Tuesday, October 2, 2012

ဆရာတော်ဦးဇောတိက၏ ဘ၀ပါရမီအကြောင်းတစေ့တစောင်း


ဆရာတော် ဦးဇောတိကနှင့်ပတ်သက် ပျဉ်းမနားမြို့မှရှိသော ဆရာတော့် ဝေနေယျဟောင်းများ၏ ပြောဆိုသော အသံကိုလွန်ခဲ့သော (၃)နှစ်က ကြားလိုက်ရသည်။ ဆရာတော့်ကို မူဆလင်တွေအတွက် လုပ်နေသည်ဟု လူတချို့ကစွပ်စွဲသည်ဟုဆိုပါသည်။ တဖန် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ အရှင်သောမ(ထားဝယ်) သြ၀ါဒခံယူသောတရားတော်ထဲတွင် မဟာမြိုင်ဦးဇောတိကလည်း အရှင်ဘုရားလိုဘဲ သူ့ကို မူဆလင်တွေအတွက် ပလီဆောက်ဖို့ လုပ်နေတယ်လို့ ပြောကြတယ်လို့သတင်းရောက်လာတယ်ဟု ဆရာတော်ဘုရားကြီးမှ ဦးသောမကို မိန့်ပါသည်။ အမြင့်ရောက်လေ လေတိုက်လေဆိုသည့် ဆရာတော်ဘုရားကြီအဆုံးအမများကို ဆရာတော်ဦးသောမအားပေးသောသြ၀ါဒတွင် ကျမရေးသားပြီးဖြစ်ပါသည်။
ဆရာတော် ဦးဇောတိကအကြောင်း ဆရာတော်ငယ်စဉ်က ပြောပြခဲ့သည်ကို ကျမကတော့ ကောင်းကောင်း မှတ်မိနေသည့်အတွက် ဆရာတော်အကြောင်းလေးကို ပြောပြခြင်ပါသည်။ (ဆရာတော်ပြောခဲ့သော နေရာမှာ ပျဉ်းမနားမြို့ ဦးလှတင် ဒေါ်လှမူတို့နေအိမ်တွင်လော၊ လေသာကျောင်း၊ ရန်နိုင်ရပ်ကွက်တွင်လော မကွဲပြားတော့ပါ)။ ဆရာတော်သည် ငယ်စဉ်မှစပြီး အိမ်ရှေ့ ဘုန်းကြီးကျောင်းက ဘာတွေလုပ်သည်ဆိုသည်ကို စိတ်ဝင်စားခဲ့သည်။ အိမ်ရှေ့ဘုန်းကြီးကျောင်းက ကိုရင်တွေဘာတွေရွတ်ဖတ်သလဲကို စိတ်ဝင်စားခဲ့သည်။ သို့ဖြစ် အိမ်ရှေ့ဘုန်းကြီးကျောင်းမှကိုရင်လေးတွေထံမှ သူတို့ဖတ်သော ဘုရားစာအုပ်များကို တောင်းယူ ဖတ်ရှုခဲ့ရာ ဆရာတော့်မယ်တော်မြင်သော မီးရှို့ပစ်သည်ဟု ပြောခဲ့ဘူးပါသည်။ ဆရာတော်ဦးဇောတိကသည် ကိုရင်လေးများ ဦးဇင်းများတရားထိုင်သည်ကိုလည်း စိတ်ဝင်စားခဲ့သည်။ သူတို့ဘယ်လိုရှုမှတ်သည်ကိုလည်း မေးမြန်းခဲ့သည်ဟုဆိုပါသည်။
ဆရာတော် ဦးဇောတိက စက်မှုတက္ကသိုလ်တက်သောအခါတွင်လည်း ကျောင်းစာသင်ခန်းထဲရောက်သော် ငြိမ်ငြိမ်သက်သက်ထိုင်ကာ အမဲရောင် သင်ပုန်း(ထိုစဉ်က သင်ပုန်းသုံးသောခေတ်ဖြစ်ပါသည်)ပေါ်တွင်ရှိသော အဖြူရောင်အစက်အပျောက်တခုကို စူးစိုက်ကြည့်သော အလေ့အကျင့်လုပ်ခဲ့သည်ဟုပြောပြခဲ့ဘူးပါသည်။ နောင်တွင် ထိုသို့ပြုလုပ်ခြင်းသည် ကသိုဏ်းတခုဟုသိလာရကြောင်းဆရာတော်က ရှင်းပြပါသည်။ ကသိုဏ်းဟုသိလို့ ရှု့ခဲ့ခြင်းမဟုတ်ပါ။ ဆရာတော်သည် ပါရမီကြောင့်သာ ထိုအစက်အပျောက်ကို စိတ်တည်ငြိမ်မှုအတွက် ကြည့်ရှုခဲ့ခြင်းဖြစ်ပါသည်။ ရဟန်းဝတ်သော်ပထမတွင် ပုပ္ပါး ဦးပရမ၀ဏ္ဏသိန္ဓိထံတွင် သွားရောက်သီတင်းသုံးရာဆရာတော်လျောက်လမ်း လိုသောလမ်းမဟုတ်ပါသဖြင့် ပုပ`္ပါး ရသေ့ ဦးပြည့်စုံ ခေါ် ဦးပရမက ပင်ဆရာတော်အား တောင်ပုလုဆရာတော်ဘုရားကြီးထံတွင် သီတင်းသုံးရန်လမ်းညွှန်ချက်အရ တောင်ပုလုဆရာတော်ထံတွင် သီတင်းသုံးခဲ့ပါသည်။ နောင်တွင် တောင်ပုလုဆရာတော်မှ ခေတ်ပညာတတ်မှ ရဟန်းဝတ်လာသဖြင့် ၀ိနည်းများကို ကြေလည်စေရန် ထန်းတပင်တောရ ၀ိနည်းထိုရ်ဆရာတော်ကြီး ဦးတိရထံသို့ စေလွတ်သဖြင့် ပျဉ်းမနားနှင့်လယ်ဝေးနယ်စပ် လယ်ဝေးမြို့နယ်အပိုင် ထန်းတပင် ဆုတောင်းပြည့်တောရ၏ ဆရာတော်ဦးတိရ၏ သြ၀ါဒခံ ကျောင်းဖြစ်သော မဟာမြိုင်တောရတွင် သီတင်းသုံးခဲ့ခြင်းဖြစ်ပါသည်။
ဆရာတော်ဦးဇောတိကသည် ရဟန်းဝတ်သွားသဖြင့် မိခင်၏ ဥပက္ခောပြုခြင်းကိုခံခဲ့ရသူဖြစ်ပါသည်။ နောက်ဆုံး မိခင်ကွယ်လွန်ပြီး (၃)နှစ်နေမှ ဆရာတော်သည် မိခင်ကွယ်လွန်ကြောင်းသိခဲ့သူဖြစ်ပါသည်။
အမှန်တကယ် စစ်လျင် ဆရာတော်ဦးဇောတိက၏ မော်လမြိုင်နေအိမ်၏ရှေ့တွင် ဘုန်းကြီးကျောင်းရှိသည်ဟု ဆရာတော်ပြောပြချက်အရ သိရှိခဲ့ရပါသည်။ ဆရာတော်သည် မူလဘ၀ အခံဓါတ်မပါဘဲနှင့် မူဆလင်လူမျိုးမှ ရဟန်းဘ၀ သို့မရောက်နိုင်ဟု ကျမကတော့လုံးဝယုံကြည်ပါသည်။ ဆရာတော်သည် ရဟန်းပြုသည်မှစ မိခင်ကို စွန့်လွတ်ခံခဲ့ရသောသူ ဖြစ်ပါသည်။
ဘ၀မည်သည်စွဲမိစွဲရာအစွဲအရ ၀င်စားတတ်ကြသည့်သဘောကို တရားကို အားထုတ်ကြသည့် ပါရမီပါသော ဗုဒ္ဓဘာသာတိုင်းလက်ခံသည်အမှန်။ ဘ၀တခုနှင့်တစ်ခုသည်ဆက်စပ်ပြီး ဖြစ်ကြသည်ကိုလည်း သိကြမည်ဖြစ် ပါသည်။ ဆရာတော်အိမ်ရှေ့ မှ ဘုန်းကြီးကျောင်းမှ သံဃာတဦးဦးသည် ဆရာတော်အမေ့ဝမ်းတိုက်ထဲသို့ ၀င်စားကောင်းဝင်စားနိုင်သည်ဟု ကျမတွေးမိပါသည်။ နေ့စဉ်နှင့်အမျှ ကျောင်းရှေ့တွင် မြင်နေရသော မူဆလင်ဒကာမကြီးကို စွဲကောင်းစွဲနိုင်ပါသည်။ အထုံဆိုသောစကားကို ဘယ်အနားထားမည်နည်း။ အထုံဆိုသောပါရမီသည် အရင်က မျိုးစေ့ချခဲ့သော် နောက်တွင် အပင်ပေါက်သည် အသီးသီးသည်။ စွန်းလွန်းဆရာတော်ကြီး၏ဘ၀ဇတ်ကိုပင်ကြည့်ပါ။ မြတ်စွာဘုရားလက်ထက် ကျေးသားဘ၀နှင့် သစ်သီးဆွမ်း ကပ်လှူခဲ့သော အရှိန်အဟုန်ပါရမီကြောင့် နှစ်ပေါင်းများစွာကြာသော် ဘ၀များကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်း လာရသည်မဟုတ်ပါလား။
ဆရာတော်တောရကျောင်းတွင် သီတင်းသုံးစဉ်က နေ့စဉ် ဆရာတော်တို့ဆွမ်းခံရသောနေရာသည် ကျောင်းနှင့် (၂)မိုင်ဝေးပါသည်။ မဲထီးရွာထိပ်အထိ ဆွမ်းခံရပါသည်။ နောင်နှစ်တော်တော်ကြာမှ ဆရာတော်ဘုရားကြီးက ခွင့်ပြုသဖြင့် ကျောင်းတွင်းသို့လာရောက်လောင်းခွင့်ရပါသည်။ ထိုတောရကျောင်းတွင် သီတင်းသုံးသောရဟန်းသည် ဓူတင်(၃)ပါးကို အနည်းဆုံးဆောင်ရပါသည်။ ဆရာတော်နှင့်မဟာမြိုင်တွင် ထိုစဉ်အတူသီတင်းသုံးဖက်မှာ ရွှေစေတီဆရာတော်၊ ဦးဣဿရိယဖြစ်ပါသည်။
သို့ကြောင့်ပါရမီဓါတ်ခံဖြင့်လာသော ရဟန်းတို့အား ဘာသာကွဲသဖြင့်ဆိုပြီး ရမ်းမပြောသင့်ပါ။ ရဟန်းတော်၏ နောက်ကြောင်းတွင် ပါရမီဓါတ်ခံက အလိုလိုပါနေပါသည်။ ထိုကဲ့ရဲ့သူတို့သည် မိမိကိုယ်တိုင် ဘာသာကွဲများ ဗိုက်ထဲဝင်ပြီး မွေးလာသော်။ ဗမာလူမျိုးပင်ဖြစ်လင့်ကစား မြတ်စွာဘုရားတရားတော်တွေကို ကမောက် ကမ ဟောပြောနေသောကြောင့် သံဃာ့မဟာနာယကအဖွဲ့ ဓမ္မရာဇာများက တာဝန်ယူနေရခြင်းမဟုတ်ပါလော။ မည်သည့်ဘာသာမှ ရဟန်းဘ၀ရောက်သည်ဖြစ်စေ ရဟန်းမှာ ရဟန်းနှင့်တူဘို့သာလိုပါသည်။ သာသာနာကို စောင့်ရှောက်ထိမ်းသိမ်းရန်သာလိုပါသည်။ ဘာသာနာတော်တွင် ကွက်လပ်များစွာရှိပါသည်။ သူများမဖြည့်တဲ့ ကွက်လပ်ကလေးတွေကို ဖြည့်ပါ။ သာဓုခေါ်ပါတယ်ဘုရားဟု မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဆရာတော်ဦးသောမ အား သြ၀ါဒပေးခဲ့ပါသည်။
ကျမကတော့ ဆရာတော်ဦးဇောတိက နာမည်မကြီးစဉ်က မကြာခဏဆရာတော့်အနားသို့ ပြောကြားသော ဟောကြားသော တရားဓမ္မအဆုံးအမများအပြင် တရားနှင့်ပတ်သက်သည့်လမ်းညွှန်ချက်များကြောင့် ဘ၀တွင် အတော်နေတတ်ထိုင်တတ်သွားရာ ဆရာတော့်ကျေးဇူးကို အထူးအောင့်မေ့သတိရမိပါသည်။ ဆရာတော် သင်ပြသည့်အတိုင်းကျင့်ရာ အရင့်ဥာဏ်သို့ အမှန်ရက်တိုအတွင်းတက်နိုင်ပါသော်လည်း အားမကောင်းသော နွားတောင်မတက်နိုင်သကဲ့သို့ ဒီတောင်က မကျော်နိုင်တော့ဖြစ်ခဲ့ရပါသည်။
သို့သော် ဆရာတော်ဦးဇောတိက ပြောသည့် အင်နားရှား(inertia)၊ အတွေးများဖြင့်ဆူညံ့စွာစကားပြောခြင်း၊ ကိုယ့်စိတ်ကိုကိုယ်ထောင်ချနေတာဘဲဟု လောဘ ဒေါသများကိုတင်စားပြောဆိုခဲ့သော ဥပမာများသည် ကျမ ဘ၀ခရီးတွင်များစွာအထောက်အကူပြုသော စကားလုံးများဖြစ်ပါသည်။ ခဲလေးတလုံးကန်ရေပြင်ပေါ်ပစ်ချတယ် ခဲသေးရင်သေးသလို ကြီးရင် ကြီးသလို လှိုင်းတွေ အနည်းအများဖြစ်မှာဘဲ။ Frequency အနည်းအများဆိုသည့် စိတ်နှင့်ပတ်သက်သော အဆုံးအမသည် ဆရာတော်ကို ဖူးတွေ့ခဲ့စဉ် အသက်(၂၄)နှစ်လောက်ခန့်မှစပြီး ယနေ့ (၅၆)နှစ်ထိတိုင် မမေ့နိုင်သော လက်တွေ့အသုံးချနေဆဲဖြစ်သော နည်းလမ်းကောင်း အဆုံးအမကောင်းများဖြစ်ခဲ့ပါသည်။ ကျမကဲ့သို့သော ဆရာတော်၏ အဆုံးအမဖြင့် နိဗ္ဗာန်ကို ထူးချွန်စွာ ရောက်ရှိသွားသော ကျမသူငယ်ချင်းတဦးလည်းရှိပါသည်။ ကျမတို့ကဲ့သို့သော လူများ ရဟန်းများ ဘယ်နှစ်ဦးရှိမည်နည်း။ စဉ်းစားချင့်ချိန်ကြည့်စေလိုပါသည်။
ဒါကြောင့် သာသနာတော်တွင် အစစ်ကိုအတု အတုကို အစစ်၊ အတုအစစ်ကောင်းကောင်းခွဲခြားနိုင်သော အသိဥာဏ်ရှိဘို့လိုအပ်ပါသည်။ မြတ်စွာဘုရားသာသနာတွင် နိုင်ငံခြားသားပေါင်းစုံ ရဟန်းဘ၀နှင့်သာသနာ ပြုနေကြပါသည်။ မဟုတ်မဟပ်စကားများဖြင့် ရဟန်းသိက္ခာကို စွန်းထင်းစေအောင် ပြောဆိုခြင်းမှ ရှောင်ကွင်းနိုင်ကြပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆရာတော့်အကြောင်းသိသမျှ ရေးသားလိုက်ရခြင်းဖြစ်ပါသည်ရှင်။ ပါရမီပါသူများအား ပုတ်ခတ်ပြောဆိုခြင်းဖြင့် မိမိရရှိရမည့် ပါရမီများ ကုသိုလ်များအား အကုသိုလ်ဖြင့် မလဲလှယ်စေလိုပါဟု...

မဟာမြိုင်ဆရာတော်ဦးဇောတိက၏ အဆုံးအမဖြင့် တရားအသိဥာဏ်အားရသင့်သလောက်ရသွားရသဖြင့် ဘ၀တွင် နေတတ်ထိုင်တတ်အောင် နည်းလမ်းကောင်းများအား ချီးမြှင့်ခဲ့ပါသော ဆရာတော်ဦးဇောတိက၏ ကျေးဇူးတော်တရားများအား ယခုစာစုဖြင့်ကန်တော့ပါ၏ဘုရား။

မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts