၁၉၉၆ ခုနှစ် အိန္ဒိယနိုင်ငံ၊ အူထရာပရာဒတ် ပြည်နယ် Uttarakhand, India ၊ ဒါရာဒွန်း Dehradun ဆိုသောမြို့ငယ်လေးတွင် ကျမပညာ သင်ကြား ခွင့်ရခဲ့ပါသည်။ ကျမသွားတက်ရမည့်ကျောင်းမှာ Indian Institute of Remote Sensing ဖြစ်ပြီး ထိုကျောင်းသည် ယခင်က တပ်မတော်လက်အောက်ခံကျောင်းဟုသိရပါသည်။ မသွားမှီ ကျမတို့ သွားတက်မည့် သင်တန်းဌာနမှ အဆင်သင့်မဖြစ်သေးသဖြင့် မကြာခဏ ရက်ရွေ့ပြောင်းစာကို ရရှိခဲ့ပါသည်။ ကျမတို့နိုင်ငံမှ ထိုစဉ်က ဥပဒေအရ ပညာတော်သင်တစ်ဦးသည် တကြိမ်ဆေးစစ်လျင် (၆)လ အတွင်းသာ သက်တမ်းရှိပါသည်။ (၆)လကျော်လျင် ဆေးထပ်စစ်ဆေးခံရပါမည်။ သို့အတွက် ကျမသည် သက်ဆိုင်ရာ UN-ESCAP သို့တောင်းဆိုရာ ဖွင့်မည့်ကျောင်းနှင့် ညှိနှိုင်းပြီး ကျမတို့အား ဒီဇင်ဘာလလကုန်တွင် ခေါ်ယူ ထားပါသည်။
သို့သော် ကျောင်းကမဖွင့်သေး UN-ESCAP မှ Sponsor ပေးသော ဗီယက်နမ် ၂ ဦး၊ မွန်ဂိုလီယား ၁ ဦးနှင့် ကျမ မြန်မာကျောင်းသား ၁ ဦး၊ စုစုပေါင်း(၄)ဦးကို ခေါ်ထားခြင်းဖြစ်ပါသည်။ ကျန်သူများမှာ ရုရှားနှင့်နီးစပ်ပြီး ရုရှား အထောက်အပံ့ရထားသော နိုင်ငံများဖြစ်ရာ ရုရှားသို့ မကြာခဏ၀င်ထွက်သွားလာခြင်း၊ ရုရှားနိုင်ငံတွင် ပညာတော်သင် သင်ကြားလာခဲ့သူများဖြစ်ပြီး၊ နိုင်ငံခြားအတွေ့အကြုံများစွာရှိသူဖြစ်သည်။ ကျမသာ ကလယ် ကလယ်နဲ့။ ကျမတို့ကို အမှန်တော့ သူတို့ဘက်က ကျောင်းကိုသတ်မှတ်ရက်တွင် မဖွင့်နိုင်ဘဲ အကြိမ်ကြိမ်ရွေ့ နေသဖြင့် ကြိုတင်ပြီးခေါ်ထားခြင်းဖြစ်ပါသည်။ အလုပ်လည်းမရှိ ကျောင်းလည်းမတက်ရဆိုတော့ ဗီယက်နမ် အဖွဲ့တွေနဲ့အတူ အနီးအနားတွေလျောက်လည်ဖြစ်ကြပါသည်။
လျောက်လည်တာကို အသာထားပြီး ဆန္ဒပြပွဲများအကြောင်းကိုရေးလိုပါသည်။ ဘာကြောင့်ရေးလိုသည်မှာ ကျမမြင်ရသော ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံမှ ဆန္ဒပြပွဲများနှင့် တခြားစီဖြစ်နေပါသောကြောင့်ဖြစ်ပါသည်။ (၁)၁၉၉၆ မတိုင်မှီ ရှရှား ခေါ် ဆိုဗီယက် ပြည်ထောင်စု နိုင်ငံတော်ကြီးမှ ပြည်နယ်ခွဲထုတ်ရေး ပြသနာကြီး ဖြစ်ပွား၏။ ပြီးလျင် ရက်ဆင်လက်ထက်တွင် ယူကရိန်း၊ ကီကစ်စတန်၊ အူဘက်ကစ်စတန် အစရှိသည့် နိုင်ငံ(၁၃) နိုင်ငံသည်ခွဲထွက်ကုန်သည့် ကာလဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ အူထရာပရာဒတ်ပြည်နယ်မှလူထု သည် ထိုကိစ္စကို အားကျသည်ဟုထင်ပါသည်။ ကျမတို့ရောက်လာသည်မှစပြီး အပတ်စဉ်သောကြာ်နေ့တိုင်း သပိတ်မှောက်ကြသည်။ ပြည်နယ်ခွဲထွက်လိုသဖြင့် သပိတ်မှောက်သည့်အကျိုးဆက်ကား လူထု ဆန္ဒပြပွဲဖြစ်သဖြင့် လမ်းများပိတ်ကုန်သည်။ ကားများသွားလို့ မရသဖြင့် ဆရာများ ကျောင်းသို့မလာနိုင်။ ဈေးဆိုင်များပိတ်ကုန်သဖြင့် ကြာသပတေးနေ့ တွင် မိမိဝယ်လိုသောပစ္စည်းများကို ကြိုတင်ဝယ်ယူထားရသည်။ ရုန်းရုန်းဖြစ်သည်ဟု မကြားမမြင်။ စနစ်တကျစီတန်း ဆန္ဒပြသည်သာမြင်ရသည်။ အပတ်စဉ်ပြနေသည်မှာ ၁၉၉၆ ဇန`္တွဝါရီလမှ ၁၉၉၆ ဒီဇင်ဘာကျမတို့ သင်တန်းပြီးဆုံးသည့်အထိဖြစ်ပါသည်။
(၂) ကျောင်းတက်နေစဉ်ကာလအတွင်း စာတိုက်မှ လစာတိုးပေးရေးအတွက် သပိတ်မှောက်ကြသည်။ စာတိုက်တွင် အလုပ်မဆင်းသဖြင့် စာများအသွားအလာပိတ်ဆို့ ကြန့်ကြာစေခြင်းဖြစ်သည်။ အချိန်တန်သော် အလုပ်ပြန်ဆင်း ကြသည်။ (၃) အလားတူ ခရီးဝေးဘစ်ကားဆရာများ သပိတ်မှောက်သည်။ ကားများမထွက်သဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်သွားသည်။ တပတ်ကျော်ကျော်ကြာသည်။ အေးအေးဆေးဆေး သူတို့လိုခြင်သော လုပ်ခ လခတိုးပေးရန်ု ဆန္ဒပြတောင်း ဆိုသွားသည်မှ တပါး ဘာသံမှမကြားရပါ။
(၄) နောက်ထပ်တကြိမ်ကတော့ ထူးထူးဆန်းဆန်း စစ်မှုထမ်းဟောင်းကြီးများ ဆန္ဒပြကြသည်။ ချီတက်ကြသည် မြို့ထဲပတ်ကြသည်။ သူတို့ဆန္ဒပြနေသည့်ဘေးတွင် မျိုးဆက်သစ် စစ်မှုထမ်း နှင့်ရဲဝန်ထမ်းများက ဘေးမှလိုက်ပေးနေသည်။ ဘာသံမှမကြားရပါ။ တောင်းဆိုချက်ကို ပါးစပ်မှ ကုလားလိုရွတ်သွားသည်မှတပါး။
(၅) နောက်ထပ်တကြိမ်ပြကြပြန်ပါပြီ။ ဘာအကြောင်းဟုဂဂဏဏမသိသော်လည်း ဆန္ဒပြသည့် ပုံစံကား ထူးခြားသည်။ ဆန္ဒပြသူများသည် ဆိုင်းဘုတ်များကို ကိုင်ပြီး စကူတာခေါ်သည့် အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်စီး ပြီး မြို့လယ်တွင် ဆန္ဒပြခြင်းဖြစ်ပါသည်။ ဆိုင်းဘုတ်များကို ဆိုင်ကယ်နောက်မှ တယောက်ကကိုင်သည်။ ရှေ့မှ တစ်ဦးကစီးသည်။ ဘာမှ အပိုပြသနာမဖြစ်။ ငြိမ်းချမ်းစွာဆန္ဒပြသွားပါသည်။
ဆန္ဒပြသည် သို့သော် ငြိမ်းချမ်းစွာဆန္ဒပြသည်။ ဗုဒ`္ဓဘာသာနိုင်ငံမဟုတ်ပါ။ မေတ္တာသုတ်ကို နင်းကန်ရွတ်ဖတ် နေသော နိုင်ငံလည်းမဟုတ်ပါ။ ရွှေအပြည့်ဆက်ကပ်ထားသော ဘုရားများ များစွာရှိသောနိုင်ငံလည်း မဟုတ်ပါ။ လူဦးရေများလွန်းလို့ ပကာသနမဖက်ဘဲ ပြည်သူပြည်သားတို့ စားဝတ်နေရေးပြေလည်စေရန် ပြည်တွင်းဖြစ်တို့ဖြင့်သာ အတတ်နိုင်ဆုံးအသုံးပြု ရပ်တည်နေသောနိုင်ငံဖြစ်ပါသည်။ သို့သော် သူတို့နှလုံးသားသည် သူတို့ဆန္ဒကို အေးချမ်းစွာဖော်ထုတ်ပြသနိုင်ခွင့် ရှိသည်။ သူတို့လိုအပ်သည်ကို ဖော်ပြပိုင်ခွင့်ရှိသည်။ နိုင်ငံတော်မှလည်း သူတို့တောင်းဆိုမှုကို စဉ်းစား ပေးသည်။ လိုက်လျောနိုင်လျင် လိုက်လျောသည်။ မလိုက်လျောနိုင်လည်း ဒီအတိုင်းနေသည်။ သူတို့ဇွဲကောင်း ကောင်းနှင့်ဆန္ဒပြသည်။ မလိုက်လျောနိုင်သော ပြည်နယ်ခွဲထွက်ရေးကို နောက်ဆုံးတနှစ်ကျော်ကျော်ကြာသော် လက်လျော့ သွားကြသည်။
ကျမတို့နိုင်ငံက ယခုလက်ရှိနိုင်ငံရေးအခြေအနေ အပြောင်းအလဲမဖြစ်မှီဖြစ်ခဲ့သော လူထုဆန္ဒပြပွဲနှင့် အိန္ဒိယနိုင်ငံ အူတရာပရာဒတ်ပြည်နယ် ဒါရာဒွန်းမြို့မှ ဆန္ဒပြပွဲနှင့်ယှဉ်လျင်။ ပွက်ပွက်ဆူနေသောငရဲမီး နှင့် အေးမြသောစမ်းရေကဲ့သို့ကွာခြားမှုရှိပါသည်။ ၁၉၈၆ ကျမတို့ပြန်ခါနီးတွင် ဒါရာဒွန်းတွင် ကြက်သွန်နီ ခင်းများ ပိုးကျသောအချိန်နှင့်ကြုံပါသည်။ ကြက်သွန်ခင်းတွေအကုန်ပျက်စီးကုန်သည်ဟု သိရသည်။ ပြည်နယ်အစိုးရသည် အိမ်ထောင်စုတစ်စုလျင် တပတ်စာအတွက် ကြက်သွန် တစ်ကေဂျီ ဝေငှပေးသည်။ တစ်ကေဂျီသည် (၆၀)ကျပ်သားဖြစ်ပါသည်။ သူတို့သည် လူဦးရေအလွန်များသဖြင့် ဇိမ်ခံပစ္စည်းများကို အခြားနိုင်ငံမှ မတင်သွင်း မိမိနိုင်ငံထုတ်ကား တီဗွီ ကင်မရာစသည်ဖြင့် အတတ်နိုင်ဆုံး သူ့နိုင်ငံထုတ်ပြည်တွင်း ဖြစ်သာသုံးသည်။ ဂျပန်ကား အားမကိုး။ ကဲ ဘာကွာခြားနေပါသလဲ။ ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာဘဲ မဟုတ်ပါလား။
မေတ္တာတရားဟာ အများကောင်းစားတာ အဆင်ပြေတာကို မြင်လိုတွေ့လိုတယ်။ မိမိစွမ်းနိုင်သမျှ အများအတွက် အများဘက်ကိုစဉ်းစားပေးတဲ့ ကိုယ်ချင်းစာစိတ်ဟာ မေတ္တာရဲ့အရိပ် လူဘ၀ရဲ့ တန်ဘိုးမဟုတ်ပါလား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး