ဆရာတော်ဘုရားကြီးထံမှ
ဥာဏ်စဉ်တရားနာကြားပြီးသော ကာလ ငါတို့တွေ့ရသော အခြေအနေမှန်ကား သက်ဆိုင်ရာ ဥာဏ်စဉ်နာလေသူ ယောဂီတို့၏
ကိုယ့်ကိုကိုယ် အမှတ်ပေးလွန်ရာမ Sှ ဖြစ်ပေါ်လာသော ဆိုးကျိုးဘက် အကြောင်းခြင်းရာများသာ
ဖြစ်ချေသည်ကို ထိုသောတပန် လင်တရူးဒေါ်စိန်စိန်၏ အကြောင်း ကောင်းကောင်းသိမှီလာရချေတော့။
ငါတို့၏ ဥာဏ်စဉ်အတူနာကြားပြီးရာမှ ပြန်လာကြသော အောင်ပွဲပြန် ယောဂီတို့ထံမှ လေသံများမှာ-
(ကျုပ်က ဒါ
ဒုတိယအကြိမ်ဗျာ့၊ ပထမအကြိမ် ဥာဏ်စဉ်နာရကတည်းက သောတပန်ဖြစ်ပြီးသား)
(တရားနှစ်ကြိမ်ဝင်
ဥာဏ်စဉ်နာရမှ သောတပန်ဆိုတာသိရတော့တယ်)
(ကျုပ်က တရားအစစ်ခံတုန်းကတည်းက
သောတပန်မှန်းသိပြီးသားရယ်)
တရားတစ်ကြိမ်ဝင်
ဥာဏ်စဉ်တစ်ခါနာတို့၏ ကျူးရင့်သံများတည်း။ (နင်ကော)ဟူ၍ ပြန်မေးစရာရှိသည်။
ငါတို့ ဥာဏ်စဉ်နာရာမှ
ပြန်လာသောအခါ အတူနေသော ယောဂီများက မေး၏။ (ဖြစ်ပျက်မြင်လောက်သာ ရိပ်မိခဲ့တယ်) ဟူ၍သာ
ဖြေကြားမိ၏။ ဆရာမမပေးသော အမှတ်မျိုးကား ငါတို့မပေးလို။
အဘကျောင်းရောက်သော်
(အဘ၀ိမလ) အဘကဆီး၍စစ်။ (အကောင်းဒဏ်နှင့် အဆိုးဒဏ် ခံနိုင်ရုံ လောက်တော့ ရောက်ခဲ့တယ်
ထင်တာဘဲ အဘရဲ့)ဟူ၍သာ ဖြေကြားမိခဲ့ပါ၏။
တစ်ဖန် ငါတို့၏(တရားဟောခြင်း၊
ဟိတေသီတွင် ဆွမ်းစားခွင့်ရရန် ထောက်ခံပေးခြင်းဖြင့် ကျေးဇူးများ လှသော) ကျေးဇူးရှင်
ဆရာတော် ဦးပညာသာမိ(ရွှေရေးဆောင်)က ဘယ်အထိရောက်ခဲ့လဲမေးရာ (ကြောက်စရာနှင့်ချစ်စရာ အတူတူထားသာရုံလောက်သာပါဘုရား)
သာဖြေကြားမိပါ၏။ အဘယ်ကြောင့် ဆိုသော် ငါတို့အခြေအနေကို ငါတို့အား တရားစစ်မေးသော ဆရာတော်
ဦးပဏ္ဍိတထံ(အတူနေ သီတင်းသုံးတော်ချင်း ဖြစ်ကြသဖြင့်) မေးကြည့်သိနိုင်လျက်က ငါတို့မေးခြင်းကြောင့်တည်း။
လူတိုင်းသည်ပင်
မိမိကိုယ်မိမိကား အခွင့်အရေးဟော့ဆို သာသာပိုပိုပေးလို၏။ သူတပါးတို့ ဘက်ကျလျှင်ကား ပေးထိုက်ရှိသလောက်သော်မှ
မပေးလိုချေ။
အဘယ်ကြောင့်ဆိုသော်
ထိုသူကား ငါ့ထက်သာပေသည်ဟူ၍ ၀န်ခံရာကျမည် စိုးသောကြောင့်တည်း။ တစ်ဖန် သူတစ်ပါးတို့ကိုကား
ဒုတ်ကြီးကြီးဖြင့် လက်မနှေး ပြေးရိုက်သလောက် ကိုယ့်ကိုကိုယ်ကား ဒုတ်သေးသေးရွေး လက်နှေးတတ်လှချေ၏။
အဘယ်ကြောင့်ဆိုသော်
ကိုယ့်ကိုယ်ကို ခင်မင်မှု အားကြီးခြင်းကြောင့်ပင်တည်း။
သည့်အတူ သူတပါးအပြစ်
ဆီကဲ့သို့ အပေါက်မရှိ အပေါက်ရှာဖွေ၍ ပြောတတ်ခြင်း မိမိ အပြစ်တွင် ဆင်ခြေဆင်လက်ကာ၍ ဖာထေးခြင်းစသည်များလည်း
အများအပြားပင်ရှိလေသေး၏။
သို့ကြောင့်မဟာစည်၏
ဤဥာဏ်စဉ်နာအပိုင်းသည် ယောဂီများအတွက် ဘ၀င်မြင့်ရောဂါစွဲကပ်တတ်၏။ ကိလေသာအားကြီးလာသော
အသက်တစ်ရာတမ်း၏ ထိုမှာဘက်တွင် ရှင်မဟာသာရိပုတ္တရကဲ့သို့ ဥာဏ်စဉ် တရားဟောကြားပေးခြင်းငှာ
မထိုက်တန်တော့ပြီ။
ငါတို့သည်လည်း
ဘုရားကိုသော်လည်းကောင်း၊ ပစ္စေကဗုဒ္ဓါကိုသော်လည်းကောင်း၊ ရဟန္တာအရှင်သခင်ကြီးများ တို့ကိုနှင့်
အရိယာအစားစားတို့ကိုသော်လည်းကောင်း၊ ကိုယ်တွေ့မျက်မြင် မဖူးတွေ့လိုပါပြီ။ အဘယ်ကြောင့်ဆိုသော်
ကိုယ်မထင်လျှင် မထင်သလို ပြစ်မှားမိမည်စိုးသောကြောင့်တည်း။
ဤကား ငါတို့ဘ၀၏
ဒုတိယပိုင်းတည်း။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
ဘ၀ကန္တရ ခရီးကြမ်းတည်း။ (စာ-၂၆၃-၂၆၄)
ယခုစာကိုတမင်တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ ကျမသည်လည်း မဟာစည်ယောဂီ။ ထိုစဉ်က ဘုမသိဘမသိ လောကဒဏ်ကြောင့် တရားထိုင်ခဲ့သည့်ယောဂီပေါက်စလေးပါ။ ကျမနဲ့တရားထိုင်ရတဲ့ အန်တီကြီးတွေပေါ့။ ၃ယောက်နဲ့ဆုံခဲ့တယ်။ အဲဒီအထဲမှာ နတ်မောက်က ဘုန်းကြီး ဦးပဏ္ဍိတရဲ့မယ်တော် နဲ့ ဆုံခဲ့တဲ့အတွက် ကျမက ကံကောင်းစွာ အဲဒီအဖွားက မှတ်တာတွေသင်ပေးခဲ့ပါတယ်။ ကျမလည်း ၄၅ မိနစ်ဆိုနာကြင်တဲ့ဝေဒနာနဲ့ဖြုတ်ဖြုတ်ပစ်တာပေါ့ရှင်။ မှတ်မှတ်ရရ ပထမအကြိမ်ငွေစက္ကူသိမ်းတဲ့နှစ်။
အဲ နောက်တော့ မဟာစည်မှာတရားထိုင်ခဲ့တယ်လို့ပြောလိုက်ရင် ဥာဏ်စဉ်နာခဲ့ရလား။ ဥာဏ်စဉ်နာခဲ့ရလား ဆိုတာတွေချည်း မေးခံခဲ့ရပါတယ်ရှင်။ ဥာဏ်စဉ်မနာရရင်ဘဲ အမှတ်မပြည့်သလို။
အရည်မမှီသလို။ ကျမနောက်ပိုင်း ခဏခဏ ပိတ်ရက်ဆက်ရင် တရားထိုင်ဖြစ်ခဲ့ပါတယ်။ အကြိမ်နည်းနည်း ထိုင်လာတော့ ကျမဥာဏ်စဉ်ဆိုတာကို သဘောပေါက်လာပါတယ်ရှင်။ အဲဒီဥာဏ်စဉ်ကို လူတွေက အမျိုးမျိုးတွေပြောဆိုနေတတ်ကြတဲ့အတွက် ဆရာတော်ဘုရားကြီးက တည့်တည့်ရှင်းရှင်းကြီး ရေးသားထားတဲ့ ယခုစာစုလေးကို တင်ပေးထားတာဖြစ်ပါတယ်ရှင်။ ကျမအကြိုက်ဆုံးဥပမာတခုကတော့- ဦးကောသလ္လဟောထားတဲ့ တရားတပုဒ်ထဲက ပြောတယ် (ဘောလုံးပွဲကြည့်တာမျိုးနဲ့ပြောရင် နောက်ဆုံးကတော့ ဂိုးဝင်ဘို့ဘဲ)ဆိုတာလေးလိုပါ။ ဘာတွေညာတွေထက် နိဗ္ဗာန်ဆိုသော မြတ်နိုးဘွယ်ရာ တောင့်တအပ်သော မြတ်နိုးအပ်သော တန်ဘိုးထားအပ်သော သုညတာ ကို မျက်မှောက်ပြုနိုင်ခြင်းသည်သာ အဓိကဂိုးပါလို့ရှင်။
တရားချစ်ခင်သော သူတော်ကောင်းအပေါင်းတို့သည် မိမိဆန္ဒပြုသကဲ့သို့ နိဗ္ဗာန်ဆိုသော အမြိုက်ကို ရယူနိုင်ကြပါစေသတည်း။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး