွဲကာ လူလေးဖြစ်သော်ဖြစ်ပါစေတော့ဟု ဘေးမှနာမည်ခေါ်ခေါ်ပေးခဲ့ပါသည်။ နောက်တနေ့တစ်ကောင် သေပြန်ပါသည်။ ဒရွတ်ဒရွတ်နှင့်မျက်စေ့ရှေ့တွင် နောက်ပြန်ဆွဲကာသေသွားသော ကြောင်လေးအား ကြည့်၍ စိတ်မကောင်းဖြစ်မိပါသည်။ သူ့စအိုမှထွက်သော မစင်များကိုလည်း တစ်သျှူးဖြင့်သုတ်ပေး သောအခါ သွေးကြောပေါက်လို့ဖြစ်တာဟု ကျမသိလိုက်မိပါသည်။ သို့အတွက် ဆေးဖြင့်သက်သာလို သက်သာငြား ဆေးတချို့တိုက်လိုက်မိပါသည်။ မိန်းမောသွားသည်ထင်ပါသည် အသံမထွက်တော့ ထိုအခါကျမလည်းအိပ်ပျော်သွားပါသည်။ မနက်တော့ ပူစီလေးသေသွားပါသည်။ သံဝေဂလည်း တော်တော်ရမိသည်။ ဘ၀လေးတွေတိုလိုက်တာဟု။ ဘာကြောင့်သေရသလဲဟု သော တရားခံလည်းမိသွားပါသည်။ ကျမနှင့်အတူနေသူက ပုရွက်ဆိပ်ဆေးများကို သူ့အခန်းတွင် အသုံးပြုသည့်အတွက် ကြောင်လေးများ သည် လျက်မိထိမိရင်း သွေးကြောပေါက်သေသွားခြင်းပင်။ တိရစ္ဆာန်လည်းဖြစ် ညနက်လည်းဖြစ်၍ ကြောင်လေး များကို ဒီအတိုင်း အဆုံးရှုံးခံလိုက်ရသည် ကိုစိတ်မကောင်းပါ။ ယခုခေတ်တွင်သာ ခေတ်မှီဆေးတွေများ ၍ သေခါနီးဆေးထိုးထားကြသဖြင့် ပြင်းထန်သော သဘာဝအတိုင်းအသက်ငင်သည်ကို လူတွေ မမြင်ဘူးကြတော့ပါ။ တကယ်တန်း အသက်တချောင်းထွက်ဖို့ လွယ်ကူသည်မဟုတ်ပါ။ နောက်ဆုံးထွက်သက်အတွက် ပြင်းထန်စွာရှုရှိုက်နေရပြီး အသက်ထွက်ခါနီးတွင် အကြောများဆွဲကာ ထွက်ပြီးသည်နှင့် အကုန်ပြိုကျသည့်အလားပင်။ အရုပ်ကျိုးပြတ်ကဲ့သို့ခန္ဓာကြီးပါပင်။
ကြောင်(၅)ကောင် ကျမအနီးစခမ်းမသွားမှီမွေးထားရာ၊ တနေ့တကောင်နှုန်းကြွသွားရာ၊ အထီးလေး နှစ်ကောင်သာကျန်ပါတော့သည်။ ယနေ့သံဃာများဆွမ်းလောင်းပြီး ကျမတရားတော့ထိုင်ဦးမည်ဟု စိတ်တွင် ရည်မှန်းထားလိုက်ပါသည်။ သို့သော်ကြောင်လေးများကိုတော့ ဓါတ်ပုံရိုက်ထား ဦးမယ်ဟုစိတ်ကူးကာ ကုတင်ပေါ်တင်ထားသောကြောင်လေးတစ်ကောင်ကို ဓာတ်ပုံ ရိုက်လိုက်ပါသည်။ ပုံ(၁)၊
ပုံ-၁ ၊ ကြောင်ကလေး ရှာရှာကြံကြံနေနေပုံကို ၇ိုက်ထားသောပုံ။

ပုံ-၂၊ ယုန်တစ်ကောင်ကဲ့သို့ပုံပေါ်လာခြင်း ၊ ထိုယုန်၏ အလင်းဖေါက်နေသော အဖြူရောင် နားရွက်အပြားပေါ်တွင် ဆရာတော်ဘုရားကြီး ဆွမ်းခံသည့်ပုံအရိပ်ပေါ်နေခြင်း။ ထိုယုန်ပေါ်သောနေရာတွင် မည်သည့်အရာမှ မရှိပါ။ ပုံ-၁ အတိုင်း လုံးချေထားသော အိပ်ရာခင်းသာရှိပါသည်။ ပုံ(၁)ကို ရိုက်ပြီး၊ ကြောင်ပေါက်လေးနောက်တစ်ကောင်အား ကောက်တင်၍ ဆက်တိုက်၇ိုက်ထားခြင်းဖြစ်ပါသည်။



 နောက်ထပ်တစ်ကောင်အား ထပ်တင်ကာဓာတ်ပုံရိုက်လိုက်ပါသည်။ ထိုစဉ်ကြောင်အမေ-ပုပုမှဝင်လာသဖြင့် ဒုတိယပုံတွင် မအေကြီး၏ခြေထောက်တစ်ဖက်အား မြင်ရပါမည်။ပုံ-(၂)။ ရိုက်ပြီးသော် ကျမကြောင်ပုံများကို ပြန်စစ်ပါသည်။ ထူးဆန်းစွာဖြင့် ပုံ(၂)တွင် အမွှေးအလုံးကြီးကိုတွေ့မြင်ရပါသည်။ ဘာကြီးလဲဟုသေချာချဲ့ကြည့်မိပါသည်။ ကုတင်ပေါ်တွင် အိပ်ယာခင်းကို ပူသဖြင့်ကျမလုံးချေထားတာနှင့် ခြေတင်သော ဖက်လုံးသာရှိပါသည်။ သို့သော် အလုံးပုံကြီးကထင်နေ၏။ သေချာကြည့်သော် ယုံတစ်ကောင်ကဲ့သို့ အမွှေးအလုံးကြီးတွင် မျက်လုံးတောင်ပါသေး၊ နားရွက်ကအလင်းဖေါက်နေသယောင်။ နားရွက်တွင် တခုခုရှိသည် နီညိုညိုလေး။ သို့နှင့် ကျမသည် အနည်းငယ်ရိပ်မိလာသည်။ နားရွက်တွင်ပေါ်နေသည်မှာ ဆရာတော်ဘုရားကြီး သပိတ်ပိုက်နေသောပုံသာ။ 

ကျမဘုရားခန်းစားပွဲပေါ်မှ ဆွမ်းပွဲ။ လက်ဝဲဘက်မှာဆရာတော်ဘုရားကြိးခြေရာပုံတော်ကို ပလပ်စတိတ်လောင်း ထားတာပါ။ ကျမက ဆရာတော်ဘုရားကြီး ခြေတော်ရာကို ကန်တော့တာဖြစ်ပါတယ်။ အောက်ဖက်အစွန်းခြေရာပုံမှာ ထူးခြားတာကို ရှာကြည့်လို့တွေ့ရင် ပဌာန်းဆက်ရှိလို့ဘဲလို့ ပြောခြင်ပါတယ်။

ချက်ခြင်း ဘုရားခန်းထဲပြေးကာ ဆွမ်းပွဲကိုရိုက်လိုက်သည်။ ကျမဆွမ်းပွဲကား ရိုးရှင်းလှပါသည်။ မဟာမြိုင်တောကြီးထဲတွင် အများနှင့်ဆွမ်းလောင်းသကဲ့သို့သာကပ်သည်။ အမြဲလိုလို တစ်ခု တည်းသောဆုကိုသာတောင်းသည်။ နိဗ္ဗာန်ကိုသာလွယ်ကူလျင်မြန်ရောက်လိုပါ၏ဟု။ ထိုဆွမ်းပွဲ ကိုရိုက်ပြီးလျင် ပုံပေါ်နေသောနေရာကို (မူရင်း)အတိုင်းယှဉ်ကြည့်နိုင်ရန် ပြန်ရိုက်သည်။ မည်သို့မျှ ဖြစ်နိုင်ဘွယ်အကြောင်းမရှိ။ လုံးချေထားသော အ၀တ်မဖြူသာတည်း။
စိတ်ထဲတွင် မကြေနပ်သေးသဖြင့် ကွန်ပြူတာနှင့် ဖုန်းကိုဆက်ကာ ပုံတော်ကို ပြန်ကြည့်သည် ထိုအခါတွင် သေချာနေပါသည်။ အမွှေးနှင့်ယုံတကောင်၏ နားရွက်ပုံပေါ်နေပြီး ထိုနားရွက်ထဲတွင် ဆွမ်းခံနေသော ဆရာတော်ဘုရားကြီး၏ ပုံတော်သည်ပေါ်လျက်နေသည်။ လက်နေရာလေးများပင် ချဲ့ကြည့်သော်မြင်ရပါသည်။ ခေါင်းတော်ကားမထင်ရှားသော်လည်း သင်္ကန်းတော်နေရာကားသိသာ လှပါသည်။ ဘုန်းတော်ဂုဏ်တော်ကား အံဘွယ်မဆုံးပေ။ ကျမသည် ဘုရားခန်းထဲပြန်သွား၍ ကန်တော့မိပါသည်။ အမှန်အတိုင်းဝန်ခံရလျင် မျက်ရေများလည်းဝဲလာပါသည်။ မြတ်စွာဘုရားပွင့် ခဲ့သည်မှာကြာလှပြီ။ ဒီသံသရာကမလွတ်နိုင်သေး။ ပြိတ္တာဘ၀ဘယ်လောက်များကြင်လည်ခဲ့ရပါလိမ့်၊ အောက်လမ်းသွားဦးမည်လား။ ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်တောင်မှ ထိုသို့ဆိုလျင် သမ္ဘူဥာဏ်ဖြင့် မြတ်စွာဘုရား၏ ဘုန်းတော်ဂုဏ်တော်တို့ကား ဆုံးအံ့မထင်။
ယခင်က ဆွမ်းကပ်ရာတွင် ပန်ထွာမယ်တော်ကြီးကိုအကူအညီတောင်းခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသပိတ်အတွင်းလောင်းလှူပေးပါဟု။ တစ်ကြိမ်သော် ညောင်ဦးတွင် အမျိုးသမီး တစ်ဦးအား သူ့အားဆရာတော်ဘုရားကြီးအားဆွမ်းလောင်းရင် အကူအညီတောင်းပါ။ သူတို့ပို့သ သောမေတ္တာအားလည်း ခံယူပါဟု။ ကျမသည်တော်တော်အံ့သြသွားသည်။ ကျမ ဆွမ်းလောင်းပေးရန် အကူအညီတောင်းသည်ကို ကျမကလွဲလျင်မည်သူမှမသိပါ။ သို့သော် သူတို့ပို့သသော မေတ္တာကိုခံယူပါဆိုသည်ကိုလည်း အံ့သြမိပါသည်။ ကျမတို့ကချည်းပို့လို့ရသည်ဟုထင်မိသဖြင့် ဖြစ်ပသည်။
ဘုရားခန်းဆွမ်းပွဲ၏ဘယ်ဘက်တွင်ရှိသော ပုံမှာဆရာတော်ဘုရားကြီး၏ ခြေရာတော်အား ပလပ်စတိတ်လောင်းထားခြင်းဖြစ်ပါသည်။ခြေရာတော်တွင် ကြည့်သောသူသည်မြင်နိုင်၏ ဆိုသလို ဆရာတော်ဘုရားကြီးနှင့် ပဌာန်းဆက်ရှိလျင် ခြေရာတော်တွင်ထူးခြားသည်ကိုရှာတွေ့နိုင်ပါသည်။
ထိုခြေရာတော်ကား ဆရာတော်ဘုရားကြီးအား ကြည်ညိုသော သံဃာတော်များနှင့် ကျမဆရာမိသားစုမှ တပါးမည်သူ့ကိုမှ မျှဝေခြင်းမပြုပါ။ ကျမဦးခိုက်ရန်အတွက် ပလပ်စတိတ်လောင်း ထားခြင်းဖြစ်ပါသည်။
ကျမအသက် ၅၆ တွင် ဝေဘူဆရာတော်ဘုရားကြီး၊ တောင်ပုလုဆရာတော်ဘုရားကြီးတို့ အထင်အရှားရှိကာ မြတ်စွာဘုရား၏ သစ္စာလေးပါး မဂ်(၈)ပါးမြတ်တရားတို့ကို သက်သေထူသွား ကြသည်မှာ အံ့မခန်းဖြစ်ပါသည်။ အမှန်ရှိ အမှန်သိ အမှန်ကျင့် အမှန်ပွင့်ကြကုန်လေပြီ။ သက်သေ လည်းပြကုန်ကြသည်။ အားလည်းကျသင့်ပါလျက်- အားကားကျကောင်းကျမည်- မအားမအား မအား တရားတွေသာ အားထုတ်နေရကား သံသရာကြီးကာ ရှည်နေပါဦးမယ်။ အားကျ-အားထုတ်နိုင်ကြပါစေ။ ကျမကိုယ်ကျမလည်း ဆုတောင်းမိပါသည်။ အားထုတ်နိုင်သော ခန္တာတော့ ရှိဘို့လိုပါသည်။ ခါချဉ်ကောင်မာန်ကြီး တောင်ကြီးကို ဖြိုမယ်ကြံ ခါးကမသန် ဘ၀ရောက်မှန်းမသိ ရောက်နေပါသည်။
လူမသိသူမသိ ပွင့်တော်မူကြကုန်သော ရဟန္တာများများစွာရှိပါသည်ဟု ဆရာတော်ဘုရားကြီးမှ မိန့်ခဲ့ဘူးပါသည်။ သို့ကြောင့် အမှန်ကျင့်ကြံ အမှန်သိ သံဃာဂုဏ်ကားကြီးမားလှပါဘိဟု။ ကြည်ညိုနိုင်ကြပါစေရန် ရည်သန်၍ ရေးသားလိုက်ရပါသည်။
ဖော်ပြထားသောပုံများမှ လုပ်ကြံဖန်တီးထားခြင်းလုံးဝမရှိပါ။
အောက်ဖော်ပြထားတဲ့ပုံတွေကတော့ ရန်ကုန်မြို့ ဥေယျဓာမ်စာပေ ပိုင်ရှင် ဦးထွန်းမြင့် ၊ ဒေါ်မြင့်မြင့်ကြည်တို့မှ အမကြီးဒေါ်ခင်မာကြူမှတဆင့်ပေးလိုက်တဲ့ ထူးခြားတဲ့ ပုံတော်တပုံပါ။ 
ကြည်ညိုနိုင်ကြပါစေ၊ သံဃာဂုဏ်ကို အထူးတန်ဘိုးထားနိုင်ကြပါစေ၇န်အလို့ငှာ တင်ပေးလိုက်တာ ဖြစ်ပါတယ်ရှင်။
သူတော်ကောင်းဓာတ် ကမ္ဘာတွင် ပျံ့နှံ့တည်ပါစေသော်။ တရားသော သာသနာသည် မတရားဘာသာကို လွမ်းမိုးနိုင်ပါစေသား။
မေတ္တာဖြင့်




Add caption
နောက်ဆက်တွဲ
ယနေ့ နေပြည်တော် မြတ်တော်ဝင်ဟော်တယ်တွင် အစည်းအဝေးသွားတက်ရာတွင် လိုက်ပို့သော ကားဆရာလေးအား ကျမသည် ဖုန်းထဲမှာ ပုံအားပြမိပါသည်။ ထိုကားဆရာလေးကား ကျမနေပြည်တော် ရုံးသို့သွားရင် လက်လုပ်တောင်ကျောင်းကို ခဏ၀င်ခြင်လျင် မငြိုမငြင် ၀င်ပေးသော ကားဆရာေ လးဖြစ်ပါသည်။ ကျမသည် သူ့အား ထူးဆန်းသောပုံအကြောင်းပြောပြရင်း၊ ပထမထူးဆန်းသောခြေရာပုံမှာ မဟာမြိုင်တောအတွင်းဖြစ်ပြီး အသုံးပြုသော ကင်မရာ အမ်ပီ-၄ ကင်မရာသာဖြစ်ပါသည်။ ဒုတိယ ပုဂံ ဘုရားအမှတ်၂၁၀၆ တွင် ပေါ်သောပုံအားရိုက်သော ကင်မရာမှာ ဆိုနီဆိုင်ဘာရှော့သာဖြစ်ပါသည်။ ယခုတဖန် ထူးဆန်းသောပုံပေါ်သည့် ကင်မရာကား ဆမ်ဆောင်းကီယို ဖြစ်ရာ ကင်မရာ၏ အပစ်အနာအဆာကြောင့် ထူးဆန်းသောပုံပေါ်ရအောင်ကလည်း ကင်မရာ တစ်လုံးနှင့်တစ်လုံးအမျိုးအစား မတူပါ။ ကားဆရာလေးနှင့်စကားပြောရင် ကျမသည် သူ့အား စိတ်ထဲတွင် ပုံမြင်လိုက်၍ သံသယဖြစ်ပြီး မူလနေရာအား ရိုက်ထားသော အောက်မှ အိပ်ရာခင်းအား လုံးချေထားသောပုံအားပြမိလိုက်ပါသည်။ ထိုစဉ် ကျမအတွေးထဲတွင် ကျမအိမ်တွင် ကြောင်အ၀ါရောင်လုံးဝမရှိပါဘဲ ဘာကြောင့် ယုန်၏အေ၇ာင်သည် အ၀ါရောင် အမြင်များဖြစ်နေရသနည်း။ ထူးဆန်းသည်ကို တွေးမိနေပါသည်။ ဒီအ၀ါမျှင်တွေက ဘယ်ကလဲ ဟု။ အလင်းရောင်တခု ခေါင်းထဲတွင် ဖြတ်ကနဲရလိုက်သည် အ၀ါမျှင်တွေကား ကျမကုတင်ပေါ်တွင် တရားထိုင်သော နေကထိုင်အ၀ါရောင်၏ အမွှေးများကဲ့သို့ဖြစ်ပါသည်။ အောက်တွင် ကြောင်ပေါက်စလေး အိပ်နေသော နေကထိုင်ဖြစ်ပါသည်။ သို့သော် ကျမကင်မရာဖြင့် ရိုက်ခဲ့သော မြင်ကွင်းတွင် ထိုနေကထိုင် အ၀ါရောင်လေးမှာ မရှိပါ။ အိမ်အပြင်တွင် နေပူထုတ်လန်းထားသောကြောင့်ဖြစ်ပါသည်။ တန်ခိုးတော်ကား ထူးဆန်းအံ့မခန်းပေစွ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဆိုလျင်လည်း အမရပူရ၊ မင်္ဂလာတိုက် ကျောင်းတွင် အပေါက်မရှိသော ဖန်ဗူး၊ ရွေကျုတ်တို့ကြားမှ ယိုစိမ့်လျံကြနေခြင်း၊ စွန်းလွန်းဆရာတော်ဘုရားကြီး၏ ခန္တာသည် မပုပ်မသိုးရှိနေခြင်း၊ စသည်စသည် ပွင့်တော်မူကုန်သော ဆရာတော်ဘုရားကြီးတို့သည် အံ့ချီးဘွယ်ရာ တန်ခိုးတော်တို့သည် သက်သေပြကုန်ကြ၏။ အများသူငှာ အားကျရန် မြတ်စွာဘုရား၏ တရားသည် အမှန်တကယ်မှန်ကန်ပါကြောင်း သက်သေများထားခဲ့ကြကုန်၏။ ဆရာတော်ဘုရားကြီးကား မြတ်စွာဘုရားနှင့်ရဟန္တာများသည် ကျွတ်ထိုက်သော ဝေနေယျများအတွက် သက်သေများချန်ထားခဲ့ကြကြောင်း မိန့်ခဲ့ဘူးပါသည်။ သို့ဖြစ်ရာ သို့ဖြစ်ရာ ... မသိသူကျော်သွား၊ သိသူ ဖော်စားပေလော့ဟုသာ။





0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts