Monday, February 25, 2013

ကြံကြံဖန်ဖန် ခိုင်းလည်း ခိုင်းတတ်ပေရဲ့ ဆရာတော်ရယ်နှင့် မြန်မြန်သေကြပါစေ ဆုပေးသော ဆရာတော်ကြီး


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိုးမိတ် မပဒါန်ဂူတွင် သီတင်းသုံးစဉ်


ကြံကြံဖန်ဖန် ခိုင်းလည်းခိုင်းတတ်ပါပေရဲ့ ဆရာတော်ရယ်ဟု သုဝဏ္ဏလျံတောင်တွင် မဏ္ဍပ်ထိုးရင်း သီချင်းလုပ်ဆိုပြီး ကသော ဘိုးမြသိန်း(ညာ)၊ ဘိုးမြသန်း(ဘယ်)မှာ အကိုဖြစ်ပြီး အမွှာညီအကိုဖြစ်ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သုဝဏ္ဏလျှံတောင်တွင် သီတင်းသုံးစဉ် လက်လုပ်တောင်မှ ဘိုးသိန်း (ဘိုးမြသိန်းနှင့်အဖွဲ့)သည် သုဝဏ္ဏလျှံတောင်သို့လိုက်သွားကြသည်ဟု ဘိုးသိန်းကပြောပြပါသည်။ ဆရာတော်ကြီးသည် လားဟူလီရှောများ ဗုဒ္ဓဘာသာ ခံယူပွဲအတွက် မဏ္ဍပ်ဆောက်ရာတွင် ဘိုးသိန်းတို့ အဖွဲ့သည်လည်း ပါဝင်ဆောက်ကြရပါသည်တဲ့။ မဏ္ဍပ်ကလည်းအကြီးကြီးမြှင့်လည်းမြှင့်ရာ ဘိုးသိန်းတို့အဖွဲ့မှာ ၀ါးလုံးများကို နှီးများနှင့်ချီတုတ်နှောင်ရာတွင် လှေကားကိုအသုံးပြုပြီး ချီတုတ်ရသည်ဟု ပြောပြပါသည်။ ဘိုးသိန်းတို့ဆောက်ထားသော မဏ္ဍပ်ကိုလာရောက်ကြည့်ရှုပြီး ဆရာတော်ဘုရားကြီးသည် နှီးတွေကို အောက်မစိုက်ထားဘဲ အထက်သို့ထောင်ရန်ခိုင်းသွားသည်ဟုဆိုပါသည်။ နှီးများကို ချီထုတ်ပြီးပါမှ နှီးစများကို အထက်ထောင်ထားဟု ဆရာတော်မှ မိန့်သောအခါ အောက်စိုက်နေသော နှီးစများကို အထက်သို့ အကုန်ပြန်ထိုးရသည်ဟုဆိုပါသည်။ ကြံကြံဖန်ဖန် ခိုင်းလိုက်သည့်အတွက် လှေကားများပြန်ထောင်ပြီး တက်လုပ်ရပြန်သည်။ ထိုအခါ ဘိုးသိန်းသည် ဆရာတော်ဘုရား မျက်ကွယ်တွင် ကြံကြံဖန်ဖန် ခိုင်းလည်း ခိုင်းတတ်ပလေ၊ ဆရာတော်ရယ် ဟု သီချင်းလုပ်၍ ဆိုသည်ဟုပြောပါသည်။ ထိုအခါ ဘိုးသိန်းသည် စာသားကို သီချင်းကဲ့သို့ဆိုပြီး လက်ကားယားခြေကားယားဖြင့် ကသလိုလုပ်နေခိုက် ဆရာတော်ဘုရားကြီးနောက်မှ ရောက်လာပြီး ဒီအတိုင်းနေ မလုပ်နဲ့ဟု မိန့်သည်ဟုဆိုပါသည်။ ဘိုးမှာ မလုပ်ရဲဘဲ ဒီအတိုင်းနေရသည်။ နောက်တွင် ဆရာတော်ဘုရားကြီးသည် လားဟူ လီရှောများ ကသောပွဲတွင် ဘိုးတို့ပါ ပါဝင်၍ ကပြစေသည်ဟု ဆိုပါသည်။ ထို ဇတ်လမ်းအား တရားပွဲတွင် ဖော်ထုတ်လိုက်သော သူမှာ ဆရာတော်ဦးဗောဓိဖြစ်ပါသည်။ ကျမလည်း မသဲကွဲရာ မရမက ဘိုးကိုမေးတော့သည်။ ဆရာတော်ဘုရားမှ ဘိုးသိန်းအား ဘိုး လာဟူတွေနောက်က အမြီးလေးတွေ သွားဆွဲမိသေးလားဟု နောက်ပါတော့သည်။ အမြီးသွားဆိုလျင် ထိုမိန်းမပျိုအား ယူရသည်ဟူသော ဓလေ့ကို ရည်ရွယ်ခြင်းဖြစ်ပါသည်။
တစ်ခါတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လက်လုပ်တောင်အဖွဲ့၊ ဂေါစဂါမ်ရွာအဖွဲ့များက သွားရောက်ဖူးမျော်ကြသည်။ ပြန်ခါနီးသော် ဆရာတော်ဘုရားကြီး၏ ဆုတောင်းအား မျှော်လင့်နေကြသည်။ တမော့မော့ဖြစ်နေကြသည်။ ဆရာတော်ဘုရားကြီး ဘာဆုများပေးမလဲဟု။ ဆရာတော်ဘုရားကြီးသည် ဘာမပြော ညာမပြောနှင့် မြန်မြန်သေကြပါစေ ဟုဆုပေးလိုက်ရာ ပရိတ်သတ်များသည် ကြောင်နေကြပြီး သာဓုမခေါ်ဘဲနေကြသည်ဟု။ ဆရာတော်ဘုရားကြီးမှာ ထိုအခါမှ ကိလေသာတွေ မြန်မြန်သေကြပါစေဗျာ ဟု ထပ်ဆုပေးတော့မှ သာဓု၊ သာဓု၊ သာဓုဟုခေါ်ကြသည်ဟု ဆရာတော်ဦးဗောဓိအား ဆွမ်းဆန်စိမ်းလောင်းပွဲ အပြီးတွင် သွားရောက်နှုတ်ဆက်သောအခါတွင် ပြောပြပါသည်။ တကယ်တော့ ကိုယ့်ဆရာတော်အကြောင်း ကိုယ်သိရမယ်လေ။ ဆရာတော်ဘုရားကြီးက ဒီလောက်တောင်မေတ္တာကြီးမားတာ မဟုတ်တဲ့ဆုပေးမလား ဟု ဆရာတော်ဦးဗောဓိမှ မိန့်ကြားသလို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ စာလုံးတစ်လုံးအား အလှည့်အပြောင်းလေးနှင့်သုံးတတ်သော ဥာဏ်တော်အားလည်း ဖော်ထုတ်ပြောကြားခဲ့ပါသည်။
လူတိုင်းသေမှာကိုကြောက်သည်။ သေခြင်းသည်လည်း အချိန်မရွေး။ သေခြင်းကို မရင်ဆိုင်ရမှီ ကိလေသာတွေ မြန်မြန်သေရင်တော့ အကောင်းဆုံးဆုမဟုတ်ပါလားရှင်။ ကျမသာဆိုလျင်လည်း သူတို့လိုဘဲ ဆရာတော်ဘုရားကြီးအား ကြောင်တောင်တောင်နှင့်ကြည့်ပြီး သာဓုခေါ်ဘို့ တွေဝေနေမှာအမှန်ပင်။ ခုတော့ ဆရာတော်ဘုရားကြီးပေးတဲ့ ဆုနဲ့ ပြည့်ရပါလို၏ဟု မြန်မြန်သေပါရစေဘုရား။ မြန်မြန်သေပါရစေဘုရားဟုသာ။ (ကိလေသာကိုပြောတာနော်)။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts