ဒီအကြောင်းရာလေးဟာ လွန်ခဲ့တဲ့ အနှစ် (၂၅)ကျော်ကျော်က ကျမနဲ့ ကရင်မလေး နော်လာထူးတို့ ကြုံတွေ့ခဲ့ရတဲ့ တကယ့်ဖြစ်ရပ်ဖြစ်ပါတယ်။ ကျမတို့ လွန်ကျော်က ခြံတခြံမှာ တာဝန်အရသွားရင်းကနေ ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။
ကျမတို့ဟာ နာမ်လောကဆိုတာကိုတော့ ဗုဒ္ဓဘာသာပီပီလက်ခံခဲ့ကြတဲ့သူပါ။ ဒါပေမဲ့နာမ်လောကဆိုတာဘာလဲ သာမန်လူဟာ ဘယ်လိုမှ မသိနိုင်တာပါ။ နာမ်လောကကို သိနိုင်တဲ့သူတွေဟာ စရဏအားကောင်းတဲ့သူတွေဟာ သိနိုင်ပါတယ်။ နာမ်လောက ဆိုတာလည်း ကျယ်ပြန့်ပါတယ်။ နာမ်လောကမှာ အဆင့်မြင့်နာမ်လောကတွေရှိသလို အဆင့်နိမ့်တဲ့ တစ္ဆေသရဲတွေ မှင်စာတွေ စတဲ့ နာမ်လောကသားတွေလည်းရှိပါတယ်။ မမြင်ရတော့မယုံနိုင်ဘူး။ လက်မခံဘူး။ သို့ပေမဲ့..
လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကျမတို့ ကျောက်ဆည်မြို့နယ်၊ လွန်ကျော်ဘက်က ခြံတခြံကို တာဝန်အရ သွားရောက်ခဲ့ရပါတယ်။ ခြံကိုညနေမှာ ဟံမြင့်မိုရ်ရွာကတဆင့် ရုံးကားနဲ့ရောက်သွားပါတယ်။ တာဝန်ရှိသူကို သတင်းသွားပို့ပြီး သူတို့သတ်မှတ်ပေးတဲ့ ၀န်ထမ်းအိမ်ယာ (တထပ်တိုက်)ကိုကျမတို့ကိုတည်းခိုဘို့ စီစဉ်ပေးပါတယ်။ ကျမနဲ့ နော်လားထူးဆိုတဲ့ ဟင်္သာတဘက်က ခရိယာန် ဘာသာဝင်ကရင်မလေးနဲ့ ၂ ဦးဟာ အခန်းကျယ်ထဲက ကုတင် ၂လုံးမှာ တယောက်တလုံးဆီ နေရာယူလိုက်ပါတယ်။ ကျမကတော့ ပြူတင်းပေါက်ရှိတဲ့ဘက်၊ သူကအတွင်းဘက်က ကုတင်။ ကျမတို့နှစ်ယောက်ဟာ အချဉ်ထုတ်စားခြင်လို့ ဈေးဆိုင်မှာ သွားဝယ်ကြ ပါတယ်။ ကျမက ဇီးထုပ်တွေကို ကုတင်ပေါ်တက်ပြီး စားသောက်ပါတော့တယ်။ အဲဒီအချိန်မှာ ကျမရဲ့လက်အိပ်ဟာ ကျမလက်နဲ့တိုက်မိလို့ ကုတင်ပေါ်ကနေ ကြမ်းပေါ်ကိုပြုတ်ကျသွားပါတယ်။ ကျမက ကုန်းကောက်လိုက်တဲ့အခါမှာ လက်အိပ်ကို လက်အိပ်အနေနဲ့ မမြင်မိဘဲ။ လူတဦးရဲ့လက်ကြီးလို့ မြင်လိုက်ပါတယ်။ ဒါက ပဏမ မိတ်ဆက်လိုက်တယ်ဆိုတာကို မသိခဲ့ ပါဘူး။
ကျမတို့ဟာ စကားတပြောပြောနဲ့ ညရောက်လာပါတယ်။ မနက်ဖန်မနက် ကွင်းထဲသွားရမှာမို့ စောစောအိပ်ဖို့ ပြင်ဆင်ကြပါတယ်။ ခြံထဲက မီးက မီးစက်နဲ့ပေးတာမို့ ည(၁၀)နာရီအထိဘဲရပါတယ်။ နှစ်ယောက်သားခရီးပန်းပန်းနဲ့ အိပ်မောကြသွားကြတယ်။ အဲဒီအချိန်မှာ ကျမနဲ့တဖက်ကုတင်အိပ်တဲ့ နော်လာထူးဟာ စတင်ပြီး ဟီး ဟီး နဲ့ ညည်းညူနေပါတော့တယ်။ ကျမလည်း သူ ဘီလူးစီးတယ် (သို့မဟုတ်) ထမင်းလုံးတစ္ဆေခြောက်တယ်ထင်လို့ အိပ်ယာကထပြီး သူ့ကိုလှုပ်နိုးရပါတော့တယ်။ သူက သတိလည်းရှိလာရော ကျမကို စွပ်စွဲပါတော့တယ်။ အမကျမကို လာဖိတယ်တဲ့။ ကျမကလည်း သူညီးညူနေလို့ အခုမှ လာလှုပ်နိုးတာလို့ပြောတော့ သူမလည်း အတော် အံ့သြသွားပါတယ်။ ဒါနဲ့ သူမကို ကျမကုတင်ပေါ်ခေါ်ပြီး ကုတင်တစ်လုံးကို နှစ်ယောက်အိပ်ရပါတော့တယ်။
မအိပ်ပျော်တဲ့အတူတူ ကျမတို့ နှစ်ဦးထွေရာလေးပါးစကားပြောဖြစ်တယ်။ ဗုဒ`ဓဘာသာဖြစ်တဲ့ကျမကတော့ သူဖြစ်တဲ့အဖြစ်ကို သိပ်မသင်္ကာဘူးပေါ့။ စကားပြောရင်းနဲ့ ကျမက အိပ်ပျော်သွားပါတယ်။ အဲဒီအခါကျမထံကနေ ညီးညူသံကထွက်လာပါတယ်တဲ့။ သူမက ကြားတော့ ကျမကိုနိုးပြန်ရော။ ဘာဖြစ်သလဲလို့ သူမကမေးတယ်။ ကျမက ကျမကို တဦးဦးက ရင်ညွန့်ကိုလာဖိတယ်။ လက်တွေတော့ မမြင်ရပေမဲ့ အရမ်းတင်းကြပ်လာတယ်လို့ပြောပြလိုက်တယ်။ နှစ်ဦးစလုံးကို တယောက်တလှည့် ခြောက်ခံရပြီလေ။
မအိပ်ပျော်အောင် စကားပြောနေရင်းက သူမကအရင်အိပ်ပျော်သွားပြန်ပါတယ်။ ကျမလည်း ခပ်လန့်လန့်နဲ့ သတိထားနေရတယ်။ အဲဒီအချိန်မှာ ကြမ်းတွေကနေ တောက် တောက်ဆိုတဲ့အသံတွေက ဆက်တိုက်ကြားနေရတယ်။ ပြိးတော့ အပြင်ဘက်က အထုပ်ကြီးကြိးပြုတ်ကျသလို ဘုတ်ဆိုတဲ့အသံကြီးကလည်းကြားလာပြန်ပါရော။ မကြောက်ဖူးဆိုတဲ့ ကျမလည်း နည်းနည်းတော့ကြောက်လာပါတယ်။ သူမကတော့ အိပ်ပျော်နေတယ်။ သိပ်မကြာပါဘူး ညီးညူသံကြီး သူမဆီကထွက်ပေါ်လာပါတယ်။ ကျမလည်း သူမကိုလှုပ်နိုးလိုက်တယ်။ သူမနိုးလာပါတယ်။
အမရေ ကျမကို အေးစက်စက် လက်မဲမဲကြီး အမွေးအရှည်ကြီးတွေနဲ့လက်ကြီးက ကျမလက်ကိုလာညစ်တယ်။ ကျမလည်း အမမဟုတ်မှန်းသိတော့ အဲဒီလက်မဲကြီးကို အတင်းဆွဲဆိတ် ပစ်လိုက်တယ်လို့ပြောပါတယ်။ သေချာပါပြီ ကျမတို့ကို တယောက်တလှည့် အိပ်တဲ့သူတိုင်းကို ခြောက်နေပါပြီ။ ဒါနဲ့ စကားဘဲထိုင်ပြောနေတယ်။ ဒီကြားထဲ ကြမ်းတွေကနေ တောက်တောက် နဲ့မြည်ပြန်ရော ကျမက ဓါတ်တိုင်ကနေလာတဲ့ မှုန်ပြပြမီးရောင်ရဲ့ရဲ့ကို အမှီပြုပြီး အခန်းအပြင်ထွက်သွားတယ်။ ကြမ်းတောက်ခေါက်နေတဲ့ ဧည့်ခန်းက ကြမ်းတွေကို တဒုံးဒုံးနဲ့ ဆောင့်ပြီး နင်းပါတော့တယ်။ ပြောရရင် ဖနောင့်နဲ့ပေါက်တာပေါ့။ အားမရလို့ ရေချိုးခန်းထဲဝင်သွားပြီး ပေပါကိုလည်း ခြေထောက်နဲ့ ပစ်ကန်တော့တယ်။ ကျမသူငယ်ချင်းကတော့ တော်တော်ကြောက်နေပါပြီ။ ကျမတို့ ၂ ယောက်ရဲ့ စရဏအား မရှိခဲ့တဲ့အတွက် တစ္ဆေလို့အဆင့်နိမ့် ၀ိဥာဉ်ရဲ့နှိပ်စက်ခြင်းကို တညလုံးခံခဲ့ရပါတယ်။ ကျမတို့ရွတ်တဲ့ ဘုရားစာတွေကိုလည်း ကျမတို့ရဲ့ စရဏအား သီလအားညံ့လို့ တစ္ဆေကတောင် မဖြုံပါဘူးရှင်။
ဒါနဲ့ ကျမလည်း ငါလည်း ငါတတ်သလောက်မှတ်သလောက် ဘုရားစာတွေရွတ်မယ်။ နင်လည်း နင်တတ်တဲ့ ခရိယန်ဘုရားစာတွေရွတ်ဆိုပြီး သူရော ကျမရော တတ်သမျှ မှတ်သမျှ ရွတ်ဆိုကြပါတယ်။ ဒီလိုနဲ့မနက်ကလည်း လင်းလာပါပြီ။ ကျမ ခဏလေး အိပ်ပျော်သွားပါတယ်။ တမှေးလေးမှေးတာတောင်မှ ထပ်ပြီး ကျမကို လည်ပင်းအစ်အောင် လာညစ်ပါတော့တယ်။ ကျမလည်းဒေါသကအရမ်းထွက်လာတော့ သေတာကို အေးအေးဖြောင့်ဖြောင့်မသေဘူး။ ကျောက်ဆည်မှာ ဝေဘူဆရာတော်ကြီးကျောင်းမှာ တရားသွားနာချည်ဆိုပြီး အဲဒီဝိဥာဉ်ကို ပြောဆိုပါတော့တယ်။ မနက်သာလင်းသွားတယ် တညလုံးအိပ်ရေးကပျက် အိပ်ခြင်မူးတူးနဲ့ နှစ်ယောက်သားကွင်းဆင်းသွားရတယ်။
ကျမက မကျေနပ်တော့ ကျမတို့ကို ဒေတာကောက်ပေးမဲ့ ခလေးတွေကို အဲဒီအဆောက်အဦဟာ အရင်ကခြောက်သလားလို့မေးမိပါတယ်။ သူတို့ကလည်း အရင်ကမခြောက်ဖူးလို့ပြောတယ်။ ဒါပေမဲ့ လုပ်အားပေးတွေလာတော့ အဲဒီမှာ ဆေးခန်းယာယီဖွင့်ခဲ့တယ်လို့ပြောပြပါတယ်။ ဒါဆိုရင် ကျမရိပ်မိသွားပါပြီ။ ကျမတို့အိပ်တဲ့ ကုတင်ကဘဲဖြစ်ရမယ်လို့။ ကျမတို့က အလုပ်ပြီးတာနဲ့ ကျောက်ဆည်အရောက်ပြန်မှဖြစ်တော့မယ်။ အလုပ်ကိုပြီးအောင်လုပ်လိုက်ပါတယ်။
အလုပ်ပြီးတော့ အဆောင်ကိုပြန်လာပြီး ပစ္စည်းသိမ်းကြတယ်။ စိတ်ထဲမှာ မသင်္ကာလို့ ခင်းထားတဲ့ဖျာကို ဖယ်လိုက်တော့ လားလား… ကျောက်ဆည်ဆေးရုံဆိုတဲ့ တံဆိပ်နဲ့ မွေ့ရာဖြစ်နေပါတယ်။ အဖြေကတော့ ပေါ်သွားပါပြီ။ အော် သေတဲ့သူဟာ သူသေတဲ့ကုတင်ကိုစွဲပြီး ကုတင်ပေါ်တက်အိပ်တဲ့သူကို အမျိုးမျိုးလုပ်တာကိုးလို့။ အစွဲအလန်းဟာ အတော်ကြောက်စရာကောင်းပါလားလို့လည်း တွေးမိရင်း ကြောတွန့်သွားမိတယ်။ အစွဲအလမ်းဆိုတာကလည်း သက်ရှိထင်ရှားအချိန်မှာ စွဲတဲ့အစွဲတွေက သနေ`္ဓတည်ပြီး ဒါတွေဟာ နည်းရာကနေ ထုနဲ့ထည်နဲ့ဖြစ်လာတာမျိုးဖြစ်တတ်ပါတယ်။ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲမှာ အဘိဇ္ဈာစိတ် မနာလိုစိတ်ကြီးမားတဲ့သူတွေတွေ့ဘူးပါတယ်။ အဲဒီလို သူတပါးအပေါ်ဖြစ် ပစ္စည်းအပေါ်ဖြစ်ဖြစ် အကြောင်းအရာတခုအပေါ်မှာ အဘိဇ္ဈာဖြစ်နေတဲ့သူမျိုးတွေဟာ သေရင်အဲဒီလိုဘဲ အစွဲအလန်းတွေ ဖြစ်နိုင်တယ်လို့ယူဆမိတယ်။ ဒီတစ္ဆေဟာ ဘာမဟုတ်တဲ့ ကုတင်တောင်စွဲလန်းနေရှာတယ်။ ဒါဟာ လွတ်မပေးတဲ့စိတ်တွေကို အခြေခံပြီးဖြစ်လာတဲ့ ပိုင်ဆိုင်လိုစိတ်တွေက ဖြစ်လာတဲ့အစွဲတွေက လာတာပါ။
ကျမဟာ အဲဒီတုံးကအဖြစ်အပျက်လေးကို မမေ့နိုင်ပါဘူး။ ဘာလို့ဆို ကိုယ်တွေ့ဖြစ်ပြီး လူလူခြင်းဆိုမှ သူနဲကိုယ်နဲ့ ရန်သတ်လို့ရနိုင်ပါတယ်။ အခုတော့ တစ္တေဆိုတော့ အလုံးအထည်လည်းမမြင်ရတော့ ပြန်ပြီးသူ့ကို နဘန်းပြန်သတ်နိုင်တဲ့အခွင့်အရေးမရဘူးလေ။
အခုအချိန်မှာ ဒီအကြောင်းလေးကို ရေးရတာဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ အစွဲတွေနဲ့ပတ်သက်ပြီး အလှူစွဲ သားသမီးစွဲ ပစ္စည်းဥစ္စာစွဲ နောက်ဆုံးအိမ်မှာမွေးထားတဲ့ တိရစ္တာန်တောင် သံယောဇဉ်ကြောင့်စွဲတတ်ကြတယ်မဟုတ်လား။ ဆရာတော်ကြီးဟာ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေဟာ ကိုယ်နဲ့ဘ၀က အကြောင်းရှိလို့ ကိုယ့်ဆီရောက်လာတာမို့ ကောင်းကောင်းမွန်မွန်ကျွေး ကောင်းကောင်းစောင့်ရှောက်သင့်တယ်တဲ့။ တိရစ္တာန်ဆိုပြီး ဖြစ်သလို မမွေးရဘူးတဲ့။ ဒါပေမဲ့ စွဲတော့ မစွဲနဲ့။ သူတို့ကို စွဲရင် သူတို့ကို အဖေအမေ ပြန်ခေါ်နေရတတ်တယ်တဲ့။ ကြောင်တွေ ခွေးတွေကို သိပ်စွဲလန်းနေရင် အဲဒီစိတ်နဲ့ သူတို့ဗိုက်ထဲ ၀င်စားတတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ တိရစ္တာန်ဘဲရှိပါသေးတယ်။ အသက်ရှင်တုံး သားတွေ သမီးတွေ ပစ္စည်းဥစ္စာတွေရဲ့ တသက်လုံးစွဲခဲ့တဲ့အစွဲကို ချွတ်နိုင်ဘို့ဆိုတာကတော့ အမြတ်ဆုံးအကျင့်ကျင့်မှာသာ သုံးပေမဲ့ အစွဲတော့တဲ့ အစွဲလွတ်ရာ မြတ်နိဗ`ဗာန်ကိုရောက်မှာဖြစ်သလို ကျမတို့ရဲ့ အဖိုးတန်တဲ့ ဘ၀လေးအဖြစ် ပီပြင်သွားမှာဖြစ်ပါတယ်။
ကျမတို့ဟာလည်း ကိုယ့်စရဏကိုကိုယ်ဖြေ့ကျင့်ခြင်းအားဖြင့် သက်လုံကောင်းစေသင့်ပါတယ်။ ကျမတို့ငယ်တော့ ပျော်ပျော်နေတယ်။ ဘာသာရေးဆိုတာ ဘာမှန်းမသိ။ စရဏဆိုတာလည်း မသိသေးတော့ သီလဆောက်တည်ခြင်းလည်းမရှိတဲ့ ကျမတို့ကို တစ္ဆေက ပညာပေးသွား ပညာပြသွားတာပါဘဲ။ မှတ်သားလောက်ပါပေရဲ့ရှင်။
ဆရာတော်ဘုရားကြီးဟာ သူ့ထံလာဖူးသမျှ သာဝကတွေ ဝေနေယျ တွေကို တမှတ်ထဲမှတ်ခိုင်းပါတယ်။ မှတ်ရင် အတွေးမ၀င်တော့ပါဘူးတဲ့။ ဒေါသ လောဘ ကိလေသာတွေဟာ အတွေးကနေဖြစ်လာတာမို့ အမှတ်နဲ့နေရင် အတွေးဝင်ခွင့်မ၇ဘူး။ အတွေးဝင်ခွင့်မရရင် အဲဒါတွေ မဖြစ်ဘူး။ အမှတ်နယ်ကျယ်လာပြီး အတွေးနယ်က ကျဉ်းသွားတယ်လို့ တဖွဖွ ဆုံးမတော်မူရှာပါတယ်။ တကယ့်သူတော်ကောင်းကြီးတွေများ ကြတော့လည်း ဒီမကျွတ်မလွတ်တဲ့ ၀ိဥာဉ်တွေကို ကျွတ်လွတ်အောင်ကယ်တင်နိုင်ကြတယ်ဆိုတာ ဆရာတော်ဘုရားကြီးတွေရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကြောင့်ပါဘဲ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား ကျန်းမာချမ်းသာပါစေ ကိုယ်ကျန်းမာပါစေ သာသနာ့ဝန် ခန္တာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေဟု မေတ္တာပို့သရင်း လက်ဆယ်ဖျာမိုး ရှစ်ခိုးကန်တော့ အပ်ပါသည်ဘုရား။

0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး