Sunday, October 7, 2012

ဘ၀တန်ဘိုးကိုမြှင့်ပေးခဲ့ကြသည့် ကလျာဏမိတ္တများ၏ တန်ဘိုး


ကလျာဏမိတ္တများ၏တန်ဘိုး
ဒီနေ့ ကျမဟာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးတရားတွေထဲက ရှားရှားပါးပါး တပုဒ်ကိုတင်မယ်လို့ စိတ်ကူးထားပါတယ်။ မနက် ၈ နာရီလောက်ကစပြီး မီးမလာတာကြောင့် ကျမရဲ့စိတ်ကူးအိမ်မက်က ပျောက်သွားပါတယ်ရှင်။ ဘာကြောင့်ဆို ကျမတို့နေရာလေးမှာ ဆိုကရေးတီး ပြိုင်ပွဲမကြာခင်စမှာဖြစ်တဲ့ အတွက် ပြင်ဆင်နေကြလို့မီးခဏဖြတ်ထားတာဖြစ်ပါတယ်။
မီးလာတဲ့အချိန်က ညနေ(၃)နာရီလောက်မှလာတဲ့အတွက် ကျမလည်း သောကြာနေ့က ရုံးလစ်ထားတဲ့ အတွက် အကြွေးတွေကိုအရင်ဆပ်တဲ့အနေနဲ့ရုံးအလုပ်ကို အိမ်မှာလုပ်လိုက်ရပါတယ်ရှင်။သောကြာ်နေ့က ကျမရုံးလစ်လိုက်ပါတယ် ကျမအင်မတန်ချစ်တဲ့ တရားရှင်မလေးရဲ့ဖခင် ဦးလှတင်ဆေးရုံတက်နေရလို့ပါဘဲ။ ဦးလှတင်ဆိုတာ ဆရာတော်ဦးဇောတိကကို သားလိုမခြားအင်မတန်ချစ်ခင်ရှာတဲ့ ဒကာမကြီးဒေါ်လှမူရဲ့ ခင်ပွန်းပါဘဲ။ ဒေါ်လှမူကတော့ ဆုံးသွားတာကြာပါပြီ။ ဦးမြသန်းစံကလည်း ဆရာတော် ဦးဇောတိကရဲ့ပြော ပြချက်အရ ဒကာမကြီးဒေါ်လှမူကွယ်လွန်ပုံအကြောင်းကို စာအုပ်တအုပ်ထဲမှာ ရေးထားခဲ့ဘူးပါတယ်။ အခုတော့ဒကာကြီးဦးလှတင်ဟာ အသက်(၈၅)နှစ်ရှိပြီးဖြစ်တဲ့အတွက် ကျန်းမာရေးအရ-ဆေးရုံခေတ္တတက် နေရတာဖြစ်ပါတယ်။
ကျမက ဗန်းမော်သူ၊ ရေဆင်းရောက်လာတော့ ကျမအဒေါ်ဝမ်းကွဲက ဒုတိယနှစ်မှာတက်နေတယ်။ သူက တက္ကသိုလ်မှာအတူတူဆိုတော့ နည်းနည်းအားရှိတယ်ပေါ့။ ဒါပေမဲ့တွဲမိတာကတော့ ကျမတို့အုပ်စုက(၇)ဦး၊ အဲဒီအထဲမှာ မြို့ခံကတော့ ကျမသူငယ်ချင်းလေးမထွေးပါဘဲ။ သူ့ကိုအဲဒီခေတ်က သောကြာ်နေ့ကျောင်းပိတ် လို့ ပျဉ်းမနားအိမ်ပြန်ပို့ရင် ကျောက်ထုရဲဘက်စခန်းက ထုံးကျောက်တွေတင်တဲ့ ကားအမြင့်ကြီးတွေပေါ်မှာ ကျောက်တုံးတွေပေါ်တက်ထိုင်ပြီးလိုက်ပို့ရတယ်။ တယောက်ထဲလည်း ပြန်လို့မဖြစ်။ ကျမအဲဒီလိုလိုက်လိုက်ပို့တော့ ကျမက သူ့အိမ်နဲ့ပိုရင်းနှီးပါတယ်။ အကျိုးအမြတ်ကတော့ တသက်လုံး ဘယ်လိုမှ ဆပ်လို့မရအောင် ကောင်းကျိုးများရလိုက်တာဖြစ်ပါတယ်။
မထွေးရဲ့မိခင်ဒေါ်လှမူဟာ ဘာသာရေးသိပ်ကိုင်းရှိုင်းတဲ့အတွက် ရှေ့ကစံပြလုပ်ကိုင်သွားတာတွေဟာ အတုယူ စရာတွေဖြစ်ပါတယ်။
ထမင်းရည်ကအစ ဇလုံလေးနဲ့အအေးခံတယ်။ ပြီးရင် ရေတွေရောပြီးမှာ မြေပေါ်ထဲသွန်ပါတယ်။ ဘာကြောင့်ဆိုရင် မြေထဲကသတ္တ၀ါတွေ ထမင်းရေအပစ်ရဲ့ဒဏ်ကြောင့် သေနိုင်တယ်။ ဒါကြောင့် ရေလိုကြဲသွားအောင်ရေရောပစ်တာဆိုပါတယ်။
နောက် ဘုန်းကြီးကျောင်းတွေသွားရင် အလှူကြောင့်ကျွေးတာမှတပါး မစားခဲ့ရပါဘူး။ တခါစားခဲ့မိလို့ အိမ်ရောက်တော့ ဆူခံရပါတယ်။ သံဃိ့က ပစ္စည်း အဆိပ်သီးဆိုပြီးဆူတာပါ။ အတင်းစားခိုင်းလို့စားခဲ့တယ်လို့ ပြန်ဖြေတော့ နောက်ဆို အဲဒီအချိန်မျိုးကိုရှောင်သွားလို့ပြောပါတယ်။ တကယ်တော်တာဘဲလို့အဲဒီတုံးက မှတ်ချက်ချမိခဲ့ပါတယ်။
တောရကျောင်းတွေသွားရင်လည်း ဆရာတော်များ တရားအားထုတ်နေတာကို မနှောင့်ယှက်ရဘူးဆိုပြီး မလိုအပ်ဘဲ ကျောင်းငယ်လေးတွေကို ၀င်ထွက်တာမျိုးမလုပ်ရပါဘူး။ နှောင့်ယှက်ဖို့သွားတာမဟုတ်ဖူး လိုအပ်တာလေးတွေဖြည့်နိုင်အောင်လို့သွားတာဟုပြောပြပါတယ်။ တစ်ခါလည်း လှည်းပဒေါင်းကြီး ကျိုး သွားတဲ့အထိ ဗွက်တွေအထပ်ထပ်ကြားက သွားရတာပါ။ အခုတော့ ကျောင်းတွေက ဟော်တယ်ဇုံထဲမှာရောက်သွားပါပြီ။
သံဃာတော်များနှင့် တမိုးအောက်တွင် မနေရဟုလည်းဆုံးမပါသည်။ အနည်းဆုံးအမျိုးသားတစ်ဦးပါမှ။ စကားတောင်များများမပြောရဘူးစသည်ဖြင့် များစွာဆုံးမခဲ့ပါသည်။ တောရကျောင်းသွားဆွမ်းလောင်းလျင် ယခင်ခေတ်က ယခုကဲ့သို့ ကျွတ်ကျွတ်အိပ်များမရှိသဖြင့် သပိတ်အတွင်းသို့လောင်းသောအခါ ဟင်းများကို မထပ်စေရန် တဦးလောင်းပြီးလျင် နောက်တဦးက လွတ်သောနေရာကို လောင်းရပါသည်။ ထိုသို့လောင်းခြင်း အားဖြင့် သံဃာတော်သည် မိမိနှင့်မသင့်တော်သော ဟင်းများပါလာပါက ပယ်နိုင်ရန် စီစဉ်ပေးခြင်းဖြစ်ပါသည်။
ဘောဇဉ်အသီးအနှံများအား ပလပ်စတစ်အိတ်တစ်လုံးလျင်တစ်မျိုးကျလောင်းပါသည်။ ဥပမာ ဒူးရင်းသီး မတည့်သော သံဃာသည် ဒူးရင်းသီးအိတ်အား ပယ်နိုင်ရန်မလို့ဌာဖြစ်ပါသည်။ ဌက်ပျောသီး စသည့် အသီးအနှံများကိုလည်း ပါးစပ်ထဲသို့တစ်လုပ်စာဖြစ်အောင်စီစဉ်ပြီး ပလပ်စတိတ်အိပ်များနှင့်ထည့်ပေးပြီး လောင်းပါသည်။ ထိုဒကာမကြီးကြောင့် ကျမ၏ အကိုဝမ်းကွဲများမှာအသက်မတိမ်းမယိမ်းဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားသည်ကတကြောင်း ငယ်စဉ်ကလည်း (၄)တန်းအရွယ်တွင် ကြီးကြီးကား မျက်စေ့အောက်တွင် တိမ်းပါးသွားရာ သေခြင်းတရားကို ကြောက်လန့်ခဲ့မိသည့်အတွက် ကျမသည် ကံဦး မဟာစည်ရိပ်သာတွင် တရားထိုင်ဖြစ်စေရန် စီစဉ်ပေးသည်မှာလည်း ဒကာမကြီးဒေါ်လှမူပင်ဖြစ်ပါသည်။ ကျမကတရားအရင်ထိုင်သော်လည်း ပါရမီရှင် ကျမသူငယ်ချင်းလေး မထွေးမှ နောက်နှစ်တော်တော်ကြာမှ တရားစထိုင်သော်လည်း ကျမထက်ထူးချွန်စွာ ကျော်တက်သွားပါသည်။ လာသည့်ဘ၀အခြေခံက သူ့မိဘ နှစ်ပါးသည် ဘာသာရေးကိုင်းရှိုင်းသူ၊ အလေးအနက်ထားသူ၊ မြတ်စွာဘုရားအဆိုအမိန့်ကိုတန်ဘိုး အထူးထားသည့်အသိုင်းအ၀န်း၊ ဘုရားမရှိလျင် သံဃာတော်တို့အပေါ်တွင် ထားသော သဘောထားမှာ အံ့သြဘွယ်ရာပင်ဖြစ်သည်။
ကျမတို့အိမ်ကတော့ ကျမ(၄)တန်းတွင် ကြီးကြီးဆုံးပြီးကတည်းက လောဘ၊ ဒေါသ၊ ရမက်မီးများ လောင်နေ သည့်အိမ်၊ အမွေအတွက် တရားသည် မတရားသည်ကိုနောက်ထား လောဘစိတ်ကြောင့်တိုက်ခိုက်နေပြီး ပူလောင်နေတဲ့အိမ်။ ငြိမ်းချမ်းခြင်း၏အရသာက သူတို့မိသားစုထဲတွင် ၀င်ထွက်လာသောအခါ စသိလာပြီး ကျမဘ၀ဟာ ပိုတန်ဘိုးတက်သွားသလိုခံစားလိုက်ရပါသည်။ ထပ်ပြီးတန်ဘိုးတက်သွားသည်မှာကား တောရကျောင်းတွင် ဆွမ်းလောင်းရခြင်းကုသိုလ်၊ ဆရာတော်ဦးဇောတိက၏ တရားများကို နာကြားရသော ကုသိုလ်၊ ဆရာတော်ဘုရားကြီး ဦးတိသရအား ပူဇော်ရခြင်းတည်းဟူသောကုသိုလ်၊ တရားအားထုတ် ဖြစ်စေသော ကုသိုလ်ကောင်းမှုတို့အား ကျမဘ၀ထဲသို့ထည့်ပေးခဲ့သော မိတ်ဆွေကောင်း၊ ပတ်ဝန်းကျင် ကောင်း ကလျာဏ မိတ္တကောင်းဖြစ်သည်မှာသူတို့မိသားစုပင်တည်း။ ဘ၀သည်က အချိန်တန်လျင် ဒီရုပ်ခန္ဓာအား ထားခဲ့ရမည်ဖြစ်သလို ပိုင်ဆိုင်မှုမှန်သမျှသည် ထားခဲ့ရပါလိမ့်မည်။ ဘ၀တန်ဘိုးအရှိဆုံး အရာများကို မိမိတို့ဘ၀ထဲရောက်လာအောင် ဖန်တီးပေးခဲ့သော သူများသည် မိမိဘ၀၏ အထွတ်အမြတ်ထား ရသည့်သူများ သာဖြစ်ပါသည်။ သို့ကြောင့် ဘ၀တန်ဘိုးကိုတက်အောင် ပြုလုပ်ပေးသော ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်း ကလျာဏမိတ္တကောင်း တို့ဖြင့်ပေါင်းသင်းရခြင်းသည် မင်္ဂလာတပါးသာဖြစ်ပါသည်ဟု။
ကျမဘ၀အတွက် နောက်မိသားစုတစုကတော့ ဒေါက်တာမြသွင်၊ ဒေါ်ခင်ခင်ဆွေ(သွင်ကြီး၊ဆွေကြီး၊ ဆယ်ပြားကြီး၊ ဇမြောက်တွေလာပြီဟေ့) ဟု မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပြောလေ့ရှိသော မိသားစု ပင်ဖြစ်ပါသည်။ ကျမအသက်ရလာလေလေ ပိုတန်ဘိုးထားတတ်လေလေဖြစ်ပါသည်။ ဆုတ်ကာလတွင် ယခင် ၂၀ စုနှစ်များကတွေ့ရသော မေတ္တာတရား ဗြဟ္မာစိုရ်တရားများ နည်းပါးသွားတာမြင်ရလေလေ၊ ထိုမိသားစုများ၏ တန်ဘိုးကို သိလေလေဖြစ်ပါတော့သည်။
ကလျာဏမိတ္တများအား တန်ဘိုးထားတတ်ကြပါစေရှင်။
မှတ်ချက်။        ။ ဇမြောက်ဆိုသည်မှာ သင်္ကန်းကျွန်းရပ်ကွက် ဇကွဲ/မြောက်ရပ်ကွက်တွင်နေသူ ဆရာတော်ဘုရားကြီးကို ကြည်ညိုကြသော ရန်ကုန်အဖွဲ့ကို ဆိုလိုခြင်းဖြစ်ပါသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts