Sunday, September 16, 2012

နိဗ္ဗာန်အတက်လမ်းအတွက်ရုန်းအားကောင်းဘို့လိုအပ်တယ်(ဦးဥတ္တမ၊ မဟာဗောဓိမြိုင်ဆရာတော်၊ မဟာစည်ဆရာတော်)


ဘယ်ဘက် ရေသန့်ဗူးကိုင်ထားသူမှာ စာရေးဆရာ ဦးသွေးချွန်ဖြစ်ပါသည်။ မဟာဗောဓိမြိုင်ဆ၇ာတော်ဘုရားကြီး မပါဒါန်တွင် ကျောင်းသို့ပြန်အကြွ
ဦးဥတ္တမသည် စွန်းလွန်းဆရာတော်ဘုရားကြီးထံတွင် တရားအားထုတ်စဉ်က ဒါယိကာမများသည် ဒါယိကာများထက် တရားတွေ့လွယ်သည်ကို အကြောင်းပြု စပ်ဆိုထားသော စာချိုးဖြစ်သည်။
ဘို့ကြီးနဲ့ ချိုထောင်၊ ကုန်းခေါင်ခေါင် ဟိုအချက်၊
လှည်းကွက်ချည်း ရုန်းနိုင်ပေါင်။
နွားမတွေ ဟိုတစု-ချိုတခုမျှမပါပေါင်၊
ဘို့ဆိုတာ ဟူလာဝေး(ဝေလာဝေး)၊ ခွာလေးက သေးမျှောင်မျှောင်၊
ကိုယ်ကောင်က လှီကင်း၊ နွားမတွေ ထိုတသင်းရယ်က၊
လှည်းပေါ်မှာ ကုန်တွေသွင်း၊ ရုန်းချက်ကပြင်း။
ဒါယိကာမများသည် ယုံယုံကြည်ကြည်နှင့် ဟိုနှယ်ဒီနှယ် မတွေးဆဘဲ ဆရာသမား ဆုံးမသွန်သင်ပြသသည့် အတိုင်း စိတ်လိုက်မာန်ပါ တရားအားထုတ်ကြသည်နှင့် တရားတွေ့လွယ်သော်လည်း ရဟန်းတော်များနှင့် လူဒါယိကာများသည် မိမိတို့ကလဲ ပညာဗဟုသုတနှင့် ပြည့်စုံသင့်သလောက် ပြည့်စုံထားကြတော့ နှိုင်းချိန် စဉ်စားနေတာနဲ့ တရားမတွေ့လွယ်ကြောင်းကို ရည်ရွယ်စပ်ဆိုခဲ့လေသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်လည်း တရားအားထုတ်ရာတွင် နောက်ဆုံးနိဗ္ဗာန်မျက်မှောက်ပြုခါ နီး အသိလေးနှင့်သာ သိသိနေရသောအဆင့်တွင် ပြန်လှန်ကျတတ်ကြောင်းကို တောင်တက်ကောင်းသောနွားနှင့် ဥပမာပြုနှိုင်းယှဉ်ဟောကြားခဲ့ပါသည်။ နွားကောင်း၊ မကောင်းတောင်တက်မှ သိသည်တဲ့။ နွားကောင်းက တောင်တက်လျင်လည်း သူ့ဟာနှင့်သူတက်သွားနိုင်သော်လည်း နွားမကောင်းပါက တောင်တက်လျင် ပြန်လှန်ကျတတ်သဖြင့် တောင်တက်ကောင်းနိုင်သော နွားကဲ့သို့ ခွန်အားရှိရန်လိုအပ်ကြောင်း ဆုံးမ ဟောကြားတော်မူပါသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဥာဏ်စဉ်တရားတော်တွင်လည်း နောက်ဆုံးနိဗ္ဗာန်ရောက်ခါနီးယောဂီသည် ပင်လယ်ထဲတွင်သွားနေသော ရွက်တိုင်ထိပ်ဖျားတွင် နားနေသော ငှက်နှင့်တူကြောင်း၊ ငှက်သည် ပင်လယ်ကို ဖြတ်သန်းပြီး တဖက်ကမ်းကိုရောက်နိုင်ရန် မျှော်မျှော်ကြည့်ကြောင်း၊ ကူးရန်ပြင်ဆင်ကြောင်း၊ ကူးနိုင်သော စွမ်းအားရှိက အသားကုန်ကူးသွားပြီး ကူးနိုင်သောစွမ်းအားမရှိက တဖက်သို့ ကူးနေရာမှ ပြန်လှည့်လာသကဲ့ သို့ဖြစ်သည်ကို ဥပမာတင်စားဟောကြားခဲ့ပါသည်။
နိဗ္ဗာန်တဖက်ကမ်း အရောက်လှမ်းနိုင်ရန် အားလိုပါသည်။ ရုန်းနိုင်ရန်လိုသည်။ 
 
(တရားအားထုတ်သူများအတွက် ဆရာတော်ကြီးများ၏ ဟောကြားချက်များအား တင်ဆက်လိုက်ရပါသည်။)


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts