Tuesday, October 9, 2012

ဘ၀တခုဖြစ်ဘို့မလွယ်ကူဘူးဆိုတာ သိစေခြင်သူ ဆရာတော်ဘုရားကြီး


ရွှေဘိုတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပထမဆုံးတရားစခန်းဖွင့်စဉ်ကာလက ကျမတို့ဆရာ တပည့်တွေသည် မမဆွေ(ဒေါ်ခင်ခင်ဆွေ)ကို တရားစခန်းလိုက်ပို့ရင်းမှ ညပိုင်းတွင် ဆရာတော်ဘုရားကြီးထံ သို့ဆရာ၊ ဆရာ့သားဆယ်ပြားနှင့် ကျမတို့ဝပ်ပြုသွားကြသည်။ ထူးခြားသောစိတ်စွမ်းအင်များ(ရွှေဘို)တွင် ရေးသားထားပါသည်။ ထိုစဉ်က ဆရာတော်ဘုရားကြီးသည် ဆရာ့အား လူတဦးနှင့်သွားတွေ့ခိုင်းပါသည်။ ပြီးလျင် သွားမေးချည်၊ ဘယ်လို လူပြန်ဖြစ်လာသလဲလို့ လူဝင်စားဟုမိန့်ပါသည်။ ကျမတို့လည်း လူဝင်စားဟု ဆိုသဖြင့် အထူးစိတ်ဝင်စားသွားသည်။ ကျမသည် ခပ်ငယ်ငယ်ထဲက ဘ၀တွေဘယ်လိုဖြစ်လာသလဲဆိုသည် ကိုတော်တော်စိတ်ဝင်စားသလို၊ ၁၉၇၅ လောက်တွင် ကျမသူငယ်ချင်းဆရာဝန်မနှင့်ပေါင်းပြီး မန္တလေးတွင် သူ့အိမ်ကမေးခိုင်းလိုက်သော ဗေဒင်တွေ အကြားအမြင်တွေသူနှင့်အဖော်လိုက်သွားရင်းမှာ အကြားအမြင်များ ကိုစိတ်ဝင်စားလာသည်။
နောင်တွင် ကျမအား အိမ်မက်လာပေးရာ အိမ်မက်များသည် ဒက်ထိမှန်သောအခါတွင် ကျမသည်  ပိုစိတ်ဝင်စားသည့်အပြင် အကြားအမြင်ဆရာမများထံမေးမြန်းခြင်းပြုခဲ့သည်များကို နောင်တွင်ရေးသားပါမည်။ ယခုကျမရေးမည့်အကြောင်းအရာများကို ဆရာတော်ဘုရားကြီးနှင့် နီးစပ်သူအတော်များများသိကြပါသည်။
ဘ၀တခုပြန်ဝင်စားခြင်းလို့ဘဲဆိုကြပါစို့ရှင်။ ကျမတို့ဟာ ဆရာတော်ဘုရားကြီးပြောတဲ့အတိုင်းသူနဲ့ တွေ့ခဲ့ပါတယ်။ သူကားသေနတ်မှန်ပြီး မြင်းပေါ်က ပြုတ်ကျပြီး သေသွားတာလို့ပြောပြပါတယ်။ ကျမကတော့ သေနတ်မှန်ရင် အရမ်းခံစားရမယ်လို့ထင်တဲ့အတွက်သေနတ်မှန်တာလည်း သိခြင်လို့ဘယ်လို ခံစားရလဲလို့မေးမိပါတယ်။ ပူတာဘဲသိတယ်။ နာလားဆိုတော့မနာဘူး မှန်တဲ့နေရာမှာ ပူနေတယ်။ ရေငတ်တယ်။ အဲဒီအချိန်မှာရေဘဲတမ်းတတယ် ပါးစပ်ကလည်းရေ ရေ ရေပေးပါနဲ့အော်နေမိတယ်တဲ့။ နောက်တော့ သိပ်မကြာဘူးသူသေသွားပါတယ်တဲ့။ သူ့ကိုယ်သူသေမှန်းမသိဘူးတဲ့။ သူ့ရဲ့နာမ်က အနားမှာရှိတဲ့ သစ်ပင်ကြီးပေါ်မှာရောက်နေပြီး သူ့အလောင်းကို သူအပေါ်ကနေကြည့်နေတာဘဲတဲ့။ အဲဒီအထိလည်း သေတယ်လို့မယူဆဘူးတဲ့။ နောက်နေ့ကျတော့ သူ့အလောင်းကိုလာကောက်ကျတယ်တဲ့ အလောင်းလာကောက်တော့ အလောင်းနောက်ကနေသူကလည်းတပါတည်းလိုက်သွားရတယ်တဲ့။ အဲအိမ်ရောက်ပါပြီ။ သူကလည်းနဂိုအတိုင်းဗိုလ်နေမြဲ ကျားနေမြဲ သူလုပ်စရာရှိတာတွေလုပ်တယ်တဲ့။ သို့ပေမဲ့ သူက ပြောလိုက်ရင် ဘယ်သူမှသူ့လှည့်မကြည့်ဘူး။ သူ့ကိုလည်း ဘယ်သူကမှာလက်ခံစကားမပြောဘူးတဲ့။ သို့ပေမဲ့ သူဟာသေနေတယ်လို့အဲဒီအထိကိုမသိသေးဘူး။ ဒီလိုနဲ့ရက်လည်တဲ့နေ့ရောက်လာပါရောတဲ့။ ရောက်လာတော့ ဘုန်းကြီးတွေတရားနာတယ်။ ဆွမ်းသွတ်တယ်။ သူကလည်းတနေရာကနေကြည့် နေတယ်တဲ့။ အမျှလည်းဝေပြီးရော အိမ်စောင့်နတ်က သူ့ကိုနှင်ပါတော့တယ်။ မောင်းထုတ်တယ်။ အဲဒီမှာ သူက သူသေတာကိုသိတော့တာတဲ့။ သူမှာနေခွင့်မရှိတော့ဘူး။ သူဟာသေသွားတာပါလားလို့ သိလာတယ်။ ဒါနဲ့သူက အဲဒီအိမ်ကနေထွက်ပေးရတယ်တဲ့။ သူလည်း ငိုယိုပြီးတော့ပေါ့။ ဒါပေမဲ့ သူငိုယိုတာကို ဘယ်သူကမှ မသိဘူး။ သူ့အိမ်သားတွေကလည်း အမျှလည်းဝေရောငိုကြတယ်တဲ့။ သူလည်းစိတ်မချမ်းသာဘူး။ သေမှန်းလည်းသိ အိမ်စောင့်နတ်ကလည်း နှင်ထုတ်ပေါ့။ အဲနောက်ဆုံးအိမ်စောင့်နတ်၊ ရွာစောင့်နတ် အဆင့်ဆင့်နဲ့ သူကတောထဲရောက်လာတယ်တဲ့။ သူဟာ (၆)လတိတိ ပြိတ္တာဖြစ်နေပါတယ်တဲ့။ သူတို့နေရတဲ့ နေရာက ထန်းသီးဆံအခွံတွေအတွင်းမှာနေရတာတဲ့။ သူတို့ဟာ အများကြီးနေရတယ်တဲ့။ အကြောက်ဆုံးက နွားကျောင်းသားဘဲလို့ပြောပြပါတယ်။ ကျမက နွားကျောင်းသားကိုဘာကြောင့်ကြောက်တာလဲဆိုတော့ သူက နွားကျောင်းသားတွေက သူတို့လက်က အငြိမ်မနေဘူး။ နှင်တံနဲ့ဟိုရိုက်ဒီရိုက် ရိုက်တဲ့အခါ သူတို့လက်ချက်မိ ရင် သေမတတ်နာကျင်တယ်။ တခါတလေ ထန်းသီးခွံထဲကနေလွင့်သွားတတ်တယ်တဲ့။ ဒါကြောင့် နွားကျောင်းသားကိုအကြောက်ဆုံးဘဲလို့ပြောတယ်။
သူတို့ပြိတ္တာမှာလည်းအဆင့်ဆင့်ဘဲတဲ့။ အုပ်ချုပ်သူရှိတယ်တဲ့။ တခုခုဆို အဲဒီအကြီးအကဲရဲ့ခွင့်ပြုချက်ယူ ရတယ်တဲ့။ပြိတ္တာမှာလည်းအစားစားဘဲ။ အ၀တ်ရှိတဲ့ ပြိတ္တာ အ၀တ်မပါတဲ့ပြိတ္တာ ဖိနပ်ပါတဲ့ပြိတ္တာ ဖိနပ်မပါတဲ့ ပြိတ္တာ ခေါင်းဆောင်းပါတဲ့ပြိတ္တာ ခေါင်းဆောင်းမပါတဲ့ပြိတ္တာအစားစားရှိတယ်တဲ့။ ကျမက ဒါဆိုရင် လူဘ၀တုံးက ဖိနပ်လှူခဲ့တဲ့သူတွေဖိနပ်ပါမှာပေါ့လို့ပြောတော့ အဲဒါတော့မသိဘူး။ အဲဒီအချိန်တုံးက အောစကာရတဲ့ Ghost ကားကလည်း နာမည်ကြီးတဲ့ကာလနောက်ပိုင်းလောက်ပေါ့။ သူကတောမှာနေတယ် ရုပ်ရှင်လည်းမကြည့်တော့ အဲဒီလိုကားတွေကြည့်ပြီးပြောတာမဟုတ်ပေမဲ့ တစိတ်တဒေသဟာ အဲဒီကားထဲကနဲ့သဘောသဘာဝတူနေ တယ်လေ။ ဒါကလည်း အနောက်တိုင်းက ဘုရားဟောတွေအခြေခံပြီးရေးတာမျိုးတွေရှိတာကိုး။ ရှရှားစာရေး ဆရာကြီး လီယိုတောစတွိုင်းဆိုရင် မြတ်စွာဘုရားဟောတဲ့ သုတ္တန်တပုဒ်ကို မှီငြမ်းကိုးကားရေးထားခဲ့တဲ့ ဇတ်လမ်းတပုဒ်ရှိခဲ့တယ်။ နာမည်ကြီးတာကတော့ လီယိုပေါ့။
အဲဒီတော့ကျမက ဘာစိတ်ဝင်စားလဲဆိုရင် သူရွာကိုမသွားတော့ဘူးလားပေါ့။ သူကပြိတ္တာဖြစ်ပြီး (၂)လကြာတော့ ရွာကအိမ်ကိုပြန်သွားတယ်တဲ့။ အဲဒါလည်းအဆင့်ဆင့်ခွင့်ပြုချက်ယူရတာတဲ့၊ အိမ်စောင့်နတ်ကိုလည်း ၀င်ခွင့်တောင်းရ ရွာစောင့်နတ်လည်းဝင်ခွင့်တောင်းရတယ်တဲ့။ အိမ်ရောက်သွားတော့ သူ့အိမ်သားတွေက သူ့တောင်သတိမရတော့ဘူးတဲ့။ တငိုငိုတွေလည်းမရှိကြတော့ဘူးတဲ့။ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာ။ ဒါကမြင်တော့ စိတ်ဓါတ်တော်တော်ကျသွားတယ်။ ကိုယ်ကသာ ခက်ခက်ခဲခဲ အဆင့်ဆင့် ၀င်ခွင့်တောင်းပြီး လာခဲ့ရပေမဲ့ အိမ်လည်းရောက်ရော သူတို့ကသွားလာလှုပ်ရှားနေတာ ကိုယ့်ကိုသတိတောင် မရတော့ဘူး။ ငိုတာတော့ဝေးပေါ့။ ဒါနဲ့စိတ်ဓါတ်ကျကျနဲ့နေတဲ့နေရာပြန်လာခဲ့တယ်။ နောက်ထပ်လည်း သွားလည်ခြင်စိတ်လုံးဝမရှိတော့ဘူး။ ငါ့ဘ၀နဲ့ငါရှိပါစေတော့ဆိုပြီး။
ဟော(၆)လစေ့ရော ပြိတ္တာခေါင်းဆောင်ကခေါ်သတဲ့ မင်းဘယ်ရွာကိုသွား၊ ဘယ်မိန်းမဗိုက်ထဲကိုဝင်ပေါ့။ (သူက နာမည်ပြောပြပါတယ်။ကျမကသာနှစ်ကြာတော့မမှတ်မိတော့တာ)။ ဘာလို့ပြိတ္တာဘ၀ကကျွတ်တာလဲဆိုတော့ လူ့ဘ၀တုံးက ကုသိုလ်ကောင်းမှုတွေကကယ်တာ။ သားကိုရှင်ပြုခဲ့တယ်။ ဆင်းရဲတဲ့သူတွေကို ပေးကမ်းမှုပြု ခဲ့တယ်။ အဲဒီကောင်းမှုတွေက သူ့ကိုကယ်သွားတာလို့ပြောပြပါတယ်။ ဒါတွေကအထောက်အပံ့ ရိက္ခာတွေဘဲ။
ခေါင်းဆောင်ပြောတဲ့အတိုင်း ပြောတဲ့ရွာက အမျိုးသမီးဆီသွားရတယ်တဲ့။ ကျမကဘယ်လိုလုပ်ပြီး ဗိုက်ထဲဝင်ရ တာလဲလို့မေးမိတယ်။ အင်း အမှုန်လေးလုပ်ပြီးဝင်ရတာတဲ့။ အမှိုက်သေးသေးလေးလိုပေါ့တဲ့။ အဲဒီအမှုန်လိုလုပ်ပြီး အဲဒီအမျိုးသမီးသောက်မဲ့ရေထဲကို ခုန်ချရသတဲ့။ အဲရေကိုသောက်တဲ့အထဲမပါဘဲ သွန်တဲ့ရေထဲပါသွားရင် ထပ်ပြီးပြန်ကြိုးစားရသတဲ့။ အဲဒီလိုနဲ့ သနေ`္ဓတည်ပြီး ပြန်လူဖြစ်လာတာလို့ ပြောပြ ရှာပါတယ်။ သူ့ဇတ်လမ်းကိုနားထောင်ပြီးဆုံးတော့ ည(၁၁)နာရီ။ သူလည်းမောရော။ ကျမတို့လည်း မေးခြင်တာတွေမေးပြီး သူပြောတာတွေနားထောင်တာပေါ့။ ဆရာကမေးတယ်။ ပြန်မွေးလာတော့ကော အရင်ဘ၀က သားသမီးတွေ ဇနီးတွေ အကုန်မှတ်မိလားဆိုတော့မှတ်မိတယ်တဲ့။ သူ့အရင်ဘ၀က ဇနီးသည် အနားမှာဘဲ အနေများတယ်။ သူ့အ၇င်ဘ၀က အမျိုးတွေအုပ်စုထဲမှာဘဲ ပြန်ဝင်စားတာဖြစ်ပါတယ်။ သူမှန်းသိလာတာနဲ့ အကုန်ပြန်မှတ်မိပါတယ်တဲ့။
သူဟာ ဆရာတော်ဘုရားကြီးငယ်စဉ်မှာ သေနတ်မှန်ပြီးသေသွားသူဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက တဘ၀ဖြစ်နေချိန်မှာ သူကတော့ နှစ်ဘ၀ကိုကြုံခဲ့ရပါပြီ။ ဘာကြောင့်ဆရာတော်ဘုရားကြီးက မေးခိုင်းတာလည်း ဆိုတာလည်း သဘောပေါက်ပါတယ်။ ဘ၀ဆိုတာ ပြိတ္တာလည်းဖြစ်ခြင်ဖြစ်တတ်တယ်။ သံသရာကြီးဟာ တကယ်လည်နေတယ်ဆိုတာကို ဇာတိသရဥာဏ်ရတဲ့ သူ(အမည်ကိုချန်လှပ်ထားပါသည်)ကို သွားမေးခိုင်းတာသာဖြစ်ပါတယ်။ ကျမတို့ဆရာတပည့်တွေကို ဘ၀ရဲ့ကြောက်စရာကောင်းပုံတွေကို သိစေခြင်တဲ့ရည်ရွယ်ချက်နဲ့ဖြစ်မှာပါလို့မပြောလည်း ရိပ်မိပါတယ်။ ဆရာတော်ဘုရားရဲ့ ဝေနေယျ တော်တော်များများ ဟာလည်း ဒီအဖြစ်အပျက်အကြောင်းကိုသိကြပါတယ်။
ဒါကြောင့် ကျမ မကြာခဏစာစုထဲမှာ ရေးခဲ့တဲ့စကားလုံးလေးတွေရှိပါတယ်။ ထိုးဖေါက်မြင်နိုင်စွမ်းရှိတဲ့ သူတော်ကောင်းတွေ သံဃာတော်တွေ အဘိဥာဉ်နဲ့ယှဉ်တဲ့ ထူးချွန်တဲ့သံဃာတော်တွေက ဘ၀တွေ အကြောင်း၊ ထူးခြားတဲ့ မဟိန္ဓိဝိဇ္ဇာတွေအကြောင်းကို အများမမြင်နိုင်တာကို မြင်နိုင် အများမကြားနိုင် မသိနိုင်တာကို သိတာကြားတာတွေရှိပါတယ်။ အဲဒီလို ဆရာတော်ကြီးများ ရဲ့ အမှန်အတိုင်း အရှိအတိုင်းဖြစ်ပျက်နေတဲ့အကြောင်းတွေကို သိလို့ပြောတာကို လက်ခံတာက အမှားမပါနိုင်ဘူး။ မမြင်နိုင် မသိနိုင်ဘဲ ရမ်းသမ်းပြီး ပြောကြတာတွေက မခိုင်မာပါဘူး။ ဒါတွေက အထင်နဲ့မှန်းပြောကြတာပါ။
အထူးသဖြင့် ဝေဘူဆရာတော်ဘုရားကြီး တောင်ပေါ်ကပြုတ်ကျလို့ သေမလိုဖြစ်နေတဲ့အခါမှာ ဘာမှမစားဖြစ် နေတဲ့အချိန်မှာ ဆရာတော်ဘုရားကြီးရဲ့ ပါးစပ်ထဲကို အဟာရသိဒ`္ဓိဆေးလုံးကို ဘိုးတော်အောင်မင်းခေါင်ဆိုတဲ့ မဟိန္ဓိဝိဇ္ဇာကြီးကထည့်ပေးပြီးကယ်ခဲ့တဲ့ ဇတ်လမ်းကို ဆရာတော်ဘုရားကြီးသာမဟောခဲ့ရင် သိတောင်သိမှာမဟုတ်ပါဘူး။ ဆရာတော်ကြီးက အဲဒီအချိန်ကစပြီး ဝေဘူဆရာတော်ဘုရားကြီးဟာ သူများတွေက အစားကိုဆာလို့စားတာ။သူက မစားခြင်ဘဲနဲ့စားနေရတာတဲ့။ အဲဒီနောက်ပိုင်း ဝေဘူ။ ဝေဘူဆို နာမည်ကြီးလာတာဘဲတဲ့။ အသေခံပြီးကျင့်ကြံနေကြတဲ့ သံဃာတော်များ နည်းမှန်လမ်းမှန် အသက်တောင် စွန့်ဝံ့အောင်ကျင့်ကြံနေတဲ့ သံဃာတော်များကို မဟိန္ဓိဝိဇ္ဇာကြီးကကြည့်မနေပါဘူး။ ကယ်တင်ခဲ့ကြတာ ပါဘဲလားလို့ ကျမတော့ ဆရာတော်ဘုရားတရားကနေ မှတ်သားမိလိုက်ပါတယ်ရှင်။
ဘ၀ဆိုတာ တကယ်တော့ ဇာတိသရဥာဏ်မရလို့မသိကြတော့ ရတဲ့ဘ၀ကို အဟုတ်ထင်ပြီး မိုက်လုံးကြီး တွေဝေမိန်းမောနေကြတာတွေကို သတိနဲယှဉ်ပြီး ဘ၀များစွာဖြတ်သန်းလာတယ်။ ဒီဘ၀-သေချာတဲ့ လက်ထဲမှာရှိတဲ့လက်ရှိဘ၀ကို တန်ဘိုးထားရမှာက ပိုအရေးကြီးပါတယ်လို့ဘဲ။ လက်ရှိဘ၀ကို အလဟာသ ဖြစ်အောင် မနေမိ မထိုင်မိဘို့ သတိနဲ့ကြိုးစားရဦးမှာပါလို့။
(အဖြစ်မှန်ဖြစ်ပါသည် ကာယကံရှင်၏အမည်ကို မဖော်ပြလိုသဖြင့် ချန်လှပ်ထားခြင်းဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ ဆွေမျိုးထဲမှ တစ်ဦး၏ ဇတ်လမ်းဖြစ်ပါသည်)။



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts