Sunday, September 16, 2012

ခန္ဓာသုတေသနနှင့် တရားသုတေသန

 

ကျမ ရေဆင်းတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားသွားသော တရားတို့မှ အနှစ်မှတ်မိသမျှကို ထူးဆန်းသောစိတ်စွမ်းအင်များဖြင့် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ထိုစဉ်က လက်လုပ်တောင်ဆရာတော်ဘုရားကြီး အမည်ဖြင့် နာမည်ကြီးခဲ့သည့်ကာလဖြစ်ပါသည်။ ထိုတရားထဲတွင် ဆရာတော်ဘုရားကြီးသည် မိမိတို့၏ခန္ဓာကိုယ်ကို သုတေသနပြုလုပ်ဖို့လည်း လိုအပ်တယ်စသည်ဖြင့် တရားဓမ္မနှင့်စပ်လျဉ်း တရားအားထုတ်ဖြစ်စေရန် တိုက်တွန်းအားပေးသွားခဲ့ခြင်းဖြစ်ပါသည်။ အပင်များကို သုတေသနပြုလုပ်နေသောလည်း မိမိခန္ဓာကိုယ်ကို သုတေသနပြုလုပ်ဖို့ မေ့တဲ့သူတွေကများပါသည်။ သည်လိုနှင့် ပင်စင်ယူသွားကြသည်ကလည်းများပါသည်။ ပင်စင်ယူပြီး တရားကို ထိထိမိမိ ရိပ်သာတွင် (၃-၄ လ)အားထုတ်ဖြစ်သွားသော ဆရာကြီးများလည်း ရှားပါးစွာရှိခဲ့ပါသည်။
တချို့သော ၀န်ထမ်းများသည်လည်း ဆရာသမား၏တိုက်တွန်းဟောပြောချက်ကြောင့်လည်းကောင်း၊ လုပ်သင့်လုပ်ထိုက်သော အလုပ်တခုဟုယူဆသဖြင့်လည်းကောင်း၊ သံသရာကြီးကိုကြောက်သဖြင့် လည်းကောင်း၊ ဘ၀ကူးကောင်းအောင် စသည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တရားရိပ်သာတွင်အားထုတ်ကြ ပါသည်။
နေပြည်တော်မဖြစ်မှီ၊ ပျဉ်းမနားမြို့နယ်အနေဖြင့် လွန်ခဲ့သော အနှစ်(၃၀)လောက်မှ စပြီး နာမည်ကြီးသော ရိပ်သာ(၃)ခုရှိပါသည်။ အားလုံးမှာ မဟာစည်အခွဲများဖြစ်ပြီး ကံဦးရိပ်သာ၊ သပြေတောင်ရိပ်သာ၊ ပြန်ကပြေး ရိပ်သာဟုဖြစ်ပါသည်။ ထိုရိပ်သာများတွင် ကျမတို့အဖွဲ့များသည် တရားသွားရောက်ထိုင်ခဲ့ကြပါသည်။
ခန္ဓာကိုယ်ကို သုတေသနပြုခြင်းဖြစ်ပါသည်။ ထိုအထဲတွင်မှတ်မှတ်ရရလည်းဖြစ်စရာအကြောင်းလေး တစ်ခုကို ကျမ၏ အပေါင်းအသင်းလေးတစ်ဦးက ကျမကိုပြောပြဘူးပါသည်။ ပြောတဲ့သူက သူပြောထားတာကို မေ့သွားကောင်းမေ့သွားနိုင်သော်လည်း ကျမကတော့ ယနေ့အထိအမှတ်ရဆဲဖြစ်ပါသည်။ သူတို့အဖွဲ့သည် စုပြီး ပြန်ကပြေးမဟာစည်ရိပ်သာတွင် တရားသွားရောက်ထိုင်ကြပါသည်။ သူမက အပင်တွင်ပါဝင်သော အဟာရဓါတ်များကို ဓါတ်ခွဲသောသုတေသနလုပ်ငန်းကို ဓါတ်ခွဲခန်းတွင်နေ့စဉ်လုပ်ဆောင်နေရသူတဦးဖြစ်ပါ သည်။
သူတို့အဖွဲ့သည် ရက်အတော်ရလာသောအခါ တရားလည်းတဖြေးဖြေးတက်လာပါသည်။ ထုံးစံအတိုင်း ပြန်လှန်ကျတတ်သောနေရာ- သိယုံလေးသိရသော နေရာသို့ တက်လှမ်းနိုင်ကြပါသည်။ ဆရာတော်ဘုရား များကလည်း ထိုအခါအထူးကြပ်မတ်ပါသည်။ တချက်တည်းနှင့်လည်း လမ်းဆုံးသွားနိုင်သည့်အတွက် အထူးကြပ်မတ်ကြသည်။ တင်းလည်းတင်းကြပ်သည်။ စေ့စေ့စပ်စပ်လည်းတရားစစ်သည်။ ဆက်သာတရားထိုင်သော်လည်း ထိုနေရာမှ အထက်သို့ မတက်နိုင်ကြပါ။
ထိုအခါ ပြန်ကပြေးမှ တရားပြဆရာတော်သည် (ထိုစဉ်ကဆရာတော် ဦးဇဋိလသည် မဟာစည်ရိပ်သာရုံးချုပ် ရန်ကုန်တွင် တရားပြနေရာ လက်ထောက်ဆရာတော်မှတရားပြနေသည်ဟုသိရပါသည်) ကျမအပေါင်းအသင်း အား ငေါက်ပါတော့သည်။ ဒကာမကြီး ဒါက ဓါတ်ခွဲခန်းမှာ ဓါတ်ခွဲနေတာမဟုတ်ဖူး။ တရားကို ဓါတ်ခွဲခန်းလို ဓါတ်ခွဲနေလို့မရဘူး။ ဟိုဟာက ဒီလိုလား။ ဒါက ဒီလိုလားလို့ ခွဲနေရင် အတွေးတွေဝင်လာမယ်။ ဒါက ဟုတ်ရဲ့လား မှန်ရဲ့လားလို့ ဖြစ်လာရင် သံသယစိတ်ဝင်လာမယ်။ ဘယ်လိုလုပ်တရားတက်နိုင်မလဲ စေတနာဖြင့် မိန့်သည်ဟု ဖြစ်ပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး အမြဲတမ်းသုံးနေသော စကားလုံးရှိပါသည်။ ခန္ဓာဥာဏ်စိုက် ဟုဖြစ်ပါသည်။ ခန္ဓာတွင် ဖြစ်ပျက်နေသော သဘောကို-သုတေသနပြုလုပ်ရန်သာဖြစ်ပြီး၊ ဥာဏ်ကြောင့်ဖြစ်လာသော ဓမ္မကို သုတေသနပြုလုပ်သော် အတွေးများ သံသယများဖြစ်ပေါ်လာပြီး စိတ်မတည်ငြိမ်ရန်အကြောင်းခံတို့ဖြစ်လာ ပါတော့သည်။
အထူးသဖြင့် စာဘက်အားသန်သူများ ဖြစ်တတ်လေ့ရှိသည်ဟု ကျမထင်မြင်မိပါသည်။ မကြာသေးမှီက ဦးဇင်း ဦးခေမာနှင့်ဆုံသော် ဦးဇင်းသည် သူ့အတွေ့အကြုံများကို ပြောပြပါသည်။ ရိပ်သာကြီးတခုတွင် သံဃာကော ၊ လူကောအရမ်းများသောအခါ တရားအားထုတ်တာ ၀ါရင့်နေသောသူများက ရိပ်သာတွင် အသစ်လာရောက် သော သူများကို ပြန်ပြီးတရားစစ်ပေးရသည်။ အထူးသဖြင့် စစ်သားဘ၀မှရဟန်းပြုထားသော သံဃာတော်များသည် အသေအကြေကို အားထုတ်နိုင်ကြသလို သူတို့၏ တရားအဆင့်လည်းမြင့်ကြသည်ဟု ဆိုပါသည်။ သို့သော် သူတို့သည် စာမတတ်ကြ၊ သာမာန်စစ်သားဘ၀မှလာကြခြင်းဖြစ်သည်။ သူတို့ တရားပြန် စစ်ရသော သံဃာများသည် စာတတ်သူများပါကြရာ ကျမ်းဖြင့်ညှိပြီး တရားစစ်သောအခါ မေးခွန်းများကို မေးကြ သည်ဟုပြောပြပါသည်။ ဟိုဟာက ဒီလိုမဟုတ်လား။ ဒါက ဒါနဲ့ဘယ်လိုစသည်ဖြင့်။ ထိုအခါ တရားသာမြှင့်ပြီး ကျမ်းမတတ်သောသူများ အခက်တွေ့ကြသကဲ့သို့ ကျမ်းဖြင့် ညှိနေသော သံဃာအများစုသည်လည်း တရားတက်နှေးကြသည်ဟု သူ့အတွေ့အကြုံကိုပြောပြဘူးပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ စာတွေကရေးကြတာပေါ့။ သို့ပေမဲ့ အတွေးမ၀င်စေနဲ့လို့ အထပ်ထပ်အခါခါသတိပေးရှာပါသည်။ အတွေး အတွေး သည်အတွေးသည်ကား ထိန်းချုပ်ရခက်သော အတွေး။ စိတ်ကို တဆက်တည်း တလုံးပြီးတလုံးသိနိုင်ရန် ဖျက်ဆီးတတ်သော ရန်သူကား အတွေးပေတည်း။
ကြည်လင်ပြန့်ဖြူးသော ငြိမ်သက်နေသော ရေပြင်တွင် ခဲသေးသေးလေးများကြသကဲ့သို့ စိတ်ကို လှိုင်းထ စေသည်ကား ကိလေသာအာရုံများနှင့် အတွေးပေတည်း။ အတွေးသည် တောင်တက်ရာတွင် အဟန့်အတားပေတည်းဟု။ နိဗ္ဗာန်သောင်ကမ်းသို့ ခုန်ရာတွင်ကြီးမားသော အဟန့်အတားပေတည်းဟု။
ကျမတရားထိုင်စဉ်က ကြုံတွေ့ခဲ့ရသော သိုက်ဆက်များအကြောင်းကို ဆက်လက်တင်ပြပေးပါမည်ရှင်။
အားလုံးသောဝေနေယျများကျန်းမာချမ်းသာကြပါစေရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts