Tuesday, September 18, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးများ၏ ဘ၀ဆက်များနှင့် ဟောကြားခဲ့သောမောဟအခြေခံအကျိုးဆက်ဘ၀များ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးများ၏ ဘ၀ဆက်များနှင့်
ဆရာတော်ဘုရားကြီးဟောကြားခဲ့သောမောဟအခြေခံအကျိုးဆက်ဘ၀များ>

ဇေတ၀န် ဆရာတော် ဦးအာဒိစ္စ ၊ သဲဖြူဆရာတော်ကြီးနှင့် ဒကာ မဟာမြိုင်တွင် ဘုရားတည်စဉ်ကပုံ
မဟာမြိုင်တော၊ အကျွတ်အလွတ်ကျောင်းတွင်ရှိသော ကြောင်လေးတကောင်
တနေ့တွင် ကျမဆရာတော်ဘုရားကြီး၏တရားကိုနာရန်ဖွင့်လိုက်ပါသည်။ ထိုအခါ ဆရာတော်ဘုရားကြီး ဆွမ်းခံရန် ဆင်းလာသောလမ်း၏ နောက်နားတွင် လဘက်ရည်ရောင်(အိုဗာတင်းရောင်)ကြောင်လေးတကောင် ကပ်ပါလာသည်ကိုတွေ့ရသည်။ ဆရာတော်ဘုရားကြီးက လှေကားတထစ်ချင်းအတိုင်း ဆင်းလာသလို ကြောင်လေးကလည်း ဆရာတော်ဘုရားကြီးဘေးလမ်းမှ ကောက်ကောက်လိုက်လာသည်။ မဟာမြိုင်တွင် ဆရာတော်ဘုရားကြီး၏ အကျွတ်အလွတ်ကျောင်းမှ ဆွမ်းခံရာသို့အဆင်းလမ်းမှာ အလယ်လမ်းနှင့် ဘေးလက်ဝဲဘက်နှင့် လက်ယာဘက်တွင်အရံလမ်း လမ်းရှိပါသည်။ ကျမအာရုံကို ထိုကြောင်ကလေးက ဆွဲဆောင်သွားပါသည်။ ဆရာတော်ကြီးသည် နောက်တွင်တော်တော်ကြာကြာ နောက်ကျောဘက် အရံလမ်းမှ ပါလာသည်။ လှေကားထစ်များအဆုံး ခြံစည်းရိုးရောက်သော် ဆွမ်းလောင်းသည့် ဘက်သို့ ခြံစည်းရိုးကို ကျော်ပြီး ရှေ့ဆက်မလိုက်တော့ပေ။
ထိုအခွေထဲတွင် ဆရာတော်ဘုရားကြီးတရားစဟောပြီး ()မိနစ်ခန့်အကြာတွင် ပါကျရိုကားတစီးထိုးဆိုက်လာ သည်ကို မြင်လိုက်ရသည်။ ဗွီဒီယိုသမားကလည်း ထိုကားကိုရိုက်ပြသည်။ ကားထဲမှ သံဃာတော်တပါးထွက် လာသည်။ ကျမစိတ်ထဲ မြင်ဘူးသလိုဖြစ်နေပါသည်။ အနီးကပ်ပြလိုက်သောအခါ မှတ်မိသွားပါသည်။ ညောင်ဦးမြို့၊ ဇေတ၀န်ကျောင်း၊ နာယကဆရာတော် ဘုန်းဘုန်းဦးအာဒိစ္စပါလားဟုသိလိုက်ရသည်။ ဘုန်းဘုန်းမှာယခင်က မြင်းခြံကိုးဆောင်ဆရာတော်ဘုရားကြီး၏ ပစ္ဆာသမဏ(နောက်လိုက်ရဟန်း) ဖြစ်ပါသည်။ စက်တင်ဘာလ ၂၀၁၁ တွင်ညောင်ဦးသို့ရောက်ရှိခဲ့ရာ ဘုန်းဘုန်းကျောင်းသို့ရောက်ခဲ့သဖြင့် ဘုန်းဘုန်းနှင့်မဟာမြိုင်တောကြီးတွင်တည်ထားလျက်ရှိသော သဲဖြူဆရာတော်ဘုရားကြီးတည်နေသည် ရွှေတိဂုံပုံစေတီအကြောင်းပြောမိပါသည်။ ဘုန်းဘုန်းက သူမဟာမြိုင်ထဲမကြာခဏရောက်သည်။ သဲဖြူဆရာတော်ဘုရားကြီးဘုရားတည်နေတာမို့သွားတာဟု ပြောပါသည်။ ကျမကထိုစဉ်က မဟာမြိုင်သို့ တကြိမ်မှမရောက်ဘူးသေးသဖြင့် ဆရာတော်ဘုရားကြီးထံသွားလိုကြောင်းလည်းပြောမိပါသည်။ကျမက ကားမဆန့်လို့လိုက်လို့မရလျင် နိှု့ဆီခွက်လေးလို ကားနောက်က ကြိုးနဲ့ချိတ်ပြီးလိုက်ခဲ့မယ်ဘုရားဟု လျောက်ထားသဖြင့် ဘုန်းဘုန်းက ကျမကို ဥပမာပေးတတ်တယ်ဟုပြောပါသည်။
ညောင်ဦးမြို့မှ စက်တင်ဘာလတွင်ပြန်လာပြီး စင်္ကာပူမှ ဓမ္မမိတ်ဆွေမှ သဲဖြူဆရာတော်ဘုရားကြီးနှင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် တဘ၀တွင် ညီအကိုတော်ဘူးသည်ဟု သိထားကြောင်း ကျမကိုပြောပြပါသည်။ ကျမလည်းနောင်တွင် သဲဖြူဆရာတော်ဘုရားကြီးနှင့်အဆက်အသွယ်ရှိသော ဘုန်းဘုန်း ဦးအာဒ္ဒိစကိုမေးမည်ဟုစိတ်ထဲမှတ်ထားမိလိုက်ပါသည်။
တရက်တွင်ဘုန်းဘုန်းနှင့် အွန်လိုင်းတွေ့ရာ သဲဖြူဆရာတော်ဘုရားကြီးနှင့်မဟာဗောဓိမြိုင်ဆရာတော်ဘုရား ကြီး ဘ၀တခုတွင် ညီအကိုတော်သည်ဆိုသည်မှာဟုတ်ပါသလားဟုမေးမိပါသည်။ ဘုန်းဘုန်းက ညီအကို နှစ်ယောက်တည်းတဲ့လား။ သုံးယောက်လို့မကြားဘူးလားဟုကျမအားပြန်မေးပါသည်။ ကျမကလည်း ဒါဆို နောက်တစ်ဦးက ဘုန်းဘုန်းဖြစ်မယ်ထင်တယ်ဟုပြောရာ အင်း-ဟုဖြေကြားသွားပါသည်။
ဘ၀ထိုထို-ထိုထိုသော ဘ၀တို့သည် တစ်ဦးနှင့်တစ်ဦးဆွေမျိုးမတော်ဘူးတာမရှိ။ ဘ၀ပေါင်းများစွာ သေခဲ့ရတာမို့ အရိုးတွေက တောင်လိုပုံနေတယ်ဟု မြတ်စွာဘုရားဟောကြားသည်ကို သတိရမိပါတော့သည်။ ဘ၀နီးသည် ဘ၀ဝေးသည် ကွာခြားပါလိမ့်မည်။ ဝေဘူဆရာတော်ဘုရားကြီးနှင့် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ ဥပစ္ဇျယ်ဆရာတော် ဘ၀ိမလသည် ဘ၀ပေါင်း တော်တော်ကြာတဦးနှင့်တဦး ညီအကိုတော်စပ်ခဲ့သည်ကို ကြည့်ပါ။ ရွှေဘို၊ ကျီကျင်း၊ နတ်တလူတောရတွင် ဆရာတော်ကြီးသီတင်းသုံး ခဲ့စဉ်ကဆရာတော်ဘုရားကြီးသည် ထိုနေရာကိုရောက်လာသူမှန်သမျှ သူနှင့်ဘ၀ဆက်ပါခဲ့သူတွေဟု ထူးထူးခြားခြား မိန့်ခဲ့ဘူးပါသည်။ထိုစဉ်ကလည်း ကျမတို့ကို လူဝင်စားတစ်ဦးထံသွားပြီး ဘ၀ဖြစ်စဉ်များကို သိရန်မေးခိုင်းဘူးပါသည်။
ဘာကြောင့်ထူးဆန်းသည့်ဘ၀တွေဆက်စပ်မှုကို သိနေပါသနည်း။ အဓိက စိတ်ကိုပိုင်နိုင်ခြင်းကြောင့် သာဖြစ်ပါသည်။ စွန်းလွန်းဆရာတော်ဘုရားကြီးဆိုလျင် စိတ်ညွတ်လိုက်လျင် အထက်ဘ၀ဂ်၊ အောက် အ၀ိစိ အကုန်မြင်သည်ဟု ကြားသိခဲ့ဘူးပါသည်။
မြင်နိုင်စွမ်းသော အဆင့်ကိုမရောက်သော သူများတောင်ပြော မြှောက်ပြော ပြောဆိုကြသည်ကိုတော့ သတိပြုစေလိုပါသည်။ ဘာကြောင့်ဆို ကျမအရင်ရေးသားခဲ့သည့်အတိုင်း မိမိကိုယ်တိုင်ကြားနိုင် မြင်နိုင်စွမ်း မရှိပါဘဲ၊ အမှန်တကယ်လည်း စိတ်ကိုမပိုင် မနောမနိုင်ပါဘဲ-ထင်ကြေးနှင့်လိုက်ပုတ်ခတ်သည့်အပြောအဆိုများ၊ ထိုသူများစကားများကို အသိဥာဏ်မပြည့်သဖြင့် လက်ခံမိခဲ့သည့်အတွက် သံယောင်လိုက်ကာ လျှောက်ပြောဆ မိပါက - အမှတ်မှား၊ အမှားမှတ်ကာ မိမိသာ ၀ိစီကံအကုသိုလ်ကြီးမည်ကို သတိအထူးပြုသင့်ပါသည်။
၂၀၁၂ ဧပြီလ၊ မဟာသင်္ကြန်တွင် ကျမသည်ရုံးပိတ်ရက်အတွင်း၊ ရသမျှပိတ်ရက်တွင်တရားအားထုတ်ရန် အလို့ငှာ ရာသီဥတု အေးမြသော ပြင်ဦးလွင်မြို့နယ်၊ အနီးစခမ်းမှ ချမ်းမြေ့ရိပ်သာတွင် (၁၄)ရက်ကြာမျှ တရားအားထုတ်ဖြစ်ခဲ့ ပါသည်။ အပြန်တွင်ညောင်ဦးမြို့သို့ ၀င်ခဲ့ရာ ဘုန်းဘုန်းကျောင်းသို့ရောက်ခဲ့ပြန်ပါသည်။ ဘုန်းဘုန်းနှင့်စကား ပြောဖြစ်ရာ ဘုန်းဘုန်းမှ အခွေထဲမှကြောင်ကလေးကို မြင်လားဟုမေးပါသည်။ ကျမသည်ကြောင်ချစ်သူဖြစ်ရာ  မြင်သည်ဟုပြန်ဖြေလိုက်ပါသည်။ ဘုန်းဘုန်းမှ အဲဒီကြောင်လေးဟာ ဆရာတော်ဘုရားရှေ့က ကျူးပြီး၊ကျော်ပြီး ဘယ်တော့မှ မသွားဘူး။ အဲဒီခြံစည်းရိုးကိုကျော်ပြီးတော့မှလဲ မသွားဘူး။ ဆရာတော်ဘုရားကြီး၏ ဘေးလမ်းကနေဘဲလိုက်တယ်ဟုမိန့်ပါသည်။ ထူးဆန်းတယ်ဟု ပြောပြပါသည်။
ဆရာတော်ဘုရားကြီးသည် တန့်ဆည်မြို့မှလာရောက်ပူဇော်ကြသော တန့်ဆည်သား/တန့်ဆည်သူများအား တန့်ဆည်မှာခွေးကိုအောင်နက် အောင်နက်လို့ခေါ်လို့ အမြီးလေးနှံ့ပြီးလာရင် အဲဒါတန့်ဆည်ကလူပြန်ဝင်စား တာနော်ဟုဟောပြောပါသည်။ စာအရ တိရစ္ဆာန်ဘ၀အဖြစ်များတယ်။ တန့်ဆည်ကခွေးဖြစ်နေဦးမယ်ဟုလည်း နင့်နင့်နဲနဲ သံဝေဂရအောင်ဟောပြောရှာတော်မူပါသည်။ တချို့ခွေးလေးတွေ ဒေစီတွေ ပလေစီတွေ အမျိုးမျိုးမှည့်ထားကြတယ်။ ကောင်းကောင်းစားရတယ်။ ကောင်းကောင်းနေရတယ်။ တချို့လူတွေကားမစီး နိုင်ဘူး၊ သူတို့ကကားအကောင်းစားတွေပေါ်မှာပါသွားကြတယ်။ သူတို့ဘ၀ဟာ စည်းဇိမ်အပြည့်ဘဲ။ ဒါပေမဲ့ သူတို့ကခွေးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မောဟများလို့ဘဲဟုမိန့်တော်မူပါသည်။ လူဖြစ်တုန်းက ကောင်းမှုကုသိုလ်အထူးလုပ်ထားခဲ့ပေမဲ့ မောဟများတဲ့အတွက် တိရစ္ဆာန်ဘ၀ရောက်သွားတာဟု ဟောပြောခဲ့ ပါသည်။ လူနှင့်နီးစပ်သောတိရစ္ဆာန်လေးများကိုကြုံဘူးကြမှာပါ။ အသိဥာဏ်ရှိသော တိရစ္ဆာန်လေးများ လူဝင်စားလားဟုထင်ရသော တိရစ္ဆာန်လေးများကိုလည်း ကြုံဘူးကြမှာပါ။
Channel7 ရုပ်သံလိုင်းတွင် Pest lover ဟူသောအခန်းကဏ္ဍတစ်ခုကိုကြည့်ခဲ့ရပါသည်။ ထို ကဏ္ဍတွင် အဆိုတော်များ၊ မင်းသားမင်းသမီးငယ်ငယ်လေးများက သူတို့မွေးထားသော သူတို့အချစ်တော်ခွေးလေးများ အကြောင်းကို ရိုက်ကူးပြသထားသော ကဏ္ဍဖြစ်ပါသည်။ ခွေးလေးများကို တိရစ္ဆာန်ဝတ်သော အကျီင်္ အကောင်းစားလေးများဝတ်ပေးသည်။တချို့အကျီင်္လေးများတွင် ခေါင်းဆောင်းဦးထုပ်လေးပါတွဲပါသေးသည်။ ခွေးလေးများက ခွေးအကျီင်္နဲ့တသွေးတမွေးပင်။ သီချင်းနားထောင်တတ်သည့်ခွေးလေးတွေက သီချင်းနားထောင်သည်။ သူတို့ဘ၀လေးသည် အပျံစားပေတည်း။ သို့သော် သူတို့မှာ တရားနာနိုင်သော အသိဥာဏ်၊ တရားဆိုတာဘာလဲဆိုသောသိနိုင်သော အသိဥာဏ်တို့သည်မရှိပါ။
မောဟ၏နောက်ဆက်တွဲသည်ကား ကြောက်စရာပေတည်းဟု ခွေးလေးများချစ်စရာကောင်းသည် မှန်ပါသော် လည်း သူတို့ကိုမြင်သောအခါ ဆရာတော်ဘုရားကြီးဟောသောတရားကို သတိရပြီး ကြောက်လှန့်မိပါသည်။ မောဟ၏ ဒဏ်ရာဒဏ်ချက်တို့သည်ကား...... တန်ဘိုးရှိအောင်သွေးလျင်သွေးသလောက် ထက်နိုင်သော လူ့ဘ၀မှ- အသက်ခြင်းတူပါလျက် တန်ဘိုးရှိအောင်လုပ်၍ မရနိုင်သော တိရစ္ဆာန်ဘ၀သို့ လျောကျနိုင်ပါ လားဟု....။ ဒါကြောင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက လူဆိုတာ အညွန့်တလူလူတက်နိုင်တယ် ဟု ဟောပြောမိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။ လူစိတ်ရှိသောလူဖြစ်ဖို့လိုသည်ဟုလည်း မကြာခဏဟောပြောတတ်ပါ သည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၊ သဲဖြူဆရာတော်ဘုရားကြီးနှင့် အရှင်ဦးအာဒိစ္စ(ဇေတ၀န်ကျောင်း၊ ညောင်ဦး)တို့အား ဦးခိုက်ကန်တော့လျက်။
စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံးချမ်းမြေ့သာယာရှိကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts